မိသားစုထဲမှာ စရိုက်လက္ခဏာ ဖောက်ပြန်နေတဲ့သူရှိလား
byohls.com
|
2024-02-08

            စရိုက်လက္ခဏာဖောက်ပြန်ခြင်းကို Narcissist လို့ခေါ်ပါတယ်။ Narcissist သမားတွေရဲ့စိတ်နေစိတ်ထားက အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တာထက်ကို ပိုတယ်လို့ပြောနိုင်ပါတယ်။ သူတို့မှာ ကိုယ်ချင်းစာစိတ်ဆိုတာလည်း ကင်းမဲ့သလို လူအများရှေ့မှာလည်း အရမ်းကို ဟန်ဆောင်ကောင်းကြတဲ့ မျက်နှာနှစ်ခုနဲ့ လူတွေပါ။ အဲဒီလိုစရိုက်လက္ခဏာဖောက်ပြန်တယ်ဆိုတာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ Narcissist တွေကို ကုသနိုင်တဲ့နည်းလမ်းဆိုတာ ယနေ့ထိတော့ မရှိသေးပါဘူး။ ဒီဆောင်းပါးလေးထဲမှာတော့ ကိုယ့်မိသားစုအတွင်း စရိုက်လက္ခဏာဖောက်ပြန်နေတဲ့သူရှိရင် အဲဒီလူနဲ့ ဘယ်လိုအဆင်ပြေအောင် နေထိုင်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

၁။ သူတို့ကို Narcissist (စရိုက်လက္ခဏာဖောက်ပြန်နေသောသူ)လို့ မပြောပါနဲ့။

             စိတ်သဘောထားမတိုက်ဆိုင်တာမျိုး ကြုံလာမယ်ဆိုရင်တောင် သူတို့ကို Narcissist လို့ မပြောပါနဲ့။  Narcissist တွေမှာ ဆန့်ကျင်ချင်တတ်တဲ့စိတ်ထားတွေ ရှိပါတယ်။ ကြိတ်ပြီး စိတ်ဒုက္ခပေးတဲ့ထဲမှာ သူတို့ ပါတယ်။ သူတို့ရဲ့အပြုအမူတွေကို ဘယ်တော့မှ မဆန်းစစ်တတ်သလို ဘယ်သူနဲ့ယှဉ်ယှဉ် သူတို့ကသာ အတော်ဆုံးလို့ စိတ်ထဲမှာ သတ်မှတ်ထားတတ်သူတွေဖြစ်တယ်။ သူတို့ကို စရိုက်လက္ခဏာဖောက်ပြန်နေတယ်လို့ ပြောလိုက်ရင် ဆက်ဆံရေးတွေ ပိုပြီးဆိုးရွားလာနိုင်သလို ကိုယ့်ကိုလည်း စိတ်ဒုက္ခတွေ ပိုပေးလာနိုင်ပါတယ်။

၂။ အငြင်းမပွားပါနဲ့။

            Narcissist သမားတွေနဲ့ အငြင်းပွားမယ်ဆိုရင် သေချာတာတစ်ခုက သင် ရှုံးမှာပါပဲ။ သူတို့က စကားလည်း အရမ်းတတ်သလို တစ်ဖက်သားကို နစ်နာအောင် လုပ်ကြံပြောဆိုတဲ့နေရာမှာလည်း ဆရာကျသူတွေပါ။ ကိုယ်ချင်းစာစိတ်လည်း ကင်းမဲ့တဲ့အတွက် သင့်ကိုလည်း အပြစ်ပုံချနိုင်ပါသေးတယ်။ သူတို့ရဲ့ စိတ်ထဲမှာ သူတို့က နစ်နာသူလို့သာ တစ်သမတ်တည်း သတ်မှတ်ထားပြီး မိသားစုဝင်တွေရဲ့ ခံစားချက်ကိုတောင် ကောင်းကောင်း လျစ်လျူရှုတတ်ကြသူတွေဖြစ်ပါတယ်။

၃။ သူတို့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။

            Narcissist တွေကို ပြောင်းလဲဖို့ ကြိုးစားမယ့်အစား သူတို့နဲ့အဆင်ပြေအောင် နေလို့ရမယ့် နည်းလမ်းတွေကိုသာ စဉ်းစားသင့်ပါတယ်။ သူတို့ မကြိုက်တဲ့အရာတွေကို သတိထားပြီး လေ့လာပေးပါ။ ကိုယ်လက်မခံနိုင်တဲ့အရာတွေကိုလည်း သူတို့သိနေအောင် ပြတ်ပြတ်သားသား သတိပေးပါ။ သူတို့ရဲ့ မကြာခဏ အပြစ်ရှာနေတတ်တဲ့စိတ်ကို လက်သင့်မခံဘဲ သေသေချာချာ ရှင်းပြပြီး စိတ်ထဲမှာ ရှိနေတဲ့ အဖုအထစ်တွေကို ရှင်းပစ်ပါ။

၄။ ကိုယ့်အားနည်းချက်တွေကို ပေးမသိပါနဲ့။

            Narcissist ဖြစ်နေတဲ့သူတွေက ကိုယ့်ရဲ့မိဘဖြစ်နေရင်တောင် ကိုယ့်ပြဿနာတွေ၊ အားနည်းချက်တွေကို လိုတာထက်ပိုပြီး ပေးမသိပါနဲ့။ လိုတာထက်ပိုပြီးလည်း မတိုင်ပင်ပါနဲ့။ စိတ်သဘောထားမတိုက်ဆိုင်တာမျိုး ကြုံတဲ့အခါ ကိုယ့်အားနည်းချက်တွေကို နင်းပြီး စိတ်ဒုက္ခပေးတတ်တဲ့သူတွေက Narcissist တွေပါပဲ။ ကိုယ်ချစ်ခင်ရတဲ့သူတွေဆီက အမုန်းစကားတွေ ကြားရတာမျိုးက အကြိမ်ရေ များလာရင် ကိုယ့်စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။                                                      




Some text some message..