Lotayamm

၂၀၁၉ ဝက်နှစ်အတွက် တရုတ်ရိုးရာအကောင်ဖွားအလိုက်ဟောကိန်း
lotaya.mpt.com.mm
|
2019-01-21




၂၀၁၉ ဝက်နှစ်အတွက် တရုတ်ရိုးရာအကောင်ဖွားအလိုက်ဟောကိန်း

အခုဆိုရင် ၂၀၁၈ ကုန်ဆုံးလို့ ၂၀၁၉ ထဲကို ကူးပြောင်းဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတော့ တရုတ်ရိုးရာဗေဒင်အရ ဝက်နှစ်ဖြစ်သွားပါပြီတဲ့။ ဒါကြောင့် အခုကျရောက်တဲ့ ဝက်နှစ်မှာ တရုတ်ရိုးရာအကောင်ဖွား တစ်ယောက်ချင်းစီအနေနဲ့ ဘယ်လို ကံကြမ္မာတွေ ရှိတယ်ဆိုတာကို ကိုယ်မွေးဖွားရာ အကောင်ဖွားဟောကိန်းအလိုက် တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။





၂၀၁၉ ခုနှစ်အတွက် ဝက်နှစ်ဖွားဟောကိန်း(၁၉၂၃ ၊ ၁၉၃၅ ၊ ၁၉၄၇ ၊ ၁၉၅၉ ၊ ၁၉၇၁ ၊ ၁၉၈၃ ၊ ၁၉၉၅ ၊ ၂၀၀၇)




ပျော်ပျော်နေတတ်သူ၊ ရိုးသားသူ၊ ယုံကြည်စိတ်ချရသူ၊ ရိုးအသူ၊ ဟန်ဆောင်မှုကင်းသူ အစရှိတဲ့ အချက်တွေကတော့ ဝက်နှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ ဝက်နှစ်ဖွားတွေအနေနဲ့ လုပ်သမျှအကုန်အချီးနှီးဖြစ်တတ်ပြီး ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ပြန်ဆန်းစစ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ အချိန်ယူ စိတ်အေးအေးထားပြီး အခုလိုဖြစ်ရတဲ့ ပြဿနာရင်းမြစ်အဖြေကို ရရှိအောင် အဖြေထုတ်သင့်တဲ့ အချိန်ပါ။ ဆုံးရှုံးမှုတွေကြုံရပေမယ့် သင့်ရဲ့ အထက်လူကြီးနဲ့ လုပ်ငန်းရှင်တွေကတော့ သင့်ကို ထောက်ပံ့မှုကောင်းကောင်းဆက်ပေးနေပါလိမ့်မယ်။ အချင်းချင်းထိခိုက်ပုတ်ခတ်ပြီး စိတ်သဘောထား သေးသိမ်သူတွေနဲ့ အလုပ်အတူမလုပ်မိဖို့ ဆင်ခြင်သင့်ပြီး အကျိုးမရှိပဲ အချိန်ကုန် ၊ လူပင်ပန်းမယ့် ကိစ္စရပ်တွေကိုလည်း မလုပ်မိအောင် သတိထားသင့်ပါတယ်။

ဝက်နှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Alfred Hitchcock ၊ Stephen King ၊ Elon Musk ၊ Robert Kuok ၊ Carrie Underwood


၂၀၁၉ ခုနှစ်အတွက် ကြွက်နှစ်ဖွားဟောကိန်း(၁၉၂၄ ၊ ၁၉၃၆ ၊ ၁၉၄၈ ၊ ၁၉၆၀ ၊ ၁၉၇၂ ၊ ၁၉၈၄ ၊ ၁၉၉၆ ၊ ၂၀၀၈)




