အချစ် နဲ့ ပိုက်ဆံ ဘယ်အရာက ပိုပြီးအရေးကြီးလဲ..?
အလွန်ဖြေရခက်တဲ့ မေးခွန်းတွေထဲမှာ ဒီမေးခွန်းလည်းပါမယ်ထင်ပါတယ်နော်..။
ပိုက်ဆံကအရေးကြီးတယ်လို့ ဖြေတဲ့လူတွေလည်း ရှိကြပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ ‘No Money No Honey’ ဆိုတဲ့ စကားအတိုင်း ပိုက်ဆံမရှိရင်အချစ်ရေးမှာလည်း ကျရှုံးမယ်၊ ပိုက်ဆံကသာလျှင် စုံတွဲနှစ်ဦးကြားက ဆက်ဆံရေးကို မခွဲအတူလို ကော်နဲ့ကပ်ထားနိုင်တယ်လို့ ယုံကြည်ထားကြလို့ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့အချစ်(မေတ္တာ)ဟာ ငွေကြေးပိုက်ဆံထက် ပိုပြီးအရေးကြီးတယ်လို့ ယူဆထားကြသူတွေလည်း ရှိနေပါတယ်။အကြောင်းပြချက်ကတော့ ပိုက်ဆံနဲ့အချစ်ကို ဝယ်ယူလို့ မရသလို ကမ္ဘာကြီးဟာ ချစ်ခြင်းမေတ္တာနဲ့ပဲ လည်ပတ်နေတယ်လို့ ခံယူထားကြလို့ပါ။
ကဲ.. မိတ်ဆွေရဲ့ ဘဝမှာရော ပိုက်ဆံကအရေးကြီးသလား၊ ချစ်ခြင်းမေတ္တာက ပိုပြီးအရေးပါသလား ဆိုတာအခုဆောင်းပါးလေးကို ဆုံးအောင်ဆုံးအောင်ဖတ်ရှုပြီး ရှာဖွေစမ်းစစ်လိုက်ပါဦး။
ပိုက်ဆံလား..?အချစ်လား..?
ဘာကြောင့် ပိုက်ဆံကအရေးကြီးတာလဲ..?
အရင်ဆုံး ပိုက်ဆံအကြောင်း ပြောကြရအောင်ပါ။ “ပိုက်ဆံက ဘာလို့အရေးကြီးတာလဲ..?” လို့ မေးတဲ့ လူဟာ ဦးနှောက်မှ မှန်ရဲ့လားလို့တောင် စဉ်းစားစရာပါ။ လူတွေဟာ ပိုက်ဆံကို နေ့စဉ်အကြောင်းအမျိုးမျိုးနဲ့ သုံးနေကြရတာကြောင့် ပိုက်ဆံဘာလို့အရေးကြီးတာလဲဆိုတာ မေးစရာတောင် မလိုပါဘူးနော်။
လူတွေဟာ နေ့စဉ်စားဝတ်နေရေး ကိစ္စအဝဝအတွက် ပိုက်ဆံနဲ့ပဲ ဖြေရှင်းနေကြရတာပါ။ ဒီတော့ ပိုက်ဆံက တစ်ကယ်ပဲအရေးကြီးပါတယ်။ ဘဝမှာ ကျကျနနအေးအေးလူလူနေနိုင်ဖို့ဆိုတာ ပိုက်ဆံ မပါလို့မဖြစ်ပါဘူး။ ပိုက်ဆံဟာ လူသားဘဝကို စီရင်နေတဲ့အရာဖြစ်ပါတယ်၊အခုလိုခေတ်ကြီးထဲမှာ ပိုလို့တောင်အရေးပါနေပါတယ်။ ပိုက်ဆံမရှိလို့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေအများကြီး တွေ့ရမှာပါ။
နေ့တိုင်းလုပ်သမျှကိုင်သမျှတွေဟာ ငွေကြေးနဲ့ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး ပက်သက်နေတဲ့အတွက် ပိုက်ဆံဆိုတာအငြင်းပွားစရာမရှိအောင် လူတိုင်းရဲ့နေ့စဉ် ဘဝမှာအရေးပါနေပါတယ်။
သက်တောင့်သက်သာရှိဖို့ ပိုက်ဆံက စွမ်းနိုင်တယ်။
ပိုက်ဆံရှိမှ ကျန်းမာရေးကို စောင့်ရှောကနိုင်မယ်။
ပိုက်ဆံက ကိုယ့်အတွက်အခွင့်အလမ်းတွေကို ပိုပြီးဖန်တီးနိုင်တယ်။
ပိုက်ဆံကအခြားသူတွေကို ကူညီနိုင်တယ်။
အချစ်(မေတ္တာ)ဘာကြောင့်အရေးကြီးတာလဲ..?
