
ကိုယ့်ရဲ့အသားအရောင်နဲ့ လိုက်ဖက်တဲ့မိတ်ကပ်ပုံစံကို လိမ်းခြယ်ရတာ လွယ်ပေမယ့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်အရောင်ကို ရွေးချယ်ရတာတော့ ခက်ခဲတတ်ပါတယ်။ ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ဒုတိယမျက်နှာဖြစ်လို့ ပုံမှန်ဂရုစိုက်ဖို့ လိုပါတယ်။ ဆံပင်အရောင်ဆိုးတာကို ဝါသနာမပါတဲ့ သူတွေအတွက်က ပြောစရာမရှိပေမယ့် ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ဒီဆောင်းပါးလေးကို လေ့လာပေးစေချင်ပါတယ်။
ဆံပင်အရောင်ဆိုးတော့မယ်ဆိုရင် ကိုယ့်ရဲ့အသားအရေအပေါ် မူတည်ပြီး လိုက်ဖက် မလိုက်ဖက် စဉ်းစားသင့်ပါတယ်။ အသားအရောင်ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် ကိုယ့်ရဲ့အသားအရောင်အမျိုးအစားကို အရင်ဆုံး သိထားဖို့ လိုပါတယ်။
၁။ အသားအရောင်ရင့်တဲ့သူ (Warm Skin Tone)
အသားအရောင်ရင့်တဲ့သူတွေအတွက်ကတော့ ထုံးခြောက်ရောင်၊ အဝါနဲ့ အညို ရောဖောက်ထားတဲ့ အရောင်မျိုးလေးတွေနဲ့ လိုက်ဖက်ပါတယ်။ သနပ်ခါးရောင်မျိုးနဲ့လည်း လိုက်ဖက်ပါတယ်။ နောက်ပြီးတော့ လိမ္မော်အဖျော့နဲ့ သန္တာရောင်တို့ကိုလည်း စမ်းကြည့်နိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အပြာရောင်၊ အစိမ်းရောင်တို့လို အရောင်မျိုးကို စွန့်စားချင်တယ်ဆိုရင်တော့ ခေါင်းအနောက်ဘက်ကိုပဲ ဦးစားပေးပြီး ဆိုးပေးပါ။
၂။ အသားအရောင်ဖျော့တဲ့သူ (Cool Skin Tone)
အသားအရောင်ဖျော့တဲ့သူတွေအနေနဲ့ကတော့ ရွေးချယ်စရာအရောင် များများရှိပါတယ်။ ပညာရှင်တွေရဲ့ပြောပြချက်အရ ထူးခြားပြီး ခေတ်ဆန်တဲ့အရောင်တွေကို လက်ခံနိုင်တာ အသားအရောင်ဖျော့တဲ့သူတွေပါပဲ။ ပိုပြီးလိုက်ဖက်တဲ့အရောင်တွေကို ပြောပါဆိုရင်တော့ ရွှေရောင်၊ ငွေရောင်၊ ပန်းရောင်ဖောက်ထားတဲ့အရောင်မျိုးတွေအပြင် အစိမ်းရောင်တို့လို့ ဆိုရပါမယ်။
၃။ ပုံမှန်အသားအရောင်ရှိသူ (Neutral Skin Tone)
ပုံမှန်အသားအရောင်ပိုင်ရှင်တွေကတော့ ကံအကောင်းဆုံးလူသားတွေပါပဲ။ မလိုက်ဖက်တဲ့အရောင်ဆိုတာ မရှိသလို ကိုယ်ကြိုက်တဲ့အရောင်တွေကို နှစ်ရောင်ကနေစပြီး စပ်ဆိုးနိုင်ပါတယ်။ အရောင်အားလုံးနဲ့ လိုက်ဖက်တယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့မျက်နှာနဲ့ လိုက်ဖက်တဲ့အရောင်ကို ဦးစားပေး ရွေးချယ်တတ်ဖို့ လိုပါလိမ့်မယ်။