ဥာဏ်ကောင်းခြင်း၊ ကြည့်ပျော်ရှုပျော်ရှိခြင်း၊ ရုတ်တရက်ဟာသဥာဏ်ရှိခြင်း၊ လက်တွေ့ကျပြီး ရည်မှန်းချက်ကြီးမားခြင်း အစရှိတဲ့ အချက်တွေက ကြွက်နှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ ကြွက်နှစ်ဖွားတွေအနေနဲ့ အလုပ်အကိုင် တစ်ဆင့်တိုးတက်လာနိုင်ပြီး လုပ်ငန်းရှင်ဖြစ်တယ်ဆိုရင်လည်း လုပ်ငန်းတိုးချဲ့အောင်မြင်ပါလိမ့်မယ်။ လိုအပ်ချိန်တိုင်းမှာ အထက်အရာရှိနဲ့ အလုပ်ရှင်ရဲ့ လျှို့ဝှက်စွာ ထောက်ပံ့ပေးမှု ရရှိမှာဖြစ်ပြီး သင့်အောင်မြင်မှုအပေါ်မကောင်းကြံသူတွေ ရှိနိုင်လို့ သတိပြုသင့်ပါတယ်။ အဖွဲ့အစည်းတွင်းကလူတွေနဲ့ အငြင်းပွားမှုမဖြစ်အောင် အတတ်နိုင်ဆုံးထိန်းပါ။ ဒီနှစ်ထဲမှာ အလုပ်နဲ့ ဘဝနေထိုင်မှုကို မျှတအောင် လုပ်ဆောင်နိုင်မှ အောင်မြင်မှာဖြစ်ပါတယ်။ အလုပ်တစ်ခုကို အချိန်ဆွဲနေတာမျိုး သူတစ်ပါးအပေါ် ယုံကြည်မှုလွန်ကဲတာမျိုး ရှောင်ရှားသင့်ပါတယ်။

ကြွက်နှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - William Shakespeare ၊ Tony Robbins ၊ Jimmy Choo ၊ Mark Zuckerberg ၊ Dwayne Johnson


၂၀၁၉ ခုနှစ်အတွက် နွားနှစ်ဖွားဟောကိန်း(၁၉၂၅ ၊ ၁၉၃၇ ၊ ၁၉၄၉ ၊ ၁၉၆၁ ၊ ၁၉၇၃ ၊ ၁၉၈၅ ၊ ၁၉၉၇ ၊ ၂၀၀၉)




လုံ့လဝီရိယရှိခြင်း၊ ရိုးသားခြင်း၊ တီထွင်ဆန်းသစ်မှုရှိခြင်း၊ စိတ်ရှည်သည်းခံခြင်း အစရှိတဲ့ အချက်တွေက နွားနှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ နွားနှစ်ဖွားတွေအနေနဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားမှုအပေါ် ရုတ်တရက်တုန့်ပြန်တတ်တဲ့ အပြုအမူတွေကို သတိပြုသင့်ပါတယ်။ မလိုအပ်ပဲ ငွေတွေအများကြီးသုံးဖြုန်းပစ်တတ်တဲ့ အပြုအမူကိုလည်း ဒီနှစ်ထဲမှာ ရှောင်ကြဉ်လိုက်ပါ။ ငွေကြေးရင်းနှီးမြှုပ်နှံမှု မလုပ်ခင်မှာ သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်သင့်တဲ့ နှစ်တစ်နှစ်ဖြစ်လို့ အန္တရာယ်ရှိတဲ့ အပြုအမူမျိုးကိုရှောင်ကြဉ်ရမှာပါ။ မိသားစုထဲက ကြီးမြင့်သူတွေအပေါ် ပိုပြီး ဂရုစိုက်ပေးသင့်တဲ့ နှစ်တစ်နှစ်ပါပဲ။

နွားနှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Walt Disney ၊ Barack Obama ၊ Keira Knightley ၊ Jack Nicholson ၊ Meryl Streep


၂၀၁၉ ခုနှစ်အတွက် ကျားနှစ်ဖွားဟောကိန်း(၁၉၂၆၊ ၁၉၃၈ ၊ ၁၉၅၀ ၊ ၁၉၆၂ ၊ ၁၉၇၄ ၊ ၁၉၈၆ ၊ ၁၉၉၈ ၊ ၂၀၁၀)




