Dinner ဖိတ်လို့ သွားတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်အချက်များ
mystylemyanmar.com
|
2024-04-24

မိမိအား ဖိတ်ကြားထားတဲ့ ဒင်နာ ပါတီပွဲသို့ တက်ရောက်တဲ့အခါ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်အချက်လေးတွေရှိပါတယ်။ ထိုအချက်များကို သိထားမယ်ဆိုရင်တော့ သင်သည် ဧည့်သည်ကောင်းတစ်ယောက်ဖြစ်ပြီး ဖိတ်ကြားသူ အိမ်ရှင်များလည်း စိတ်ချမ်းသာရမှာပဲဖြစ်ပါတယ်။

အကြောင်းပြန်ပါ


ဖိတ်စာနဲ့ အကြောင်းကြားတဲ့အခါမှာ RSVP ဆိုတဲ့ စာလုံးလေးတွေ တွေ့ပါလိမ့်မယ်။ ထိုစာလုံးလေးကတော့ သင် တက်ရောက်နိုင်၊ မတက်ရောက်နိုင် အမြန်ဆုံး အကြောင်းပြန်ခိုင်းတာဖြစ်ပါတယ်။ ထိုစာလုံးလေး တွေ့တဲ့အခါမှာ ဖြစ်နိုင်ရင် အမြန်ဆုံး အကြောင်းပြန်ပါ။ ဒါမှ အိမ်ရှင်များသည်လည်း ဧည့်သည် ဘယ်နှယောက်စာအတွက် အစားအစာများ၊ ဖျော်ရည်များ ပြင်ဆင်ရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။

လက်ချည်းဗလာ မသွားပါနဲ့


ဖိတ်ကြားခံရတဲ့ ဒင်နာပါတီပွဲသို့ သွားတဲ့အခါ လက်ချည်းဗလာသွားခြင်းသည် ရိုင်းရာကျပါတယ်။ ဝိုင် တစ်ပုလင်းလောက်ဖြစ်ဖြစ်၊ ပန်းစည်း တစ်စည်းလောက်ဖြစ်ဖြစ် ယူသွားပေးလိုက်ပါ။

သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ဝတ်စားသွားပါ


ဖြစ်သလို ဝတ်စားသွားတဲ့အခါ သင့်ကိုယ်သင်လည်း မလေးစားရာကျသလို အိမ်ရှင်တွေကိုလည်း မလေးစားရာကျပါတယ်။ ဒါ့ကြောင့် စမတ်ကျကျ ဝတ်စားသွားဖို့လိုအပ်ပါတယ်။ တကယ်လို့ လိုက်နာရမယ့် Dress Code တွေ ရှိတယ်ဆိုလည်း ထိုအတိုင်း ဝတ်စားဆင်ယင်သွားပါ။

အဖော်တစ်ယောက် ခေါ်သွားနိုင်တယ်လို့ မယူဆပါနဲ့

ကောင်မလေးပါ ခေါ်လာဖို့ မမေ့နဲ့နော်လို့ မပြောမချင်း အဖော်တစ်ယောက် မခေါ်သွားပါနဲ့။ သင်က အကြောင်းမကြား ဘာမကြားဘဲ အဖော်တစ်ယောက် ခေါ်သွားတဲ့အခါ သူတို့အတွက်လည်း အံ့အားသင့်စရာတစ်ခု ဖြစ်သွားသလို အစားအစာများ၊ ထိုင်ခုံ စားပွဲများသည်လည်း လူဦးရေအလိုက် ပြင်ဆင်ထားတဲ့အခါ အိမ်ရှင်များအတွက် အခက်တွေ့စရာဖြစ်သွားပါလိမ့်မယ်။

အနည်းငယ် နောက်ကျပြီးမှသွားပါ


မိမိအား ဖိတ်ကြားထားတဲ့ ဒင်နာ ပါတီပွဲ တွေ တက်တဲ့အခါ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် နောက်ကျမှသွားခြင်းသည် ဖက်ရှင်တစ်ခုလိုပါပဲ။ သင့်အနေနဲ့ စောစောစီးစီး ကြိုတင်ရောက်နေမယ်ဆိုရင်တော့ ပါတီပွဲ ပြင်ဆင်ရသူများအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဒါ့ကြောင့် ၁၀ မိနစ်၊ ၁၅ မိနစ်လောက် အနည်းငယ် နောက်ကျပြီးမှသွားပါ။

အခြားသော ဧည့်သည်များနှင့်လည်း စကားစမြည်ပြောပါ


ပါတီပွဲ ကျင်းပသူသည် ဧည့်သည်ပေါင်းများစွာကို ဧည့်ဝတ်ကျေပွန်နေရတာဖြစ်ပါတယ်။ သင့်တစ်ယောက်တည်းကိုပဲ ဂရုမစိုက်အားပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့လည်း အိမ်ရှင်တစ်ယောက်တည်းကိုပဲ ကပ်နေမယ့်အစား အခြားသော ဧည့်သည်များနှင့်လည်း စကားစမြည် ပြောကြားပေးသင့်ပါတယ်။

ဖုန်း မသုံးပါနဲ့


အခြားသူများ စကားစမြည်ပြောပြီး ပျော်ပျော်ပါးပါး နေချိန်မှာ သင့်အနေနဲ့ ဖုန်းသုံးခြင်းသည် ရိုင်းပျသော အပြုအမူတစ်ခုဖြစ်ပါတယ်။ အရေးကြီးသော အလုပ်ကိစ္စများကို ဖုန်းဖြေခြင်းမှလွဲ၍ ဖုန်းမသုံးပါနဲ့။ လက်ရှိအချိန်ကို ပျော်ပျော်ပါးပါး ကုန်ဆုံးလိုက်ပါ။

မူးအောင် မသောက်ပါနဲ့


ကော့တေးတွေ၊ ဝိုင်တွေကတော့ အကောင်းစား ပြင်ထားမှာ အသေအချာပါပဲ။ ဒါပေမဲ့ သင့်အနေနဲ့ သင့်တင့်မျှတရုံသာ သောက်သွားပါ။ ကိုယ့်ရေချိန်ထက် ကျော်လွန်ပြီး အလွန်အကျွံ မသောက်သုံးပါနဲ့။ အခြားသော သူစိမ်းဧည့်သည်များရှေ့တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နိုင်ပြီး ကိုယ့်ရဲ့ပုံရိပ်အတွက် မကောင်းလို့ပါပဲ။

တစ်ညလုံး မနေပါနဲ့

နောက်ဆုံး အရေးကြီးတဲ့အချက်ကတော့ အိမ်ရှင်နှင့် အခြားသော ဧည့်သည်များရဲ့ အရိပ်အခြေကို ကြည့်ကာ ပြန်ရမှာပဲဖြစ်ပါတယ်။ ဒင်နာပါတီဆိုတာကတော့ များသောအားဖြင့် ၃ နာရီ၊ ၄ နာရီလောက်သာ ကြာတတ်ပါတယ်။ တစ်ညလုံး နေတဲ့အခါမှာမလည်း အိမ်ရှင်တွေအတွက် အနှောင့်အယှက်ဖြစ်စေနိုင်တာကို သတိရပါ။




Some text some message..