အချစ်ရေးမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေတဲ့ လက္ခဏာများ
mystylemyanmar.com
|
2024-04-24

အချစ်ရေးတစ်ခုမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေတဲ့အခါမှာတော့ ဘယ်တော့မှ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ သမီးရည်းစားနှစ်ဦးကြားမှာလည်း အမြဲဆိုသလို အဖုအထစ်တွေနဲ့ ပြည့်နှက်နေမှာဖြစ်ပြီး အမြဲတစေ စိတ်ညစ်နေရမှာဖြစ်ပါတယ်။

အသေးအဖွဲလေးကအစ ပွတ်တိုက်မှုတွေ များလာတဲ့အခါ နောက်ဆုံးမှာတော့ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ကာ ပြတ်စဲကြရမှာဖြစ်ပါတယ်။ ဒါဆိုရင် နှစ်ဦးသားရဲ့ အချစ်ရေးမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေကြောင်း ဘယ်လိုသိရှိနိုင်မလဲ။

တစ်ယောက်နဲ့ တစ်ယောက် ဖေးမ ထောက်ပံ့မှုများ မရှိခြင်း


Healthy Relationship ဆိုတာ အခြားတစ်ယောက် အောင်မြင်ပျော်ရွှင်နေတာကို မြင်တဲ့အခါ ကျန်တစ်ယောက်က ပျော်ရွှင်ရပြီး ထိုသူအောင်မြင်ဖို့ရန်အတွက် ဘေးနားကနေ ပါရမီဖြည့်ပေးတာဖြစ်ပါတယ်။ဒါပေမဲ့ သင့်ရဲ့ အချစ်ရေးဟာ အဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေမယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက်ကြား ထောက်ပံ့ပေးမှုတွေ၊ အားပေးမှုတွေ ပျောက်ကွယ်သွားပြီး တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေမှာ ဖြစ်ပါတယ်။

တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုဆက်ဆံမှု နည်းပါးခြင်း


စကားပြောတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်မှာ ကြင်နာရမယ့်အစား အရွဲ့တိုက်တာတွေ များလာမယ်။ မထိခလုတ် ထိခလုတ် ပြောဆိုလာကြမယ်။ အခြားတစ်ယောက်က ဖုန်းဆက်တဲ့အခါမှာလည်း ကိုင်ချင်မှ ကိုင်တော့တာမျိုး၊ စကားကောင်းကောင်း မပြောဘဲ ရန်စောင်နေတဲ့ စကားလုံးမျိုးနဲ့ ထိုးနှက်လာကြပါတယ်။ တဖြည်းဖြည်းနဲ့ လမ်းခွဲရတာမျိုး၊ ကွာရှင်းပြတ်စဲရတာမျိုးတွေနဲ့ ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။

မနာလို ဝန်တိုခြင်း


ရံဖန်ရံခါမှာ သဝန်တို အူတိုတာမျိုးတွေက ဖြစ်လေ့ရှိကြပါတယ်။ သို့သော် သာမန် သဝန်တိုတာထက် လွန်ကဲပြီး ရှိသမျှ လူတိုင်းနဲ့ သဝန်တိုနေခြင်းကြတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုမရှိတာ ဖြစ်သွားပါတယ်။

တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုရှိတဲ့အခါ သဝန်တိုခြင်းတွေ မရှိတော့ဘဲ ချစ်ခြင်းမေတ္တာတစ်ခုတည်းသာ ကျန်ခဲ့ပြီး သင်တို့ရဲ့အချစ်ရေးဟာ ပျော်ရွှင်စရာများနှင့်သာ ပြည့်နှက်နေတော့မှာဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ထိန်းချုပ်လွန်းခြင်း


ဘယ်သွားနေသလဲ။ ဘာလုပ်နေသလဲ။ ဘယ်သူနဲ့ သွားမှာလဲ။ ဟိုဟာမလုပ်ရဘူး။ ဒီဟာမလုပ်ရဘူး စသည်ဖြင့် ကန့်သတ်ချုပ်ချယ်တာတွေ များလွန်းနေပါသလား။ ဒီအပြုအမူသည်လည်း အဆိပ်အတောက်ဆန်တဲ့ အပြုအမူပဲဖြစ်ပါတယ်။

ဘယ်လောက်ပဲ တစ်ယောက်နဲ့တစ်ယောက်ဟာ ချစ်ကြိုက်ပြီး တွဲကြသည်ဖြစ်စေ၊ လက်ထပ်ကြသည်ဖြစ်စေ တစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အခြားတစ်ယောက်က လေးစားဖို့လိုအပ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ထိန်းချုပ်လွန်းတဲ့အခါ ကြာလာရင် အနေကြပ်လာပြီး စိတ်ကျဉ်းကြပ်ကာ ထိုအနေအထားကနေ အမြန် လွတ်မြောက်ချင်လာပါလိမ့်မယ်။

ငွေရေးကြေးရေးနှင့် ပတ်သက်၍ အမြင်မတူခြင်း


တွဲတဲ့အချိန် ကြာလာလို့ပဲဖြစ်ဖြစ်၊ လက်ထပ်ထားကြတဲ့ စုံတွဲများပဲဖြစ်ဖြစ် ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး တစ်ယောက်နဲပတစ်ယောက် တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ပြုလုပ်သင့်ပါတယ်။ အခြားတစ်ယောက်ရဲ့ သဘောတူညီချက်မပါဘဲ မိမိစိတ်ကြိုက် သုံးတဲ့အခါမှာလည်း ကြာလာရင် တဖြည်းဖြည်းနဲ့ အမြင်စောင်းလာပါလိမ့်မယ်။

မိမိရဲ့လိုအပ်ချက်များကို လျစ်လျူရှုခြင်း

အခြားသူရဲ့ လိုအပ်ချက်များကိုသာ ဖြည့်ဆည်းပေးပြီး ကိုယ့်ရဲ့လိုအပ်ချက်များကိုတော့ လျစ်လျူရှုထားခြင်းသည်လည်း အဆိပ်အတောက်ဆန်သော လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

သူ့လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးသလို ကိုယ့်ရဲ့လိုအပ်ချက်များကိုလည်း လျစ်လျူရှုမထားပါနဲ့။ အပြန်အလှန်ဂရုစိုက်သော Relationship တစ်ခုသည် ပျော်ရွှင်ဖွယ်ကောင်းပြီး ရေရှည်တည်တံ့ရမှာပဲဖြစ်ပါတယ်။




Some text some message..