အိမ်အလုပ်ကူလုပ်ပေးတတ်တဲ့ ကလေးတွေကအရွယ်ရောက်တဲ့အခါ အောင်မြင်နိုင်ချေပိုများ
shwemom.com
|
2019-03-06

မိဘတွေအနေနဲ့ သားသမီးတွေကိုအိမ်အလုပ်ကူခိုင်းဖို့အာပေါက်အောင် ပြောရတာကိုအကျိုးရှိရဲ့လားလို့များ သံသယ ဝင်နေကြပါသလား။ တကယ်တော့ လေ့လာမှု စစ်တမ်းတွေအရအိမ်အလုပ်လုပ်တဲ့ ကလေးတွေအတွက် ကောင်းကျိုးများစွာ ရှိနေတယ်ဆိုတာ သိရပါတယ်။ Inc.com ဝက်ဘ်ဆိုဒ်က ဖော်ပြထားချက်အရ ဟားဗတ်တက္ကသိုလ်ရဲ့ သုတေသနတစ်ခုကနေအောင်မြင်ဖို့ ဘယ်အရာတွေ လိုအပ်လဲဆိုတာ လေ့လာထားပြီးအောက်ပါအချက်တွေကြောင့် ကလေးတွေအိမ်အလုပ်ကူပေးတဲ့အခါအောင်မြင်နိုင်ချေပိုများသူတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။


အိမ်မှုဝေယျာဝစ္စလုပ်ရင်းအလုပ်ကျင့်ဝတ်တွေကို နားလည်လာစေတယ် –အချို့ကလေးတွေကတော့အလုပ်ကျင့်ဝတ်သိဖို့အထူးတလည် သင်ပေးစရာမလိုပေမယ့်အချို့ကတော့ မဟုတ်ပါဘူး။ ထိုအခါအိမ်အလုပ်ကို ကူပေးစေခြင်းနဲ့ လုပ်အားရဲ့ တန်ဖိုးကို သူတို့လေးတွေကို နားလည်လာစေပါတယ်။ တစ်နေရာရာမှာ လုပ်အားပေးလိုက်လို့ ကောင်းတဲ့ ရလဒ်လေးတွေ ဖြစ်လာတဲ့အခါ ကလေးတွေ စိတ်ထဲမှာ နွေးထွေးသွားတာမျိုးဖြစ်စေပါတယ်။ ဒါဟာ လုပ်အားကို တန်ဖိုးထားလာတတ်ခြင်းပါ။


Shutterstock


ဘဝအကြောင်း ပိုနားလည်ထားမယ် – မိဘကအရမ်းအလိုလိုက်ထားပြီး ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ကြီးလာကြသူတွေဟာအရာရာကို လွယ်လွယ်နဲ့ ရနိုင်မယ်၊အကုန်အဆင့်သင့် ရှိနေမယ်ဆိုတဲ့အစွဲနဲ့ ဘဝအကြောင်းကို နားမလည်ကြပါဘူး။အိမ်အလုပ်ကို တာဝန်ခွဲဝေယူရကြတဲ့ ကလေးတွေကတော့ ဘဝမှာ ဘာကိုမှ လွယ်လွယ်မရနိုင်ဘဲ ကိုယ့်လုပ်အားနဲ့ ရှင်သန်ရတဲ့ဘဝက ပိုအဓိပ္ပာယ်ရှိတယ်ဆိုတဲ့အသိနဲ့ ကြီးပြင်းလာကြပါတယ်။


မိဘတွေက သူတို့အတွက် စံနမူနာ – သူတို့လေးတွေက မိဘတွေကို ကြည့်ပြီး နမူနာယူတတ်ကြတဲ့အတွက် မိဘတွေရဲ့ လုပ်ရည်ကိုင်ရည်ကောင်းရင် ကောင်းသလောက် သူတို့ရဲ့အမူအကျင့်တွေ ကောင်းလာအောင်အလွယ်တကူ သင်ယူစေနိုင်ပါတယ်။


ဘဝအတွက် လိုအပ်တဲ့ စွမ်းရည်တွေ –အထက်မှာ ပြောခဲ့သလိုပဲအရာရာကိုအဆင်သင့်ရနေမယ်ဆိုရင် သူတို့အတွက် သူတို့ ဘာကိုမှ မလုပ်တတ်တော့ဘဲ ဖြစ်တတ်ပါတယ်။အိမ်အလုပ်မှာ ကူညီခိုင်းရင် ကူညီခိုင်းသလောက် သူတို့ တတ်ကျွမ်းသွားတဲ့အရာတွေက သူတို့အရွယ်ရောက်တဲ့အခါ ဘဝမှာအခက်အခဲတွေကို ပိုရင်ဆိုင်ဖြေရှင်းသွားနိုင်စွမ်း ရှိလာစေမှာပါ။


အမှီအခိုကင်းသူတွေ –အိမ်အလုပ်ကို ကိုယ်တိုင်လုပ်တဲ့ ကလေးတွေဟာအရာရာကို သူတို့အတွက် တစ်စုံတစ်ယောက်က လုပ်ပေးလိုက်ဖို့ မျှော်လင့်နေတဲ့အကျင့် ရှိကြတော့မှာ မဟုတ်ပါဘူး။ ဖေဖေမရှိလည်း ငါဒါကိုလုပ်လိုက်လို့ ဖြစ်တယ်၊ မေမေ့အစားလည်း ငါဒါကို လုပ်ပေးလိုက်နိုင်တယ် စသဖြင့် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာ စဉ်းစားတတ်သူတွေ ဖြစ်လာကြပါတယ်။


Shutterstock

ဒီလိုဆိုတော့ ကလေးတွေကိုအိမ်အလုပ်ကူစေတဲ့အကျင့်လေးတွေဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း မိဘတွေအနေနဲ့ နားလည်ထားဖို့ လိုပါတယ်။ ဘာခံစားခွင့်မှ ပြန်မရတဲ့အလုပ်ကိုတော့ ဘယ်သူမှ မလုပ်ချင်ကြတာကြောင့် သူတို့လေးတွေ လာကူညီပေးလိုက်လို့အလုပ်တစ်ခု ဖြစ်မြောက်သွားတိုင်း သူတို့ ကြိုက်တတ်တာလေးတွေ (ဥပမာ – စတစ်ကာဆိုလည်း စတစ်ကာ၊ မုန့်ဆိုလည်း မုန့်၊ ဂိမ်းကစားခွင့်ဆိုလည်း ဂိမ်းကစားခွင့်) စသဖြင့် ကိုယ့်ဘက်က ပြန်ခွင့်ပြုလိုက်ဖို့လည်း လိုပါတယ်။အဲ့လိုနည်းနဲ့ ကိုယ့်တာဝန် ကိုယ်ယူတတ်ပြီး၊အမှီအခိုကင်း၊အရည်အချင်းမြင့်တဲ့ သားသမီးလေးတွေကို မွေးထုတ်နိုင်ကြဖို့ သေချာသလောက် ရှိသွားပါပြီနော်။

Ref: The Keeper of the Cheerios




Some text some message..