ရဲရင့်ခြင်း၊ ယှဉ်ပြိုင်လိုစိတ်ရှိခြင်း၊ ဖော်ရွေခြင်း၊ နှစ်လိုဖွယ်ရုပ်ရည်ရှိပြီး အာဏာပါဝါပြတတ်ခြင်း အစရှိတဲ့ အချက်တွေကတော့ ကျားနှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ ကျားနှစ်ဖွားတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ ရရှိလာပါလိမ့်မယ်၊ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်တွေကိုလည်း တွေ့ကြုံလာရမယ့် အချိန်ပါ ၊ ကိုယ့်အထက်အရာရှိတွေ၊ လုပ်ငန်းရှင်တွေက ကိုယ့်အပေါ် လမ်းညွှန်ပြသပေး၊ အထောက်အပံ့ကောင်းတွေ ပေးလာမယ့် အချိန်လည်း ဖြစ်ပါတယ်။ လုပ်ငန်းရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း အကျိုးအမြတ်ရရှိပြီး ချမ်းသာမယ့် ခုနှစ်တစ်နှစ်ပါ။ ဒါပေမယ့် ကိုယ်ပြောလိုက်တဲ့စကားနဲ့ အပြုအမူတွေကြောင့် အမှုအခင်းဖြစ်ကိန်းရှိလို့ သတိပြုသင့်ပါတယ်။ ကိုယ့်အပေါ် စိတ်အနှောင့်အယှက်ပေးသူတွေကို ရှောင်ရှားပြီး ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင်ကိုပဲ တန်းတန်းမတ်မတ်ရောက်အောင် ကြိုးစားသင့်ပါတယ်။

ကျားနှစ်ဖွားထင်ရှားကျော်ကြားသူများ - Beethoven ၊ Richard Branson ၊ Jimmy Fallon ၊ Jodie Foster ၊ Leonardo Dicaprio


၂၀၁၉ ခုနှစ်အတွက် ယုန်နှစ်ဖွားဟောကိန်း(၁၉၂၇ ၊ ၁၉၃၉ ၊ ၁၉၅၁ ၊ ၁၉၆၃ ၊ ၁၉၇၅ ၊ ၁၉၈၇ ၊ ၁၉၉၉ ၊ ၂၀၁၁)




ကြင်နာသနားတတ်ခြင်း၊ ဥာဏ်ကောင်းခြင်း၊ ပရိယာယ်ကြွယ်ဝခြင်း၊ ငြိမ်းချမ်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်း အစရှိတဲ့ အချက်တွေက ယုန်နှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ ယုန်နှစ်ဖွားတွေအနေနဲ့ ကောင်းခြင်းမင်္ဂလာတွေ ရောက်ရှိလာပြီလို့ ပြောရမှာပါ။ ရည်မှန်းထားတဲ့ ရည်ရွယ်ချက်၊ ပန်းတိုင်တွေအားလုံးကို အလွယ်တကူ ရောက်ရှိအောင်မြင်နိုင်မယ့် နှစ်ဖြစ်သလို ရိုးသားပြီးတကယ်တမ်းအလုပ်ကြိုးစားသူတွေရဲ့ ပံ့ပိုးမှုတွေလည်း ရရှိပါလိမ့်မယ်။ တစ်ခုသတိထားရမှာက သင့်ရဲ့ စိတ်ခံစားချက်ပေါ်မူတည်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် လုပ်ငန်းတွေမှာ ချွတ်ချော်မှု မဖြစ်သင့်တာပါပဲ။ အမှုအခင်းဖြစ်လောက်တဲ့အထိ စိတ်ကို တဇွတ်ထိုးဆုံးဖြတ်လုပ်ကိုင်တာမျိုး၊ ဒေါသရှေ့ထားဆောင်ရွက်တာမျိုးတွေ ရှောင်ကြဉ်လိုက်ပါ၊ ဖြတ်လမ်းလိုက်တာမျိုး ရှောင်ကြဉ်သင့်ပြီး ဖြတ်လမ်းလိုက်လို့ ပိုကောင်းမလာဘဲ ပိုဆိုးသွားနိုင်ခြေရှိနေပါတယ်။

