ထိုင်းမှာ တက်တူးတင်တော့မယ်ဆိုရင် သိထားရမယ့်အချက် (၅)ချက်
popolay.com
|
2019-03-12

တက်တူးထိုးတာကိုအနုပညာတစ်ခုဖြစ် ဒီဘက်ခေတ်မှာ လူငယ်တွေ ပိုလက်ခံလာကြပြီး တက်တူးထိုးတဲ့သူတွေလည်း ယခင်ကထက်စာရင် များပြားလာတာကို တွေ့ရပါတယ်။ ယခင်ကတော့ တက်တူးနဲ့ ပက်သက်ပြီးအမြင်စောင်းမှုတွေ ရှိခဲ့ပေမယ့်အခုအခါအနုပညာသည်တွေကပါအပြိုင်အဆိုင် ထိုးလာကြပြီးတဲ့နောက် တက်တူးဟာ လူငယ်တွေကြား ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်လာနေပါပြီ။

ငွေကြေးအသင့်အတင့် တက်နိုင်သူတွေက တက်တူးကို ပြည်တွင်းမှာသာမက ပြည်ပထိအောင် တကူးတကသွားရောက် ထိုးကြတဲ့ထိကို ရူးသွပ်လာကြပါတယ်။အထူးသဖြင့် ဆေးသား နဲ့ လက်ရာတွေကြောင့် သွားလို့ လာလို့လည်း လွယ်တဲ့ ထိုင်းနိုင်ငံမှာ တက်တူးထိုးကြသူတွေ ရှိပါတယ်။

ဒါကြောင့်မို့ ထိုင်းနိုင်ငံမှာ တက်တူးတင်တော့မယ်ဆိုရင် မသိမဖြစ်အရေးကြီးတဲ့အချက်(၅)ချက် ကို ဖော်ပြလိုက်ရပါတယ်။



၁။ ဘာကြောင့် ထိုင်းနိုင်ငံမှာ တက်တူးထိုးချင်ရတာလဲ








အမှတ်တရလား..?အပျော်သက်သက်လား..? စသည်ဖြင့် ဦးစွာစဉ်းစားပါ။
တက်တူးဆိုတာ ထိုးပြီးရင် ပြန်ဖျက်ဖို့ မလွယ်တဲ့အရာမို့ ကိုယ့်ကိုယ်ပေါ်မှာအတင်ခံဖို့ ထိုင်းအနုပညာသည်တွေရဲ့ လက်ရာတွေက ကိုယ်အကြိုက်နဲ့ ကိုက်ညီပါ့မလား ဆိုတာလည်းအစထဲက လေ့လာဖို့လိုပါတယ်။
“အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုး” ဆိုတဲ့ စာဆိုအတိုင်း တက်တူးမထိုးခင် သေသေချာချာ ပြန်စဉ်းစားဖို့လိုပါတယ်။




၂။ သန့်ရှင်းမှု








ထိုင်းနိုင်ငံမှာ တက်တူးဆိုင်တွေအများအပြားရှိပါတယ်။ တက်တူးဟာအပ်အသုံးပြုပြီးအရေပြားမှာအရုပ်ရေးရတာမို့ တက်တူးဆိုင် ရွေးတော့မယ်ဆိုရင် ကူးစက်ရောဂါတွေ မဖြစ်အောင် ကျန်းမာရေးအရ စနစ်စတကျ လိုက်နာကျင့်သုံးရဲ့လား၊ တက်တူးထိုးတဲ့ ပစ္စည်းတွေ စနစ်တကျ ထားသို ကိုင်တွယ်အသုံးပြုရဲ့လားဆိုတာ ဆိုင်ရဲ့အခြေနေကို တစေ့တစောင်း လေ့လာဖို့လိုပါတယ်။

လိုင်းစင်ရတဲ့ တက်တူးဆိုင်တွေဟာ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌါနကအသိမှတ်ပြု ထုတ်ပေးထားတဲ့ လက်မှတ်ပေါ်မှာ ဆိုင်ရှင်ရဲ့ ဓါတ်ပုံနဲ့တစ်ကွ ဖော်ပြထားပါတယ်။ ကိုယ်ရွေးလိုက်တဲ့ တက်တူးစတူဒီယိုက ဒီလိုလိုင်စင်တွေရှိရဲလား ဆိုတာလည်းအကဲခတ်ပြီးမှ ရွေးချယ်ပါ။




