သင့်အိပ်မက်တွေကို သင်ထိန်းချုပ်နိုင်တဲ့အကြောင်းကို သင်သိပါသလား။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့အခိုက်မှာ သင်ဟာ စူပါမင်းလို ပျံသန်းနေလို့ရသလို လောင်းကစားဘုရင်ကြီးကိုလည်းအနိုင်ယူလို့ရပါတယ်။ မနက်ဖြန်ပြောရမယ့်မိန့်ခွန်းအတွက် လေ့ကျင့်ချင်သေးလား။ နာကျင်ခဲ့ရတဲ့အမှတ်တရတွေကို မေ့ပစ်ချင်လား။ ဒီအတွက် လေ့ကျင့်မှုပဲလိုအပ်တာဖြစ်ပြီး သင့်အနေနဲ့အိပ်မက်တွေကို ထိန်းချုပ်နိုင်ပါတယ်။
သင့်ရဲ့အိပ်မက်တွေဟာအင်မတန်ပြတ်သားနေတာမျိုးကို တစ်ခါတလေကြုံဖူးကြပါလိမ့်မယ်။အိမ်မက်ကိုအတိအကျ ပြန်မှတ်မိနိုင်တဲ့အကြိမ်မျိုးတောင် ရှိပါသေးတယ်။ ဒီလိုဆန်းကြယ်တဲ့အဖြစ်ကို ကျွန်တော်တို့ဘယ်နေရာမှာအကျိုးရှိရှိသုံးမလဲဆိုတာကလည်းအရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ ဒီကိစ္စဟာ ယုံကြည်ရလောက်တဲ့ကိစ္စဖြစ်သလားဆိုတာကို ဆန်းစစ်ကြည့်ရပါမယ်။ ၂၀၁၇ ခုနှစ်မှာ ဩစတြေးလျနိုင်ငံကလေ့လာမှုတစ်ခုကနေ ဒီလို ပြတ်သားတဲ့အိမ်မက်တွေကို ထိန်းချုပ်နိုင်မယ့် ဖြစ်နိုင်ချေကြီးကြီးမားမားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီလေ့လာမှုအရ လူဦးရေတစ်ဝက်လောက်ဟာ သူတို့ရဲ့ ဘဝမှာအနည်းဆုံးတစ်ခါတော့အင်မတန်ပြတ်သားတဲ့အိပ်မက်မျိုးကို မက်ဖူးလေ့ရှိပြီး လေးပုံတစ်ပုံလောက်ဟာ တစ်လတစ်ကြိမ်လောက် မက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ၁၉၇၅ ခုနှစ်ကတည်းက စမ်းသပ်မှုတွေမှာ လေ့လာသူတွေကအိပ်မက်တွေဟာ တစ်ခါတစ်ရံမှာအင်မတန်ပြတ်သားလေ့ရှိကြောင်းကိုသိရှိပြီးတဲ့နောက် ဒီလိုမျိုးအိပ်မက်တွေ မက်လို့ရအောင် လူတွေကိုအိပ်မက်မက်ခြင်းအားဖြင့် ဘယ်လိုအကျိုးရနိုင်မလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ လေ့လာမှုအပြီးမှာအိပ်မက်တွေကိုထိန်းချူပ်နိုင်ခြင်းဟာအိပ်မက်ဆိုးတွေပျောက်ကွယ်သွားစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေအတွက်အသုံးချနိုင်ခြင်း၊ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ဖော်ထုတ်နိုင်ခြင်း စတာတွေကိုပြုလုပ်နိုင်တယ်လို့ သိလာခဲ့ရပါတယ်။

ဒါ့ကြောင့်ပဲ သြစတျေးလျနိုင်ငံအက်ဒီလိတ်ဒ် (Adelaide) တက္ကသိုလ်က လေ့လာသူတွေဟာ လူပေါင်း ၁၆၉ ဦးကို ပြတ်သားတဲ့အိပ်မက်တွေမက်နိုင်မယ့် စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ လေ့လာမှုပြုလုပ်ပုံအဆင့်ဆင့်ကတော့အခုလိုပါ။
(၁) လက်တွေ့ဖြစ်ရပ်မှန်တွေကို လေ့လာခြင်း