ယုန်နှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Albert Einstein ၊ Michael Jordan ၊ David Backham ၊ Charlize Theron ၊ Maria Sharapova


၂၀၁၉ ခုနှစ်အတွက် နဂါးနှစ်ဖွားဟောကိန်း(၁၉၂၈ ၊ ၁၉၄၀ ၊ ၁၉၅၂ ၊ ၁၉၆၄ ၊ ၁၉၇၆ ၊ ၁၉၈၈ ၊ ၂၀၀၀ ၊ ၂၀၁၂)




စွမ်းရည်ပြည့်ဝခြင်း၊ တီထွင်ဆန်းသစ်နိုင်ခြင်း၊ ရဲရင့်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း၊ လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိခြင်း အစရှိတဲ့ အချက်တွေက နဂါးနှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ခုနှစ်ထဲမှာ နဂါးနှစ်ဖွားတွေရဲ့ အချစ်ရေးက သူတစ်ပါးကြားမှာ ကိုယ်ကဝင်မိတာမျိုး ကြုံရတတ်ပါတယ်။ မလိုအပ်တဲ့ သုံးဖြုန်းမှုတွေရှောင်ရှားပြီး ပိုက်ဆံစုသင့်တဲ့ ကာလလည်းဖြစ်ပါတယ်။ လက်ရှိမကောင်းတဲ့ အချစ်ရေးကိုမေ့ထားပြီး အချစ်သစ်ရှာတာက သင့်အတွက်အကောင်းဆုံးဖြစ်ပြီး ချစ်သူသစ်က သင့်ကိုထောက်ပံ့ကူညီမှုတွေပေးပါလိမ့်မယ်။ ဆွေမျိုးမိသားစုထဲက ကိုယ့်ထက်အသက်ကြီးမြင့်သူတို့ရဲ့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ပေးလိုက်ပါ။ အလုပ်နဲ့ပတ်သက်ရင်တော့ လက်ရှိလုပ်နေတဲ့ မလုပ်မရှုပ်မပြုတ်ဆိုတဲ့ Comfort zone ထဲကနေ ထွက်ပြီး သင့်တော်တဲ့ အလုပ်သစ်တစ်ခု စတင်ဖို့ အချိန်ကျနေပါပြီ။

နဂါးနှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Araham Lincoln ၊ Bruce Lee ၊ Keanu Reeves ၊ Rihanna ၊ Li Ka-Shing


၂၀၁၉ ခုနှစ်အတွက် မြွေနှစ်ဖွားဟောကိန်း(၁၉၂၉ ၊ ၁၉၄၁ ၊ ၁၉၅၃ ၊ ၁၉၆၅ ၊ ၁၉၇၇ ၊ ၁၉၈၉ ၊ ၁၉၉၁ ၊ ၂၀၀၁ ၊ ၂၀၁၃)




