သားဖြစ်သူကို လက်ဆင့်ကမ်းလိုက်တဲ့ ဂျက်မားရဲ့အောင်မြင်ရေးသော့ချက် (၉)ချက်
popolay.com
|
2019-01-24

အွန်လိုင်းစတိုး ဝဘ်ဆိုက်တွေဖြစ်တဲ့ “အလီဘာဘာ” “တောင်ဘောင်” တို့နဲ့ ကြွယ်ဝချမ်းသာသူ ကမ္ဘာကျော်တရုပ်သဌေးကြီး “ဂျက်မား” က ဘဝအောင်မြင်ရေးအတွက်အရေးကြီးတဲ့ သော့ချက် (၉) ချက်ကို စာတိုလေးတစ်စောင်ရေးပြီး သားဖြစ်သူကို လက်ဆင့်ကမ်းအမွေ ပေးလိုက်ပါတယ်။

အဲဒီအောင်မြင်ရေး သော့ချက်တွေထဲကအချက် (၆)ချက်ကတော့ လူတိုင်းနဲ့ ကိုက်ညီပြီးအောင်မြင်သူတစ်ယောက် ဖြစ်လာအောင် လမ်းညွှန်ပေးနိုင်တာမို့ ဖော်ပြပေးလိုက်ရပါတယ်။
“ဂျက်မား” ရဲ့ စာတိုလေးအစမှာတော့ -

ချစ်လှစွာသော ငါ့သားရေ..
အဖေဒီစာကိုအချက် (၃)ချက်ပေါ်အရင်းခံပြီး ရေးလိုက်ပါတယ်။


− လောကကြီးမှာ ကိုယ်ဘယ်လောက်ကြာကြာအသက်ရှင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူးကွယ့်။  ဒါပေမယ့် တချို့အရာတွေကတော မကြာခင်မှာအခြေအနေ ပိုကောင်းလာနိုင်တယ်လို့ ပြောနိုင်ကြတယ်။


− ဒါတွေကိုအဖေမှ မပြောရင် မင်းကို ဘယ်သူကမှ ပြောပြမှာ မဟုတ်ဘူး။


− ဒီစာမှာရေးထားတဲ့အချက်တွေက ဘဝနဲ့ရင်းပြီးမှ ရခဲ့တဲ့အတွေ့အကြုံတွေပဲဖြစ်တယ်။ သားကြီးပြင်းလာတဲ့အခါ ဒီအချက်တွေကို ဖတ်ပြီးအတွေ့အကြုံတွေရဖို့အချိန်တွေအများကြီး ရင်းနှီးပစ်ဖို့ မလိုတော့ဘူးပေါ့။
သားအနေနဲ့အောက်ကအချက်တွေကိုပဲ ဂရုတစိုက်နဲ့ မေ့မသွားအောင် သတိထားပါ။



အချက် (၁)
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်အချိန်ပေးပြီး သိပ်အာရုံမစိုက်ပါနဲ့။ ကိုယ့်ဘဝကို ကိုယ်တိုင်ဖြတ်သန်းပါ၊ မင်းအပေါ်မှာ မိဘနှစ်ပါးကလွဲပြီး ဘယ်သူကမှ ကောင်းဖို့တာဝန် မရှိဘူးဆိုတာ နားလည်ထားပါ။ ဒါကြောင့် ကိုယ့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့သူတွေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားပါ။



အချက် (၂)
ဘယ်အရာကမှအစားပြန်ထိုးလို့မရနိုင်သလိုအချိန်မရွေးလည်း ကွယ်ပျောက်သွားနိုင်ပါတယ်။ ဒီအချက်ကို သဘောပေါက်ပြီး ဘဝမှာ ကိုယ်နှစ်သက်တဲ့အရာတွေ ပျောက်ဆုံး ပျက်ဆီးသွားတိုင်း ဒါဟာ ကြီးကျယ်တဲ့ ကိစ္စတွေ မဟုတ်ဘူးလို့ နားလည်လိုက်ပါ။




အချက် (၃)
ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့အချိန်ဖြုန်းလိုက်တာနဲ့ နောက်တစ်နေ့မှာ ကိုယ့်ဘဝအတွက်အရေးကြီးတဲ့အရာတွေဟာ ကိုယ့်ဆီကနေ ထွက်သွားပြီဆိုတာ သိလာလိမ့်မယ်။
ဒါကြောင့်မို့အချိန်မဖြုန်းပဲ ဘဝကို တန်ဖိုးထားလိုက်တာနဲ့ နေ့ရက်တိုင်းဟာ ပိုပြီး ပျော်စရာကောင်းလာလိမ့်မယ်။အသက်ရှည်ရှည်နေရဖို့ မျှော်လင့်တာထက်စာရင် ဒီအရာကသာ ဘဝမှာ ပိုပြီးနေပျော်စေတာပါ။



အချက် (၄)
အချစ်ဆိုတာ ခံစားမှုတွေအများကြီးထဲက ခံစားချက် တစ်မျိုးပါပဲ၊အချိန်ကြာလာတာနဲ့အမျှအချစ်နဲ့အပေါ်ထားတဲ့ သဘောထား စိတ်ခံစားချက်ကလည်း ပြောင်းလဲလာပါလိမ့်မယ်။ ကိုယ့်အတွက်အရေးအကြီးဆုံးပဲလို့ သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကိုထားခဲ့ပြီးအနားက ထွက်သွားတဲ့အခါ၊အချစ်နဲ့ပက်သက်တဲ့ ခံစားချက်တွေအရှိန်မတင်လိုက်ပါနဲ့ဦး၊ သည်းခံစိတ်နဲ့အချိန်ပေးစောင့်နေလိုက်ပါ နှလုံးသားရဲ့ ခံစားချက်တွေအချိန်ကြာလာတာနဲ့အမျှ လျော့ပါးသက်သာ ပျောက်ကင်းသွားပါလိမ့်မယ်။