လေ့လာမှုမှာပါဝင်သူတွေဟာ နေ့စဉ်နေ့တိုင်း တစ်နေ့ကို ၁၀ ကြိမ်လောက် ''ငါအိမ်မက် မက်နေတာလား'' ဆိုတဲ့ မေးခွန်ကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးရပါတယ်။ မေးတဲ့အချိန်တိုင်းမှာလည်း ကိုယ့်ရဲ့ ပတ်ဝန်းကျင်က သာမန်ထက်ထူးခြားနေတဲ့ ဖြစ်ရပ်တွေကို လေ့လာမှတ်သားထားရပါတယ်။

(၂) ပြန်လည်အိပ်စက်ရန် နိုးထခြင်း
ပါဝင်သူတွေဟာ စတင်အိပ်စက်ပြီး ၅ နာရီအကြာမှာ နိုးစက်ပေးထားပြီးအိပ်ရာကထရပါတယ်။ နိုးလာတာနဲ့တစ်ပြိုင်နက်အိမ်မက်ထဲမှာ သင်ဖြစ်ချင်တဲ့၊ သင်လုပ်ချင်တဲ့အရာတွေ ဖြစ်ရပ်တွေအကြောင်း ချရေးထားတဲ့စကားလုံးတွေကို (စကားလုံး ၇၀၀ ခန့်) နှုတ်ကနေ ရွတ်ဖတ်ရပါတယ်။ ပြီးတာနဲ့ ပြန်ပြီးအိပ်စက်ရပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ဒီလို ကြည်လင်ပြတ်သားလှတဲ့အိပ်မက်တွေဟာ REM sleep (Rapid Eye Moment sleep)အတောအတွင်းမှာ ဖြစ်လေ့ရှိတာမို့ပါ။ ပြီးတော့ REM sleepအခြေအနေဟာ သင်အရမ်းအိပ်ချင်စိတ်ဖြစ်နေတဲ့အချိန်မှာ ဖြစ်ပေါ်တတ်တာကြောင့်ပါ။ (၅ နာရီလောက်ပဲအိပ်ပြီး စာတွေထဖတ်နေရတယ်ဆိုရင် ဘယ်လောက်အိပ်ချင်နေလိမ့်မလဲ ခန့်မှန်းကြည့်လို့ရပါတယ်)
(၃) ပြတ်သားသောအိမ်မက်များဆီသို့
လေ့လာမှုမှာပါဝင်သူတွေဟာအဲဒီလိုအိပ်ချင်မူးတူးနဲ့ ပြန်အိပ်ဖို့ လဲလျောင်းလိုက်တဲ့အချိန်မှာ ''အခုအိပ်မက်ကို ငါမှတ်မိရမယ် ငါထိန်းချုပ်နိုင်ရမယ်" ဆိုတဲ့ စကားကို ထပ်ကာ ထပ်ကာ ပြောပေးရပါတယ်။ ဒီလို ပြောနေတဲ့အချိန်မှာလည်း ဒီစကားစုအပေါ်မှာပဲအပြည့်အဝအာရုံစူးစိုက်ထားရပါတယ်။ ဒါမှသာ ဒီစကားစုဟာ သူပြန်ပြီးအိပ်မပျော်သေးခင် နောက်ဆုံးမှတ်မိနေတဲ့အရာဖြစ်မှာမို့လို့ပါ။
လေ့လာသူတွေဟာ ပါဝင်စမ်းသပ်ခံတဲ့သူတွေကိုအဖွဲ့ (၃) ဖွဲ့ ခွဲထားခဲ့ပါတယ်။ တစ်ဖွဲ့ကိုအဆင့် (၁) ကိုပဲ လုပ်ခိုင်းပြီး နောက်တစ်ဖွဲ့ကိုတော့ (၁) (၂) လုပ်စေခဲ့ကာ နောက်ဆုံးအဖွဲ့ကိုတော့အဆင့် (၃) ခုစလုံးလုပ်စေခဲ့တာပါ။ ဒါကို တစ်ပတ်ကြာအောင်ပြုလုပ်ပြီးတဲ့နောက်မှာအဖွဲ့ (၃) ဖွဲ့ဆီကနေ မတူညီတဲ့ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ မျှော်လင့်ထားသလိုပါပဲ။အဖွဲ့ (၁) ရဲ့အိပ်မက်တွေ ပြတ်သားမှုဟာ ၁၁%၊အဖွဲ့ (၂) က ၁၇% နဲ့အဖွဲ့ (၃) က ၄၆% ဖြစ်ပါတယ်။
ဒါဟာ တစ်ပတ်အကြာမှာပဲရှိပါသေးတယ်။အချိန်ကြာမြင့်စွာ လေ့ကျင့်နိုင်မယ့်လူတစ်ယောက်ဆိုရင်အဆင့် (၂) မှာပါဝင်တဲ့ ဖြစ်ချင်သမျှအရာတွေရွတ်ဖတ်ခြင်းကို မက်ချင်တဲ့အိပ်မက်အဖြစ် ပြောင်းလဲရွတ်ဖတ်လိုက်ခြင်းအားဖြင့်အိပ်မက်တွေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။
Ref: Curiosity "You can control your dreams with science''
Zuluu(ရိုးရာလေး)