ရန်ဖြစ်စကားများတိုင်း ပေါက်ကွဲဖွင့်ထုတ်တတ်တဲ့ ချစ်သူစုံတွဲပေါင်းဖက်မိရင် နှစ်ဦးစလုံးအသက်ပိုရှည်နိုင်
yoyarlay.com
|
2019-01-08



ဒီစစ်တမ်းကအတော်လေးထူးခြားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့အိမ်နီးချင်းတွေအတွက် သတင်းကောင်းမဟုတ်တာတော့ ထည့်ပြောပါရစေ။ ရန်ဖြစ်စကားများတဲ့အခါ ပေါက်ကွဲရင်ဖွင့်ပစ်လေ့ရှိတဲ့အကျင့်စရိုက်တူ ချစ်သူစုံတွဲချင်း ပေါင်းဖက်မိသွားရင် ဒါဟာ နှစ်ဦးစလုံးအတွက်အသက်ပိုရှည်စေပြီး ပိုကျန်းမာစေတယ်လို့အရီဇိုးနားတက္ကသိုလ်ရဲ့ သုတေသနရလဒ်အရအခိုင်အမာဆိုထားတာဖြစ်ပါတယ်။




စစ်တမ်းအရ စုံတွဲပေါင်း ၁၉၂ တွဲကို ၃၂ နှစ်ကျော်ကြာ သုတေသနပြုခဲ့တာဖြစ်ပြီး ရန်ဖြစ်စကားများချိန်မှာ သူတို့ချင်း ကိုင်တွယ်ဖြေရှင်းပုံကိုအဓိကထားစောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ ဒေါသစိတ်ကို မျိုသိပ်ချိုးနှိမ်တတ်သလား၊ ဒေါသပြင်းပြင်း နဲ့ ရင်ဖွင့်ပေါက်ကွဲပစ်လိုက်သလား ဆိုတဲ့အချက်နှစ်ချက်အပေါ် မူတည်ပြီး သူတို့ရဲ့အပြုအမူပိုင်းဆိုင်ရာ၊ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေနဲ့ နောက်ထပ် နှစ် ၃၀အတွင်း သေဆုံးနိုင်ချေရှိမရှိ တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဖြေကတော့ နှစ်ဦးသား စိတ်တူကိုယ်တူ ဖွင့်ထုတ်ပေါက်ကွဲ ရန်ဖြစ်ပစ်လိုက်တဲ့ စုံတွဲတွေက စိတ်ကျေနပ်မှုအဖြစ်ရဆုံး နဲ့အသက်အရှည်ဆုံးဖြစ်ခဲ့ကြပြီး နှစ်ဦးစလုံး မျိုသိပ်သည်းခံမယ်ဆိုလဲအတူတူ သည်းခံကျော်ဖြတ်တတ်တဲ့ စုံတွဲတွေကအသက်ရှည်ဖို့ရာ ဒုတိယနေရာက လိုက်ခဲ့ပါတယ်။

အဆိုးဝါးဆုံး ဖြစ်ခဲ့တာကတော့ တစ်ဖက်သတ်ဖြေရှင်းရတဲ့ စုံတွဲတွေပါ။အမျိုးသမီးဘက်က ငြိမ်သက်တိတ်ဆိတ်နေချိန်မှာ ပေါက်ကွဲဖွင့်ထုတ်နေရတဲ့အမျိုးသားတွေကအသက်တိုနိင်ခြေ ၅၁ ရာခိုင်နှုန်းရှိပြီး ငြိမ်နေသူအမျိုးသမီးအတွက်ကအသက်တိုနိုင်ခြေ ၃၆ ရာခိုင်နှုန်းပါ။ ဒီလိုပါပဲ။အမျိုးသမီးဘက်ကအားနဲ့အင်နဲ့ ရန်ဖြစ်ရင်း ပေါက်ကွဲဖြေရှင်းနေချိန်မှာ ရေငုံနှုတ်ပိတ်ပြီးသာနေနေတတ်တဲ့ ခင်ပွန်းသည်တွေကအသက်တိုနိုင်ခြေ ၄၉ ရာခိုင်နှုန်းမှာ ရှိပြီး တစ်ဖက်သတ် ရန်ဖြစ်နေရတဲ့အမျိုးသမီးတွေကတော့အသက်တိုနိုင်ခြေ ၂၈ ရာခိုင်နှုန်း ရှိနေပါတယ်။

အဓိကမြင်ရတဲ့အချက်ကတော့ ပြဿနာဖြေရှင်းရာမှာ တစ်ယောက်တစ်မျိုးစီ၊ ဒါမှမဟုတ် တစ်ဖက်သတ် ဖြစ်မနေဖို့ပါပဲ။ ချစ်သူစုံတွဲတွေအကြား ကတောက်ကဆဖြစ်ကြတဲ့အခါ နှစ်ဦးနှစ်ဖက် တုံ့ပြန်ဖြေရှင်းပုံချင်းအတူတူဖြစ်ရင်တော့ သိပ်ကောင်းတဲ့အချက်ပါ။ ဒါဟာ ကျန်းမာရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရရောအပြန်အလှန်အကျိုးဖြစ်စေနိုင်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ တစ်ယောက်ကပေါက်ကွဲနေချိန်မှာ တစ်ယောက်က မျိုသိပ်နေတာမျိုးဟာ နှစ်ဦးကြား စိတ်အစာမကျေလည်မှုကို ပိုကြီးထွားစေပြီး ခံစားရတဲ့ စိတ်ဒုက္ခကို ပိုများလာစေလေ့ရှိပါတယ်။အရေးကြီးတာက ပြဿနာအပေါ်တုံ့ပြန်ပုံချင်းတူတဲ့၊ ရန်ဖြစ်ရင်လည်းအတူတူဖြစ်တတ်တဲ့ လင်မယား၊ ချစ်သူစုံတွဲတွေဖြစ်ဖို့ပါပဲ။ ဒါက ရေရှည်မှာ ရွှေလက်တွဲမြဲဖိုု့အတွက် ပိုမိုချောမွေ့လာစေတယ်လို့ ဆိုပါတယ်။

Ref: Dailymail "The key to a longer life is a row with your other half"

AI (ရိုးရာလေး)




Some text some message..