အဲဒီလိုအချိန်မျိုးမှာအချစ်ကြောင့်အလွန်အကျွံစိတ်ခံစားရတာမျိုး မဖြစ်ပါစေနဲ့။



အချက် (၅)
ပညာအရည်အချင်း ကောင်းကောင်းမရှိပဲအောင်မြင်နေတဲ့သူတွေကို ပတ်ဝန်းကျင်မှာ တွေ့ကောင်း တွေ့ရပါလိမ့်မယ်။ ဒါတွေကိုကြည့်ပြီး ပညာကောင်းကောင်းမတတ်လည်းအောင်မြင်တဲ့သူ ဖြစ်နိုင်ပါလားဆိုတဲ့အတွေးမျိုး တွေးဖို့ မဟုတ်ဘူးနော်။
ကိုယ်ဆည်းပူးလေ့လာထားသမျှအရာတွေဟာအလဟသမဟုတ်ပဲ ကိုယ့်အတွက် လက်နက်တွေပဲဆိုတာ မမေ့ပါနဲ့။ လူတွေဟာ စီးပွားရေးစလုပ်ကြတဲ့အခါ လက်ချည်းသက်သက်မဟုတ်ပဲ သူတို့တတ်ထားတဲ့ ပညာတွေကိုပါ လက်နက်လိုအသုံးချသွားတယ်ဆိုတာ သိထားပါ။



အချက် (၆)
အဖေ ထီထိုးခဲ့တာ ၂၆ နှစ်လုံးလုံးပဲ၊ တတိယဆုလေးတောင် မပေါက်ဖူးဘူး။
ဒါက ဘာကို သက်သေပြလဲဆိုရင် လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် ကံကိုချည်းပဲအားကိုးနေလို့မရပဲ လုံးလ၊ ဝိရိယနဲ့ ကိုယ့်မှာရှိသမျှအားကုန်သုံးမှ ရတယ်ဆိုတာပါပဲ။
ဘဝမှာအလကားရတာ ဘာမှမရှိဘူး။



အချက် (၇)
အဖေ့ဘဝရဲ့ ကျန်တဲ့တစ်ဝက်ကို ငါ့သားက ပြုစုစောင့်ရှောက်ပေးပါလို့ မပြောဘူးအဲဒီအစား သားရဲ့ ကျန်တဲ့ ဘဝကို ကိုယ်တိုင်ပြုစုပျိုးထောင်ဖို့အဖေပြောချင်တယ်။
သားအရွယ်ရောက်လာတာနဲ့အဖေ့ရဲ့ ဖခင်တာဝန်ပြီးဆုံးပြီ။အဲဒီအချိန်ကစပြီး ငါ့သားဟာ ဘတ်စ်ကားတိုးစီးနေရတာ ဒါမှမဟုတ် မာစီးဒီးကားပေါ်မှာ ဇိမ်ကျကျ ရှိနေတာတွေအားလုံးက ကိုယ့်ဘဝ ကိုယ့်တာဝန်တွေသာ ဖြစ်တယ်။



အချက် (၈)
ကိုယ့်ရဲ့ ဂုဏ်သိက္ခာဆိုတာ ကိုယ်တိုင်ပဲ ထိန်းသိမ်းရမှာဖြစ်တယ်၊အခြားသူကို ထိန်းသိမ်းခိုင်လို့မရဘူး။ လူတွေအပေါ် ကောင်းကောင်းဆက်ဆံဖို့ ကိုယ့်ကိုယ်ကို ညွှန်ကြားလို့ရပေမယ့် ကိုယ့်အပေါ် လူတွေကောင်းကောင်းမွန်မွန် ဆက်ဆံလာဖို့ကိုတော့အများကြီး မျှော်လင့်ထားလို့မရဘူး။

ဆိုလိုတာက ငါကသူတို့ကို ကောင်းကောင်းဆက်ဆံရင် သူတို့ကလည်း ငါ့အပေါ် ကောင်းကောင်းပြန်ဆက်ဆံသင့်တယ်လို့ မတွေးထားပါနဲ့။ ဒီအချက်ကို သဘောမပေါက်ရင်တော့ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေပဲ ရလာလိမ့်မယ်။



အချက် (၉)
ဆွေမျိုးဆိုတာ ကံကြမ္မာအရ တစ်ကြိမ်တစ်ခါ ဆုံလာကြတာပါ။ တို့တွေ ဘယ်လောက်ကြာကြာအတူတူနေရမလဲဆိုတာကို မတွေးပဲအတူတူရှိနေတဲ့အချိန်တွေကို ဘယ်လိုတန်ဖိုးထားပြီး ပျော်ရွှင်အောင်နေရမလဲဆိုတာပဲ တွေးပါ။

ဖော်ပြပါအချက် (၉)ချက်ကတော့ “ဂျက်မား” က သူ့ရဲ့ သားကို လက်ဆင့်ကမ်းပေးတဲ့ တန်ဖိုးရှိလှတဲ့အောင်မြင်ရေး သောချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို လိုက်နာကျင့်ကြံမယ်ဆိုရင်တော့ ဘယ်သူမဆိုအောင်မြင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။

(ပိုပိုလေးအဖွဲ့သားများ)





Some text some message..