အချစ်ကို ခံစားမှု တစ်ခုအဖြစ် ဖော်ညွှန်းပါတယ်။ စိတ်ခံစားမှုတွေထဲက တစ်ခုဖြစ်ပြီး လူအများစုကအချစ် ဆိုတာ လူ့ဘဝအတွက်အရေးအကြီးဆုံး ဖြစ်တယ်လို့ ခံယူထားကြပါတယ်။ ချစ်ခြင်းမေတ္တာအရေးကြီးပုံကို တင်စားဖွဲ့နွဲ့ထားတဲ့အရာတွေ၊အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဟာ မနည်းမနောရှိနေပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်အချစ်ဟာ ဘဝအတွက်အရေးအကြီးဆုံးလို့ သတ်မှတ်ထားသူတွေအများကြီးရှိတာကို သိနိုင်ပါတယ်။
အချစ်ဟာ ဘဝအတွက် ဘယ်လောက်ထိအရေးပါလဲဆိုရင် ချစ်ခြင်းမေတ္တာကသာ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။ လူသားဆိုတဲ့ သဘောသဘာဝအရ လူတိုင်းမှာအခြားလူတစ်ဦးကို ချိပ်ဆက်နိုင်တဲ့ စွမ်းအားကိုယ်စီ ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။
လူမှန်ရင်အချစ်နဲ့ မကင်းပါဘူး။ ခံစားချက်တွေ စိတ်လှုပ်ရှားမှုတွေကနေ လူတို့ရဲ့ ဇီဝကာမဖြစ်စဉ်တွေကို နှိုးဆော် မောင်းနှင်စေပါတယ်။ ချစ်ခြင်းမေတ္တာဟာအရမ်းထူးဆန်းပါတယ် တစ်စုံတစ်ယောက်ဆီက ဘာမှပြန်ရလိုမှုမရှိပဲ ချစ်နေတာ တစ်ခုထဲနဲ့ပဲ ဘဝတစ်ခုလုံးကိုတောင် ပုံပြီးပေးဆပ်ခဲ့တဲ့ သာဓကတွေအများကြီးရှိပါတယ်။ ဒီလိုမျိုးဆိုတာ ချစ်ခြင်းမေတ္တာကသာလျှင် စွမ်းနိုင်တာပါ။ ဒီအချက်က ဘဝမှာအချစ်ဆိုတာ ပိုက်ဆံထက် ပိုပြီးအရေးကြီးတယ် ဆိုတာကို ရိုးရှင်းစွာ ပြသလိုက်တာပါပဲ။
အချစ်ကြောင့် ခွန်အားတွေဖြစ်စေတယ်၊ နိုးကြားမှုတွေရှိလာတယ်။
အချစ်က ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်ပေးနိုင်တယ်။
ချစ်ခြင်းမေတ္တာက တစ်ပါးသူအပေါ် ကြင်နာတတ်တဲ့ စိတ်ကိုမွေးမြူပေးနိုင်တယ်။
ကိုယ်ကိုယ် ပျောက်ဆုံနေတယ်လို့ ခံစားနေရသူဟာအချစ်ကြောင့်သာလျှင် ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့သွားနိုင်ပါတယ်။
ကဲ.. ဒီတော့ စာဖတ်သူတို့ရဲ့ ဘဝမှာအချစ်နဲ့ ပိုက်ဆံ(ငွေကြေး) ဘယ်ဟာက ပို၍အရေးကြီးသလဲ ဆိုတာကို သေသေချာချာ ဆုံးဖြတ်နိုင်ပြီလို့ ထင်ပါတယ်။အခုလိုအချိန်ပေးပြီး ဖတ်ရှုတဲ့အတွက် ပိုပိုလေး မှ များစွာ ကျေးဇူးတင်ပါတယ်။