စေတနာထားတတ်စေဖို့
yoyarlay.com
|
2019-01-07



သာယာလှတဲ့နေ့လေးတစ်နေ့မှာ သားအဖနှစ်ယောက်ဟာ တောထဲကို ထင်းခွေဖို့ ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့တစ်နေရာအရောက်မှာတော့ သစ်ပင်တစ်ပင်အောက်မှာ ထောင်ချောက်မိပြီး ဒုက္ခရောက်နေတဲ့ ကြောင်လေးတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ကြောင်လေးဟာ ထောင်ချောက်ကနေလွတ်မြောက်ဖို့အတွက် နည်းမျိုးစုံကြိုးစားပေမဲ့လည်းအချည်းအနှီးသာဖြစ်နေတာကြောင့်အားငယ်ဝမ်းနည်းနေပါတယ်။ ကြောင်လေး ဒုက္ခရောက်နေတာကို မကြည့်ရက်တဲ့ ဖခင်ဖြစ်သူက "သား ဒီမှာ ခဏနေဦးနော်။အဖေ ထောင်ချောက်ကနေ ကြောင်လေးလွတ်အောင် သွားကူညီပေးလိုက်ဦးမယ်"ဆိုပြီး ကြောင်လေးရှိရာကို ထွက်လာခဲ့ပါတယ်။




အဖေဖြစ်သူက ကြောင်လေးရှိရာရောက်တဲ့အခါ ငြိနေတဲ့ ထောင်ချောက်လေးကို ဖြုတ်ပေးဖို့လက်လှမ်းလိုက်တဲ့အခါမှာတော့ ကြောင်လေးက သူ့ကို ရန်လုပ်မယ်ထင်ပြီး လက်နဲ့ လှမ်းကုတ်လိုက်ပါတယ်။အဲဒီအခါ ကြောင်လေးရဲ့လက်သည်းနဲ့ခြစ်မိတာကြောင့် လူကြီးရဲ့လက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း လူကြီးဟာ ကြောင်လေးထောင်ချောက်ကနေ လွတ်မြောက်အာင် ထပ်မံပြီး ကြိုးစားပြန်ပါတယ်။ ကြောင်လေးကလည်း သူ့ကိုအန္တရာယ်ပြုမယ်ထင်နေသေးတာကြောင့် လက်နဲ့ပြန်လှမ်းကုန်ပြန်တယ်။

ဒီအဖြစ်အပျက်ကိုမြင်တဲ့ သားဖြစ်တဲ့သူက "ထားလိုက်ပါတော့အဖေ။ ကူညီမနေနဲ့တော့။ သူ့ကို စေတနာနဲ့ကူညီပေးမယ့်သူကိုတောင် ပြန်ပြီးရန်မူနေသေးတယ်။ သူ့ထိုက်နဲ့သူကံပဲရှိပါစေတော့အဖေရာ"လိ့ုလှမ်းအော်ပြောလိုက်ပါတယ်။ သားဖြစ်တဲ့သူပြောတာကို လူကြီးကကြားပေမဲ့လည်း ဂရုမစိုက်ဘဲ ကြောင်လေးအချုပ်အနှောင်ကလွတ်မြောက်ဖို့အတွက်ပဲအာရုံစိုက်ပြီး ကြိုးစားကူညီပေးတာကြောင့် နောက်ဆုံးမှာ ထောင်ချောက်ကနေ ကြောင်လေး လွတ်မြောက်သွားခဲ့ပါတယ်။အဲဒီနောက်တော့ လူကြီးဟာ သားဖြစ်သူရဲ့ပုခုံးကိုဖက်လိုက်ပြီး " ကြောင်လေးရဲ့ ပင်ကိုယ်ဗီဇကိုယ်ကအဖေတို့လို့ ဉာဏ်ရည်မမြင့်တဲ့ တိရိစ္ဆာန်လေ။အဖေက သူ့ကို ကူညီဖို့လက်ကမ်းလိုက်ပေမဲ့ သူ့ကိုရန်မူမယ့်လက်လို့ထင်မှတ်ပြီး ပြန်ပြီးရန်မူတာပါ။အဲဒီအတွက် သူ့မှာလည်းအပြစ်မရှိပါဘူး။အခုသူလွတ်လပ်သွားအောင်အဖေကူညီလိုက်နိင်တဲ့အတွက်အခုအဖေအနာတရဖြစ်ပေမဲ့လည်းအဖေဝမ်းသာပီတိဖြစ်ပါတယ်။အဲဒီပီတိက ဘယ်လိုမှပုံဖော်ပြလို့မရနိင်ဘူး သား။အဖေတို့မျက်စိရှေ့မှောက်မှာ ဒုက္ခတွေ့ကြုံနေရတဲ့လူတွေ၊ တိရစ္ဆာန်လေးတွေကို ကူညီပေးဖို့ကသာအဖေတို့တာဝန်လို့ မှတ်ထားရမယ် ငါ့သား" လို့ ဆုံးမစကားဆိုလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကနေပေးချင်တဲ့အသိလေးတစ်ခုကတော့ တစ်ခါတလေကျွန်တော်တို့က စေတနာအပြည့်အဝနဲ့ကူညီလိုက်ပေမဲ့လည်း တစ်ဘက်လူက စေတနာကို တန်ဖိုးမဲ့သွားအောင် ပြန်လည်ပြုမူတတ်ပါတယ်။အဲဒီအခါအနည်းနဲ့အများတော့ စိတ်မကောင်းဖြစ်မိ၊ ဒေါသထွက်မိကြမှာပါပဲ။ ဒါပေမဲ့လည်း ကိုယ်တတ်နိင်သလောက် ကိုယ့်ဘက်ကအကောင်းဆုံးပေးဆပ်ပြီး ကူညီလိုက်မယ်ဆိုရင်တော့ တစ်ဘက်လူက သင့်ရဲ့စေတနာကို နားလည်သွားမှာပါ။ ကူညီတဲ့အပေါ်မှာလည်း ဘာကိုမှလိုချင်တပ်မက်မှုမရှိဘဲ စေတနာသန့်သန့်နဲ့ကူညီလိုက်မယ်ဆိုရင် သင့်အတွက် တစ်သက်လုံး လိပ်ပြာလုံလုံနဲ့ဝမ်းသာပီတိဖြစ်နေရမှာ ဖြစ်ပါတယ်။

Ref: "The Man and The Little Cat"

Paradise (ရိုးရာလေး)




Some text some message..