တခြားသူတွေနဲ့ ဝေမျှမသုံးစွဲသင့်တဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းများ
byohls.com
|
2024-04-01

            လူတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ ရင်းနှီးသည်ဖြစ်စေ အတူမျှဝေ မသုံးစွဲသင့်တဲ့ ပစ္စည်းတွေ ရှိပါတယ်။ တွဲမသုံးသင့်တဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတဲ့အခါ မှိုနဲ့ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားစေတယ်။  ဒါ့အပြင် ကျန်းမာရေး ထိခိုက်တဲ့အထိ ဆိုးကျိုးသက်ရောက်စေတယ်။ မျှဝေမသုံးစွဲသင့်တဲ့ ပစ္စည်းတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ လက်သည်းညှပ်

            လက်သည်းခြေသည်းလေးတွေမှာ ပိုးမွှားတွေ အလွယ်တကူ ခိုကပ်နိုင်ပြီး မှိုရောဂါလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်သည်းညှပ်တွေကို သူများနဲ့ ဝေမျှသုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ တကယ်လို့ သူငယ်ချင်း တစ်ယောက်ယောက်အတွက် လိုအပ်လို့ မဖြစ်မနေ ပေးသုံးရမယ်ဆိုရင်တောင် သူ့ကို ပေးမသုံးခင်နဲ့ သူ အသုံးပြုပြီးအချိန်မှာ အရက်ပြန်နဲ့ သေချာ ဆေးရပါမယ်။ အရက်ပြန်မရှိဘူးဆိုရင် ပိုးသတ်ထားတဲ့ လက်သည်းဖျက်ဆေးကို အသုံးပြုပြီး သန့်ရှင်းလို့ ရပါတယ်။ လက်သည်းညှပ် သာမကဘဲ ဇာဂနာ၊ ဂျုတ်ဓား အစရှိတာတွေကိုလည်း ဒီနည်းအတိုင်း သန့်ရှင်းနိုင်ပါတယ်။

၂။ ဂျုတ်ဓား

            ဒါကိုတော့ လုံးဝ မျှဝေမသုံးစွဲသင့်ပါဘူး။ ဂျုတ်ဓားနဲ့ ရိတ်လိုက်တဲ့အခါ အမွေးအမျှင်တွေ ဖယ်ရှားလိုက်ရုံတင်မကဘဲ အရေပြားဆဲလ်တွေနဲ့ အပေါ်ယံအလွှာမှာ ရှိတဲ့ ဘက်တီးရီးယားတွေပါ ကပ်ပါသွားတတ်တယ်။ ဂျုတ်ဓားသုံးတဲ့အခါ မတော်တဆ ထိရှတာမျိုး ဖြစ်နိုင်တယ်။ သွေးထွက်တဲ့အခါ ရောဂါပိုးတွေ ပိုမိုကူးစက်လာနိုင်တယ်။ ဒါကြောင့် တစ်ပါးသူတွေရဲ့ဂျုတ်ဓားကိုလည်း ငှားမသုံးသင့်သလို ကိုယ့်ဆီက ငှားလာရင်လည်း လုံးဝ ပေးမသုံးပါနဲ့နော်။

၃။ ကိုယ်တိုက်ဖော့

            ရေချိုးတဲ့အခါမှာ အသုံးပြုတဲ့ ဖော့တွေ၊ ကိုယ်တိုက်အထည်တွေဟာ ဘက်တီးရီးယားပေါက်ဖွားရာ နေရာတစ်ခုဖြစ်တယ်လို့ အလှအပနဲ့ အရေပြားဆိုင်ရာ ပညာရှင်တွေ ဆိုကြတယ်။ ဒါကြောင့် ကိုယ်တိုက်ဖော့တွေ သုံးမယ့်အစား ကိုယ့်ရဲ့လက်တွေကိုပဲ သုံးပြီး သန့်ရှင်းရေးလုပ်ပါ။ တစ်ယောက်တည်း သုံးရင်တောင် ဘက်တီးရီးယားတွေ ပေါများလွန်းတာကြောင့် မျှဝေသုံးစွဲဖို့ဆို လုံးဝ မဖြစ်သင့်ပါဘူး။

၄။ ဆပ်ပြာတုံး

            ရေ တစ်ခါ ချိုးတဲ့အခါ ဆပ်ပြာတုံးတွေမှာ ဘက်တီးရီးယားတွေ ကပ်ပါနိုင်ပါတယ်။ ဒါကြောင့် ဆပ်ပြာတုံးတွေကို မိသားစုသုံး ရေချိုးခန်းတွေမှာ အသုံးမပြုသင့်ပါဘူး။

၅။ မျက်နှာသုတ်ပဝါ

            မျက်နှာသုတ်ပဝါတွေကလည်း ကိုယ်တိုက်ဖော့တွေလိုပါပဲ။ ရေချိုးပြီးချိန်မှသာ အသုံးပြုတယ်ဆိုပေမယ့် မျက်နှာသုတ်ပဝါတွေကို အသုံးပြုပြီး စိုထိုင်းထိုင်း ဖြစ်နေချိန်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တာကြောင့် မျှဝေမသုံးစွဲသင့်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

            ဒီပစ္စည်းတွေအပြင် မျှဝေမသုံးစွဲသင့်တဲ့ တခြားသော ပစ္စည်းတွေလည်း အများကြီး ရှိပါသေးတယ်။ အခုဖော်ပြခဲ့တာတွေကတော့ မိသားစုဝင်အချင်းချင်း အလွယ်တကူ မျှဝေသုံးစွဲမိလေ့ ရှိကြတာကြောင့် ရောဂါကူးစက်မှုတွေ မဖြစ်ရလေအောင် ရွေးထုတ်ပြလိုက်တာတွေ ဖြစ်ပါတယ်။




Some text some message..