ချစ်ဖို့ကောင်းအောင် သဝန်တိုကြမယ်
သဝန်တိုတယ်ဆိုတာ ချစ်သူရည်းစားတိုင်း၊ အိမ်ထောင်ရှင်တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ သဝန် တိုတာ နည်းလမ်းမမှန်ကန်တဲ့အခါ တစ်ဖက်သားအပေါ်မှာ ချစ်လို့သဝန်တိုတာဆိုတဲ့ပုံစံထက် ပြဿနာ ရှာချင်လို့၊ ချုပ်ချယ်ချင်လို့ လိုက်ပြောနေတဲ့ သဘောကို သက်ရောက်သွားစေပါတယ်။ ဒီတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကိုယ်ရဲ့ချစ်သူက ကိုယ့်အပေါ်မှာ ပိုချစ်လာစေမယ့် နည်းလမ်းတကျသဝန်တို နည်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ချစ်ခရီးလမ်းရှည်ကြီးကို အကြာကြီးသွားနိုင်ဖို့ဆိုရင် တည်တည်ငြိမ်ငြိမ် ချစ်နေရုံနဲ့မပြီးဘဲ စိတ်ခံစားချက်လေးတွေ လှုပ်ခတ်သွားအောင် သဝန်တိုပေးဖို့လည်း လိုပါတယ်။ နည်းလမ်း တကျနဲ့ ချစ်ဖို့ကောင်းအောင် ဘယ်လိုသဝန်တိုရမလဲ ဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) သဝန်တိုရတဲ့ အကြောင်းအရင်းကို သေချာစဉ်စားပါ။
အရင်ဆုံး သဝန်တိုတဲ့စိတ် ဖြစ်လာရတဲ့အကြောင်းအရင်းကိုရှာပါ၊ အကြောင်းအရင်းကို သိမှသာ ဘာကြောင့်သဝန်တိုစိတ်ဖြစ်ရတာလဲ၊ ဘယ်လိုပြောင်းလဲရမလဲဆိုတာကို နားလည်မှာပါ။ စုံတွဲတိုင်းမှာ သဝန်တိုတဲ့ ခံစားချက်တစ်ချိန်မဟုတ်တစ်ချိန်တော့ ဖြစ်တတ်ကြပါတယ်။ တချို့သောသူတွေမှာတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်နည်းတာ၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုလျော့နည်းတာ၊ စိတ်ဒဏ်ရာတွေ ရခဲ့ဖူးတာ၊ စိုးရိမ်ပူပန်စိတ်ကြီးတာနဲ့ စိတ်မလုံခြုံမှုကို ခံစားရသူတွေမှာ သဝန်တိုစိတ်က ပိုပြီးခံစားရလွယ်နိုင် ပါတယ်။
သဝန်တိုတဲ့စိတ်တွေ ဘာကြောင့်ဖြစ်လာရတာလဲဆိုတာကို နားလည်ဖို့ အချိန်ယူပြီး စဉ်းစားတာက မကောင်းတဲ့ စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ်။ သင်ရဲ့ သဝန်တိုစိတ်က သင့်ချစ်သူနဲ့ ပတ်သက်ပြီး စဉ်းစားဖို့လိုအပ်တဲ့ အရေးကြီးတဲ့ မက်စေ့ချ်ပေးနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သဝန်တိုတိုင်း ကောင်းတာ မဟုတ်တဲ့အတွက် သဝန်တိုသင့်၊ မတိုသင့်ကို အရင်စဉ်းစားဖို့ ပြောချင်ပါတယ်။
(၂) ချစ်သူကို အပြစ်တင်နေမယ့်အစား စိုးရိမ်ပူပန်မှုကို ပြပါ။
