သူငယ်ချင်းအဆင့်ကနေ တက်ချင်ရဲ့လားဆိုတာ သိနိုင်မယ့် လျို့ဝှက်အထာလေးတွေ
mystylemyanmar.com
|
2023-09-15

ငယ်ငယ်ကတည်းကဖြစ်စေ တက္ကသိုလ်ရောက်မှဖြစ်စေ အရမ်းခင်ရတဲ့ သူငယ်ချင်းကောင်လေးမျိုးရှိလား။ သူငယ်ချင်းအချင်းချင်း ချစ်သူတွေဖြစ်ကြတယ်ဆိုတာ ရှားတယ်လို့ ထင်ကြပါလိမ့်မယ်။ တစ်ချို့ကျတော့ Friend Zone ထဲက ဘယ်လိုရုန်းထွက်ရမလဲ မသိနိုင်တာကြောင့် ချစ်သူအဖြစ်ကိုမရောက်နိုင်ဘဲ တိတ်တခိုးအချစ်နဲ့သာ အဆုံးသတ်ရတာပါ။

တကယ်တော့ သူငယ်ချင်းအချင်းချင်း အချိန်တွေကြာလာတဲ့အခါ သံယောဇဉ်တွေပိုမိုကြီးထွားကာ ချစ်သူတွေဖြစ်သွားကြတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီနေ့မှာတော့ ကိုယ့်အနေနဲ့ သူငယ်ချင်းအဆင့်ကနေ တက်ချင်ပေမယ့် သူ့ဘက်ကရော သူငယ်ချင်းအဆင့်ကနေ တက်ချင်ရဲ့လားဆိုတာ သိနိုင်မယ့် လျို့ဝှက်အထာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) မျက်လုံးတွေက စကားပြောလာမယ်


မျက်လုံးအကြည့်တွေက တစ်ခုနဲ့တစ်ခု သိပ်မကွာဘူး ထင်ရပေမယ့်လည်း သူငယ်ချင်းအပေါ်ကြည့်တဲ့အကြည့်တဲ့ အချစ်ရဲ့ အငွေ့အသက်တွေပါနေတဲ့ အကြည့်က ထင်ထင်ရှားရှားကွဲပြားနေမှာဖြစ်ပါတယ်။ ကိုယ်နဲ့ ရုတ်တရက် အကြည့်ချင်းဆုံမိတဲ့အခါ ရှက်ကိုးရှက်ကမ်းနဲ့ ချက်ချင်းအကြည့်လွဲသွားမျိုး လုပ်မိလုပ်ရာတွေ လျောက်လုပ်မိတာမျိုး စကားတွေအယောင်ယောင်အမှားမှား ပြောနေတာမျိုးဆိုရင်တော့ သေချာပါတယ်။ သူ သင့်အပေါ်မှာ ခံစားချက်တွေရှိနေလို့ပါပဲ။

(၂) နှစ်ယောက်တည်းဒိတ်မယ်


သူငယ်ချင်းတွေတော်တော်များများ အဖွဲ့လိုက်ပဲ သွားကြလာကြ စားကြသောက်ကြနေကြတာပါ။ ဒီလိုမှမဟုတ်ပဲ အကြောင်းအမျိုးမျိုးပြပြီး သင့်နဲ့နှစ်ယောက်တည်း သွားလာဖို့ပြောလာမယ်ဆိုရင်တော့ အခြေအနေတော်တော်ကောင်းလာပါပြီ။ ၏၏

ဥပမာ နှစ်ယောက်တည်းရုပ်ရှင်သွားကြည့်မျိုး သူသွားချင်တဲ့နေရာတစ်ခုခုကို အဖော်လိုက်ခဲ့ခိုင်းတာမျိုး စားချင်တာလိုက်ကျွေးခိုင်းတာမျိုး ဒီလိုအမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ သင်နဲ့အတူတူ နှစ်ယောက်တည်းဒိတ်ချင်တယ်ဆိုရင်တော့ သင့်ဘက်က ဖွင့်ပြောဖို့သာ သတ္တိမွေးလိုက်ပါ။

(၃) အဆင်မပြေမှုတွေ ရင်ဖွင့်လာမယ်


မိန်းကလေးအများစုက မှီခိုစရာပခုံးတစ်ဖက်ကို လိုအပ်နေသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမှီခိုစရာ ပခုံးတစ်ဖက်ကလည်း သူတို့တကယ်ချစ်တဲ့သူတွေမှသာ လိုချင်ကြတာပါ။ ဒါကြောင့် သင့်အနေနဲ့ သူ့ကို အဆင်မပြေမှုတွေ အခက်ခဲတွေကို ပြောပြဖြစ်မယ်။ သူ့ဆီက နှစ်သိမ့်မှုတွေ ဖေးမအားပေးမှုတွေကို ကြားချင်လာမယ်ဆိုရင်တော့ သင်ဟာ သူ့ကို သူငယ်ချင်းတစ်ယောက်ထက် ပိုပြီး တွယ်တာလာပြီဆိုတာ သတိထားမိဖို့ လိုပါမယ်။

(၄) သဝန်တိုလာမယ်


သူငယ်ချင်းတွေဆို တော်ရုံစိတ်ကောက်လေ့မရှိပါဘူး။ အခန့်မသင့်လို့ စကားများရန်ဖြစ်ကြရုံကလွဲလို့ပေါ့။ ဒီလိုမှမဟုတ်ပဲ တစ်ခုခုဆိုစိတ်ဆိုးမယ် စိတ်ကောက်မယ်။ တခြားသူတွေနဲ့ အရောတဝင်နေတာမကြိုက်ဘူး။ Facebook ပေါ်မှာ Love React ပေးတာကအစ မကြိုက်တဲ့အမူအရာတွေ လုပ်ပြမယ်။ သဝန်တိုမယ် စသည်ဖြင့် လုပ်လာပြီဆိုရင်တော့ သင်ကို အချစ်တွေပိုနေပြီလို့ ယူဆလို့ရပါတယ်။

(၅) အချိန်တိုင်းစကားတွေပြောနေမယ်


ဆိုရှယ်မီဒီယာတွေမှာဖြစ်စေ ဖုန်းနဲ့ဖြစ်စေ အချိန်တိုင်းစကားတွေပြောနေတဲ့ သူငယ်ချင်းတွေဆိုတာ ရှားပါတယ်။ ပြောရင်လည်း သူငယ်ချင်းတွေအားလုံးရှိတဲ့ Group Chat တွေမှာသာ သူငယ်ချင်းတွေအကုန်လုံးနဲ့စုပြီး အာလူးဖုတ်ချင်ဖုတ်မှာပါ။ ဒီလိုမှမဟုတ်ပဲ သူနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း Persinal Chat Box ကနေ စကားတွေပြောမယ် မရှိရှိရာအကြောင်းအရာတွေ ရှာကြံပြီးပြောမယ် နောက်ဆုံးသီချင်းတွေ ဆိုပြမယ်ဆိုရင်တော့ သင့်ကို ချစ်နေပြီဆိုတာပါပဲ။




Some text some message..