ဥာဏ်ပညာကြီးခြင်း၊ အမျှော်အမြင်ရှိခြင်း၊ တက်ကြွဖျတ်လတ်ခြင်း၊ ဆွဲဆောင်မှုအားကောင်းပြီး မေတ္တာတရားထားတတ်ခြင်း အစရှိတဲ့ အချက်တွေက မြွေနှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ မြွေနှစ်ဖွားတွေအနေနဲ့ စိတ်ရှည်သည်းခံမှ လမ်းကြောင်းမှန်ပေါ်ရောက်မယ်လို့ ဆိုရမှာပါ။ ဒီနှစ်ထဲမှာ တွေ့ကြုံရမယ့် ကိစ္စရပ်တွေကတော်တော်လေးကို သည်းခံနိုင်မှ အဆင်ပြေပါလိမ့်မယ်။ လုပ်ဆောင်စရာကိစ္စရပ်တွေမှာ အမှားအယွင်း၊ ဆုံးရှုံးပျက်ယွင်းမှု နည်းနိုင်သမျှ နည်းအောင် ပလန်ချသင့်ပါတယ်။ လက်တွေ့မကျ တကယ်ဖြစ်မလာနိုင်တဲ့ ရည်မှန်းချက်တွေနောက်ကိုလိုက်ပြီး အချိန်ကုန်လူပင်ပန်းမဖြစ်သင့်တော့ပါဘူး။ စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အလဟဿ ငွေဖြုန်းတီးမှုတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အလုပ်တာဝန်တွေကို ခေတ္တမေ့ထားပြီး ကိုယ်သွားမယ်လို့ ကြံရွယ်ထားတဲ့ နေရာတွေကို ခရီးထွက်ပြီး သင့်ကိုယ်သင် ဂုဏ်ပြုပေးလိုက်တာက အသင့်တော်ဆုံးပါပဲ။

မြွေနှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Muhammad Ali ၊ Oprah Winfrey ၊ Robert Downey Jr ၊ Taylor Swift ၊ J.K Rowling


၂၀၁၉ ခုနှစ်အတွက် မြင်းနှစ်ဖွားဟောကိန်း(၁၉၃၀ ၊ ၁၉၄၂ ၊ ၁၉၅၄ ၊ ၁၉၆၆ ၊ ၁၉၇၈ ၊ ၁၉၉၀ ၊ ၂၀၀၂ ၊ ၂၀၁၄)




စွမ်းရည်ပြည့်ဝခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း၊ အမှီခိုကင်းခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ စိတ်ဆန္ဒပြင်းပြခြင်း အစရှိတဲ့ အချက်တွေက မြင်းနှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ မြင်းနှစ်ဖွားတွေအနေနဲ့ အရာအားလုံးကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရရှိလာတော့မှာဖြစ်ပါတယ်။ အလုပ်ရှင်နဲ့ အထက်လူကြီးတွေကလည်း သင့်ရဲ့ စိတ်ကူးအိပ်မက်တွေ ဖြစ်လာဖို့ ပံ့ပိုးပေးကြပါလိမ့်မယ်။ သင့်ရဲ့ အရည်အချင်းတွေတိုးတက်လာပြီး သင့်ပတ်ဝန်းကျင်မှာ ရှိသမျှလူအားလုံးကို လွှမ်းမိုးလာနိုင်မှာဖြစ်ပါတယ်။ ပြဿနာတစ်ခုကို အလွယ်တကူဖြေရှင်းပေးနိုင်တဲ့သင့်ရဲ့ စွမ်းရည်နဲ့ တစ်ခြားသူတွေကို ကူညီပေးနိုင်မှာဖြစ်ပြီး သတိလက်လွတ်နေမိလို့ ထင်မှတ်မထားတဲ့ ထိခိုက်မှုတစ်ခုလည်း ကြုံရဖွယ်ရှိနေလို့ သတိပြုသင့်ပါတယ်။

မြင်းနှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Nelson Mandela ၊ Warren Buffett ၊ Paul McCartney ၊ Jackie Chan ၊ Jennifer Lawrence


၂၀၁၉ ခုနှစ်အတွက် ဆိတ်နှစ်ဖွားဟောကိန်း(၁၉၃၁ ၊ ၁၉၄၃ ၊ ၁၉၅၅ ၊ ၁၉၆၇ ၊ ၁၉၇၉ ၊ ၁၉၉၁ ၊ ၂၀၀၃ ၊ ၂၀၁၅)




