သဝန်တိုခြင်းရဲ့ အဆိပ်သင့်မှုများ
byohls.com
|
2024-03-29

သဝန်တိုခြင်းက ချစ်သူ၊ သမီးရည်းစားနဲ့ အိမ်ထောင်ဘက်ဆက်ဆံရေးတွေကို ပြိုကွဲပျက်စီးစေနိုင်တဲ့ စိတ်ခံစားချက်တစ်ခုပါ။ ကိုယ့်ချစ်သူကောင်လေးက တခြားအမျိုးသမီးတစ်ယောက်အပေါ် လေးစားတာကို မကြိုက်တာမျိုးဖြစ်ဖြစ်၊ ကိုယ့်ချစ်သူကောင်မလေးက တခြားကောင်လေး တစ်ယောက်ကိုစိုက်ကြည့်နေတာကို မနှစ်မြို့တာမျိုးမျိုးဖြစ်ဖြစ်၊ ဒါတွေဟာ သဝန်တိုတဲ့စိတ်ခံစားချက်တွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူနှစ်ဦးကြား အမြဲ သဝန်တိုနေမယ်ဆိုရင် သင်တို့ရဲ့ဆက်ဆံရေးကို ရှေရှည်မှာ ခက်ခဲစေပါလိမ့်မယ်။

သဝန်တိုရခြင်းအကြောင်းတွေ များစွာ ရှိပေမယ့် များသောအားဖြင့် အကျင့်စရိုက်နဲ့ပဲ တိုက်ရိုက် သက်ဆိုင်ပါတယ်။ စိတ်ထဲမှာ ကြောက်စိတ်ကိန်းဝပ်နေတဲ့သူ၊ မလုံခြုံဘူးလို့ ခံစားနေရတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းနည်းသူတွေက သဝန်တိုကြတာ များပါတယ်။ ကြောက်စိတ်ဝင်နေတဲ့သူတွေဆိုတာ ချောက်ချားပြီး ကြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အားကိုယ် မကိုးရဲတဲ့သူ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိသူတွေနဲ့ ကိုယ်မှီခိုနေတဲ့သူတွေ ပျောက်ကွယ်သွားမှာကို ကြောက်နေတတ်တဲ့သူတွေပါ။

သဝန်တိုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အပြုအမူ၊ အပြောအဆိုနဲ့ ဆက်ဆံပုံတွေက ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ သူကလွဲရင် သင့်ဘဝမှာ ဘယ်သူမှ ထပ်မရှိဖို့နဲ့ တခြားသူနဲ့ ဘာကြောင့်ပဲဖြစ်ဖြစ် ပတ်သက်တာကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ သူ့နေရာကိုလည်း တခြား ဘယ်သူမှ ဝင်မယူနိုင်အောင် အကြိမ်ကြိမ် အခါခါ သေချာအောင်စစ်ဆေးနေတဲ့သူတွေမို့ သိပ်စိတ်ညစ်စရာကောင်းပါတယ်။ သဝန်တိုနေတဲ့သူက သူ့ချစ်သူရဲ့လှုပ်ရှားမှုတိုင်း၊ သွားတတ်တဲ့နေရာ၊ လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောထားတဲ့မက်ဆေ့ချ်တွေ၊ ဖုန်းထဲက အဝင်ခေါ်တွေကို မလွတ်တမ်း စောင့်ကြည့်နေမှာပါ။ ဒီလိုအပြုအမူတွေက ချစ်သူကို ထိခိုက်စေပြီး ကိုယ်ကျင့်သိက္ခာကိုလည်း လေးစားမှုမရှိတာမျိုးဖြစ်တာကြောင့် ကြာရင် ချစ်သူနှစ်ဦးဆက်ဆံရေး ပြတ်တောက်သွားမှာ အသေအချာပါပဲ။

 ချစ်သူစုံတွဲတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုထားပြီးသာ ဖြတ်သန်းသင့်ပါတယ်။ ဘာမဆိုအသေးစိတ်လေးကအစ ယုံကြည်မှုမရှိဘဲ သဝန်တိုနေမယ်ဆိုရင် ကြာလာတဲ့အခါ တစ်ဖက်လူက အသက်ရှူကြပ်လာနိုင်ပါတယ်။ သဝန်တိုတာဟာ လွန်လွန်ကျူးကျူး မဖြစ်ဖို့ လိုပါတယ်။  ကိုယ်ချစ်တဲ့သူကို ကိုယ်ပိုင်အချိန်တစ်ခု ပေးဖို့လည်း လိုပါတယ်။ သူ့လုပ်ငန်းခွင်အတွင်း ပတ်သက်ဆက်ဆံမှုတွေကို အသေးစိတ် စပ်စုနေတာမျိုး မလုပ်ဘဲ အတိုင်းအတာတစ်ခုထိ လွှတ်ထားပေးပါ။ ကိုယ့်ချစ်သူအပေါ်ကို အရမ်းကြီး မမှီခိုဘဲ ကိုယ့်စိတ်ကို တတ်နိုင်သလောက် ထိန်းချုပ်သင့်ပါတယ်။ သာယာတဲ့အချစ်ရေး၊ အိမ်ထောင်ရေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ယုံကြည်မှု၊ နားလည်မှု၊ လေးစားချစ်ခင်မှုတို့နဲ့သာ ချည်နှောင်ပါလို့ အကြံပြုလိုက်ပါရစေနော်။




Some text some message..