အကြောင်းကိစ္စတစ်ခုဖြစ်လာလို့ ပြောစရာရှိလာရင် ရန်လိုစိတ်တိုပြီး စွပ်စွဲပြောတဲ့လေသံနဲ့ ပြောတဲ့အခါ တစ်ဖက်ကလည်း သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ အချေအတင် ပြန်လည်ပြောဆိုတော့မှာ ဖြစ်ပါတယ်။ ဒီလို လုပ်တာဟာ နှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးမရှိဘဲ အချိန်တွေကြာတာနဲ့အမျှ တင်းမာမှုတွေက ပိုဆိုးလာ တော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မသေချာသေးတဲ့ ကိစ္စတစ်ခုကို စိတ်တိုအော်ဟစ်ပြီး စွပ်စွဲနေမယ့်အစား ချစ်တာဖြစ်တဲ့အတွက် စိုးရိမ်တဲ့သဘောဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်း၊ အေးဆေးတဲ့ အမူအရာနဲ့ ပြောပါ။ ဒါဆိုရင် တစ်ဖက်သားအနေနဲ့လည်း နားလည်မှုလွဲတာတွေ၊ အထင်အမြင် လွဲမှားနေတာတွေကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။ အပြစ်တင်စွပ်စွဲမယ့်အစား ကိုယ်ဘယ်လို ခံစားနေရတယ်ဆိုတဲ့ ခံစားချက်ကို ထုတ်ဖော်ပြောပါ၊ ဒါမှသာ တစ်ဖက်သားအနေနဲ့လည်း သူ့အပေါ် တကယ်ချစ်လို့ ဒီလိုခံစားချက်ဖြစ်ရတာပဲ ဆိုပြီး ပိုလို့တောင် ချစ်ပေးဦးမှာပါ။
၃။ သင့်ခံစားချက်တွေကို တစ်ဖက်သားနားလည်ဖို့ အချိန်ယူရမယ်ဆိုတာကို သိထားပါ။
သူက ကိုယ်မဟုတ်ဘူး ဆိုတဲ့ စကားလိုပါပဲ၊ သင်ခံစားရတာက သင့်ခံစားချက်သပ်သပ်ပါ။ တစ်ဖက် သားအနေနဲ့ နားလည်မယ်လို့ ကျိန်းသေယူဆလို့ မရပါဘူး။ သူတို့နားမလည်ခင်မှာ အချိန်ကြာကြာ စကားတွေ အများကြီးပြောပြရနိုင်ပါတယ်။ ဒါကြောင့် သင်ရဲ့ခံစားချက်တွေကို နားမလည်ရကောင်းလား ဆိုပြီး စိတ်လည်း မဆိုးပါနဲ့၊ ဒါလေးတောင် မသိရကောင်းလားဆိုပြီး တစ်ဖက်သားအပေါ်မှာလည်း အပြစ်တင်ဖိအားပေးတာမျိုး မလုပ်မိပါစေနဲ့။ အချစ်စိတ်ကြောင့်ဖြစ်လာတဲ့ သဝန်တိုစိတ်က ပိုချစ်စေဖို့အတွက်ကိုပဲ ရည်ရွယ်ပါ၊ အမုန်းပွား မယ့်ဘက်ကို ရောက်စေမယ့် စကားလုံးတွေကို သတိထားရှောင်ပါ။ ပြီးတော့ သူစဉ်းစားနိုင်ဖို့ အချိန်ပေးလိုက်ပါ၊ စဉ်းစားနေချိန်မှာလည်း ဘာမှထပ်ပြီးမပြောပါနဲ့၊ အဆက်အသွယ်မလုပ်ပါနဲ့၊ မတွေ့ပါနဲ့။ အကြောင်းအရာတစ်ခုက ကိုယ်တိုင်နားလည်ပြီး လက်ခံထားတာမှမဟုတ်ရင် တစ်ဖက်သားကို နားလည်ပေးဖို့ဆိုတာ မလွယ်ကူဘူး မဟုတ်လား။
(၄) ကြင်နာမှုနဲ့အတူ စိတ်ရှည်သည်းခံပါ။