ယဉ်ကျေးခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ ရှက်တတ်ခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်း၊ တည်ငြိမ်စွာဆုံးဖြတ်တတ်ခြင်း အစရှိတဲ့ အချက်တွေက ဆိတ်နှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ ဆိတ်နှစ်ဖွားတွေအနေနဲ့ ကောင်းသောပြောင်းလဲခြင်းတွေဖြစ်လာပြီး မနှစ်က မကောင်းခဲ့တဲ့ ကိစ္စရပ်တွေလည်း ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။ လူသစ်စိတ်သစ်နဲ့ စတင်နိုင်မယ့်နှစ်ဖြစ်ပြီး ကိုယ်ကျွမ်းကျင်ရာနယ်ပယ်မှာလည်း ဆရာတစ်ဆူ ဖြစ်လာမှာပါ။ ဒါပေမယ့်အလုပ်မက်တဲ့သင့်အတွက် တစ်ခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအားနည်းစေပြီး အပေါင်းအသင်းနည်းလာစေမှာပါ။ လုပ်ငန်းဆောင်ရွက်မှုမှာ အရမ်းများတဲ့ Risk ယူတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ သင့်ရဲ့ စိတ်ခံစားချက်က သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ဖြစ်ရပ်တွေပေါ်မူတည်ပြီး အပြောင်းအလဲမြန်တတ်တာကလည်း သတိပြုစရာပါပဲ။

ဆိတ်နှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Steve Jobs ၊ Bill Gates ၊ Nicole Kidman ၊ Chris Pratt ၊ Chow Yun-Fat


၂၀၁၉ ခုနှစ်အတွက် မျောက်နှစ်ဖွားဟောကိန်း(၁၉၃၂ ၊ ၁၉၄၄ ၊ ၁၉၅၆ ၊ ၁၉၆၈ ၊ ၁၉၈၀ ၊ ၁၉၉၂ ၊ ၂၀၀၄ ၊ ၂၀၁၆)




ဥာဏ်ကောင်းခြင်း၊ ဖြတ်ထိုးဥာဏ်ရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊ သြဇာအာဏာလွမ်းမိုးနိုင်ခြင်း၊ တီထွင်နိုင်စွမ်းရှိခြင်း အစရှိတဲ့အချက်တွေက မျောက်နှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ မျောက်နှစ်ဖွားတွေအနေနဲ့ ကောင်းမွန်တဲ့ ဖြစ်ရပ်တွေဖြစ်လာတော့မှာပါ၊ ရင်းနှီးမြှုပ်နှံမှုတွေကနေလည်း ငွေကြေးအမြောက်အမြား ရရှိပြီး ချမ်းသာသုခပြည့်ဝမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေရရှိလာတာအပေါ် အရယူပြီး ရှေ့ဆက်တက်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ တစ်ချို့လူတွေက သင့်ရဲ့အောင်မြင်မှုအပေါ် မနာလိုဖြစ်ပြီး နှောင့်ယှက်တာကနေ အမှုအခင်းရင်ဆိုင်ရကိန်းရှိလို့ သတိပြုရှောင်ရှားသင့်ပါတယ်။ ပြဿနာတစ်ခုဖြစ်လာရင် တစ်ယောက်တည်းကြိတ်ဖြေရှင်းနေတာမျိုးထက် တစ်ခြားသူတွေရဲ့ အကူအညီနဲ့ စုပေါင်းဖြေရှင်းတာက နည်းလမ်းကောင်းဖြစ်ပါလိမ့်မယ်။

မျောက်နှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - George Lucas ၊ Celine Dion ၊ Tom Hanks ၊ Yao Ming ၊ Miley Cyrus


၂၀၁၉ ခုနှစ်အတွက် ကြက်နှစ်ဖွားဟောကိန်း(၁၉၃၃ ၊ ၁၉၄၅ ၊ ၁၉၅၇ ၊ ၁၉၆၉ ၊ ၁၉၈၁ ၊ ၁၉၉၃ ၊ ၂၀၀၅ ၊ ၂၀၁၇)