၃။ မထိုးမီ ၊ ထိုးစဉ် ၊ ထိုးပြီး လိုက်နာရန်








တက်တူး မထိုးမီ ၂၄ နာရီကနေ ၄၈ နာရီအတွင်းအရက်သေစာ သောက်သုံးခြင်း၊ ကော်ဖီသောက်ခြင်း၊အကိုက်အခဲပျောက်ဆေး သောက်ထားခြင်းတွေ မလုပ်ရပါဘူး။ ဖော်ပြပါအချက် ၃ ချက်ဟာ သွေးကို ကြဲစေတာကြောင့် တက်တူးထိုးခံနေစဉ် မလိုအပ်ပဲအန္တရာယ်ရှိနိုင်တဲ့ သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင်အိပ်ရေး ဝ,ဝအိပ်ထားဖို့လည်း လိုပါတယ်။ တက်တူးထိုးမယ်ဆိုပြီး နေ့လွဲညစာ ရှောင်တာတွေ မလုပ်ပါနဲ့၊ ပုံမှန်အတိုင်း စားချိန်မှာစားပါ။ ဗိုက်တာမင်စီပါတဲ့အစားအစာတွေဟာ ပျက်ဆီးသွားတဲ့ တစ်ရှုးတွေကို ပြင်ပေးတာကြောင့်အနာကျက်ဖို့အသုံးဝင်ပါတယ်။ နို့ထွက်အစားအစာတွေနဲ့ သကြားတို့ကအနာကျက်တာကို နှေးကွေးစေနိုင်လို့ ရှောင်ရင်အကောင်းဆုံးပါ။

တက်တူးထိုးပြီးအိပ်ပြန်ရောက်တဲ့အခါ ၂ နာရီအတွင်း ပိုးသေစေနိုင်တဲ့ဆပ်ပြာသုံးပြီး မှင်တွေကို ဆေးကြောပါ။ ပြီးနောက် ခရင်မ်လိမ်းထားပေးပါ။အဝတ်အစား ကြပ်တာတွေ ထိုးထားပြီးကာစ တက်တူးပေါ် ဝတ်တာမျိုး သတိထားပါ။




၄။ မလျော်ကန်တဲ့ ပုံတွေ မထိုးခိုင်းမိပါစေနဲ့








ထိုင်းနိုင်ငံရဲ့ လူဦးရေ ၉၄% က ဗုဒ္ဓဘာသာတွေဖြစ်လို့ ဗုဒ္ဓရဲ့ ပုံတော်တွေ ဦးခေါင်းတော်ပုံတွေကို မလေးစားရာရောက်တဲ့ ခန္ဓာကိုယ်ရဲ့ နေရာတွေမှာအလှဆင်လိုတဲ့ သဘောနဲ့ ထိုးခိုင်းတာမျိုး သွားမလုပ်မိပါစေနဲ့။ ဘာသာရေးစော်ကားမှုဖြစ်ပြီး ပြဿနာတက်နိုင်ပါတယ်။

အချို့ဆိုင်တွေကအတိအလင်းဖော်ပြငြင်းဆိုထားသလိုအချို့ဆိုင်တွေမှာ ဖော်ပြကြေညာထားတာ မရှိပါဘူး။ မည်သို့ပင်ဖြစ်စေကာမူ ကိုးကွယ်ယုံကြည်မှုနဲ့ သက်ဆိုင်တဲ့အရုပ်တွေကို မသင့်လျော်တဲ့နေရာမှာ ရေးဆွဲခိုင်းတာမျိုး သတိပြု ရှောင်ကျဉ်ပါ။




၅။ တက်တူးရေးထိုးမယ့် စာလုံးပေါင်း သေချာစစ်ပါ








ဘာသာခြားစကားလုံးတွေကို တက်တူးထိုးခိုင်းတော့မယ်ဆိုရင် မထိုးခင် ကိုယ်တိုင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ဒါ့အပြင် တက်တူးဆရာကိုလည်းအထူးသတိထားပေးဖို့ ထပ်ဆင့်မှာကြားပါ။ ဒီလိုမှ မဟုတ်ရင်တော့ တစ်သက်လုံး နောင်တရ ရမယ့်အဖြစ်မျိုး ကြုံတွေ့ရပါလိမ့်မယ်။

ဖော်ပြပါအချက် (၅)ချက်က ထိုင်းနိုင်ငံမှာ တက်တူးထိုးတဲ့အခါ သတိထားရမယ့်အချက်တွေထဲကအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။




Some text some message..