သင်ရဲ့ သဝန်တိုမှုကို ပြောပြဖို့ ကြိုးစားတဲ့အခါ တစ်ဖက်မှာလည်း သူရဲ့ကိုယ်ပိုင်စိတ်ခံစားချက်ရှိနေ သေးတယ်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ရဲ့ တချို့သောအပြုအမူတွေ လုပ်ရပ်တွေဟာ ချစ်လို့ သဝန်တိုတဲ့ပုံစံထက် မနာလိုလို့ ပြောတယ်ဆိုပြီးအထင်ခံရတဲ့အခါ တစ်ဖက်က ဒေါသနဲ့တုံ့ပြန်လာမယ်ဆိုရင် အခြေအနေမကောင်းပါဘူး။ နီးစပ်ဖို့ထက် ဝေးဖို့လမ်းက များနေပါပြီ။
သင်ရဲ့ခံစားချက်ကို သိရှိနားလည်နိုင်စေဖို့အတွက် တစ်ဖက်သားအပေါ်မှာ လေးစားမှုနဲ့ နားလည်မှုပေး ဖို့လိုပါတယ်၊ ဒါမှသာ မှန်ကန်တဲ့နည်းလမ်းနဲ့ ကျိုးကြောင်းသင့်လျော်စွာ ညှိနှိုင်းတိုင်ပင်နိုင်မှာဖြစ်ပါတယ်။ လေးစားမှုနဲ့ နားလည်မှုပေးတယ်ဆိုတာ အချိန်တစ်ခုပေးပြီး စဉ်းစားခိုင်းထားတာကို ပြောချင်တာပါ။ ဒီလို အချိန်ယူစဉ်းစားခိုင်းတဲ့နည်းက သင်ရဲ့ သဝန်တိုမှုကို အကောင်းဆုံးနည်းလမ်းနဲ့ ဖော်ပြနေတာပဲဖြစ်ပါတယ်။
(
၅) စုံတွဲကုထုံးကို စမ်းကြည့်ပါ။
ဘာနည်းလမ်းပဲသုံးသုံး အဆင်မပြေဘူး၊ ကိုယ့်ကို သူကနားမလည်၊ သူက ကိုယ့်ကို နားမလည် ဖြစ်နေတယ် ဆိုရင်တော့ စုံတွဲကုထုံးကို သုံးသင့်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ကျွမ်းကျင် ပညာရှင်နဲ့ ဆွေးနွေး တိုင်ပင်ကြည့်လိုက်ပါ။ ဒီကုထုံးက သင်တို့နှစ်ယောက်ကြားမှာရှိတဲ့ မပြေလည်တဲ့ ပြဿနာအများစုကို ဖြေရှင်းပေးနိုင်ပါတယ်။
စုံတွဲကုထုံးကို ယူတဲ့အခါမှာလည်း ဘာကိုမှ စိုးရိမ်မနေဘဲ သင်ခံစားနေရတဲ့ အရာအားလုံးကို ဖွင့််ဟ ပြောပါ။ သင့်ထင်မြင်ယူဆချက်တွေက မှားနေတယ်လို့ သံသယရှိရင်တောင် ထုတ်ပြောပါ၊၊ ပညာရှင်က ကောင်း မွန်သင့်တင့်တဲ့ ဖြေရှင်းနည်းတွေနဲ့ သင်တို့ရဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့အောင် ပြုလုပ်ပေးပါလိမ့်မယ်။
အချစ်ရေးမှာ သဝန်တိုတာက ပုံမှန်ဆိုပေမယ့် သဝန်တိုတဲ့ အကြိမ်ရေအရမ်းများလာရင်တော့ သေချာ ပြန်စဉ်းစားကြည့်ဖို့လိုပါပြီ။ ထင်နေသလို တကယ်ကောဟုတ်ရဲ့လား၊ တကယ်ပဲ သဝန်တိုသင့်တာလားဆိုတာ စဉ်းစားပါ။ သင့်အပေါ်မှာ လုပ်ပေးခဲ့ဖူးတဲ့ ကျေးဇူးတင်စရာကောင်းတဲ့အရာတွေကို အကောင်းမြင်စိတ်နဲ့ ပြန်စဉ်းစားပါ။ ပြီးနောက် ပွင့်လင်းမြင်သာမှုရှိရှိ ကိုင်တွယ်ဖြေရှင်းမှသာ နှစ်ဦးသားရဲ့ ချစ်နှောင်ကြိုးက ပိုမိုခိုင်ခံ့ပြီး ပိုအချစ်ခံမှာ ဖြစ်ပါတယ်လို့ အကြံပြုရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေရှင်…။
-သဇင်ဖြူဖြူထွေး