အလုပ်ကြိုးစားသူ၊ ရဲရင့်သူ၊ အမှီအခိုကင်းသူ၊ ဟာသအမြင်ရှိပြီး ရိုးသားသူ အစရှိတဲ့ အချက်တွေကတော့ ကြက်နှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ ကြက်နှစ်ဖွားတွေအနေနဲ့ မထင်မှတ်ထားလောက်အောင် ဘဝက အပြောင်းအလဲမြန်ဆန်ပါလိမ့်မယ်။ ဘဝရဲ့ အနိမ့်အမြင့်အတက်အကျမြန်ဆန်မှုအပေါ် အကောင်းမြင်ဝါဒရှိထားမှ တော်ကာကျမှာပါ။ ဒီလိုအချိန်မျိုးက ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး စွမ်းရည်မြှင့်တင်ဖို့နဲ့ စကောလားရှစ်ရယူပြီး ကျောင်းတက်တာမျိုးတွေက အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။ အရှေ့မှာဖြစ်ခဲ့တဲ့ ကိုယ့်အမှားအပေါ် ပြန်လည်သုံးသပ်ပြီး ဒီအပေါ်မှာ အကောင်းဆုံးပြန်လည်ပြုပြင်နိုင်ဖို့လည်း လိုမှာဖြစ်ပါတယ်။ ခရီးသွားနေတုန်း အက်ဆီးဒင့်ဖြစ်တတ်လို့ အထူးသတိထားပေးပါ။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေအတွက် ရရှိလာမယ့် အခွင့်အရေးတွေကိုလည်း အမိအရ ဖမ်းဆုပ်သင့်တဲ့ အချိန်ပါပဲ။

ကြက်နှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Elton John ၊ Cate Blanchett ၊ Roger Federer ၊ Natalie Portman ၊ Jennifer Aniston


၂၀၁၉ ခုနှစ်အတွက် ခွေးနှစ်ဖွားဟောကိန်း(၁၉၃၄ ၊ ၁၉၄၆ ၊ ၁၉၅၈ ၊ ၁၉၇၀ ၊ ၁၉၈၂ ၊ ၁၉၉၄ ၊ ၂၀၀၆ ၊ ၂၀၁၈)




ခင်မင်နှစ်လိုဖွယ်ရှိခြင်း၊ သစ္စာရှိခြင်း၊ ယုံကြည်ရခြင်း၊ စမတ်ကျပြီး ဖြောင့်မတ်ခြင်း အစရှိတဲ့ အချက်တွေက ခွေးနှစ်ဖွားတွေရဲ့ အားသာချက်တွေပါပဲ။ ၂၀၁၉ ဝက်နှစ်မှာ ခွေးနှစ်ဖွားတွေအနေနဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာမှာရော၊ အရည်အချင်းပါ တိုးတက်လာမယ့် နှစ်ပါပဲ။ အခွင့်အရေးအပေါ်မှာ လိုက်လျောညီထွေရယူတတ်မယ်ဆိုရင် အချိန်ကုန်အကျိုးမရှိဖြစ်တတ်တာတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ တစ်ချို့သောစိတ်ပျက်စရာတွေကို တရားသဘောနဲ့ ဖြေတွေးပြီး စိတ်မညစ်သယောင်လည်း ဆောင်တတ်ရပါမယ်။ စိတ်ကိုအနားပေးထားသင့်ပြီး အရာအားလုံးကို နားလည်မှုပေးထားသင့်ပါတယ်။ အမြင်ကျဉ်းကျဉ်းနဲ့ စဉ်းစားဆုံးဖြတ်တာတွေရှောင်ရှားပြီး အမြင်ကျယ်ကျယ် ဆုံးဖြတ်နိုင်ဖို့ ကြိုးစားရမှာပါ။ ဒီနှစ်ထဲမှာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးနိုင်ဖို့ ကြိုးစားပါဦး။

ခွေးနှစ်ဖွားထင်ပေါ်ကျော်ကြားသူများ - Donald Trump ၊ Michael Jackson ၊ Ellen DeGeneres ၊ Lee Chong Wei ၊ Madonna





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..