မွေးစကတော့အူဝဲ၊အူဝဲလို့ပဲ အော်တတ်တဲ့ ကလေးလေးတွေက တဖြည်းဖြည်းနဲ့အသံအမျိုးမျိုးလုပ်တတ်လာတာ သတိထားမိကြမှာပါ။ ဘာသာစကားတွေ သင်ယူဖို့ စလေ့လာနေပြီလေ။ သူကြားရတဲ့အသံတွေနဲ့ မြင်ရတဲ့အရာတွေကိုတွဲမှတ်တတ်လာပြီ၊ သူ့စိတ်ခံစားချက်တွေကို ဖော်ပြဖို့အသံတွေကိုခွဲခြားထွက်တတ်လာပြီ။ ဒီအချိန်မှာ စကားပြောတတ်လာဖို့ ကလေးရဲ့
ဘာသာစကားဖွံ့ဖြိုးမှု
အတွက် မိဘတွေက ပံ့ပိုးကူညီပေးဖို့လိုပါတယ်။ ငယ်စဉ်အရွယ်မှာ စာဖတ်ပြတဲ့မိဘတွေ၊ စကားများများပြောပေးခဲ့တဲ့ မိဘတွေရဲ့သားသမီးတွေက ဝေါဟာရပိုကြွယ်ပြီး ဘာသာစကားတတ်ကျွမ်းမှုမှာ တခြားကလေးတွေထက်သာတယ်လို့ လေ့လာမှုတွေကတွေ့ရှိကြပါတယ်။
ကလေးကိုဘယ်လိုကူညီမလဲ
(၁) စကားများတဲ့မေမေအဖြစ် နေပါ ဘာတွေပဲဖြစ်ဖြစ် တစ်နေ့တာအလုပ်တွေအကြောင်းပဲဖြစ်ဖြစ် ကလေးနားမှာနေရင်းစကားပြောနေပါ။ ကလေးကိုပြန်ပြောပြတာမျိုးက ကိုယ်လည်းအဖော်ရ၊ သူလည်းလေ့လာဖို့ပိုအဆင်ပြေတာပေါ့။ ဥပမာ - သမီးလေးရေ၊ လူလူချိုးမယ်(ရေချိုးမယ်)။ လူလူချိုးပြီးရင် ခါးခါးလူးမယ်၊အပြင်သွားကြမယ်နော် ဆိုတာမျိုး။ သူ့ဘေးမှာ စကားပြောနိုင်လေကောင်းလေပါပဲ။အတုမယူသင့်တဲ့ စကားတွေတော့ ကလေးရှေ့မှာ မပြောနဲ့ပေါ့နော်။ (၂)
ဖတ်ပြပါ
ကလေးကိုပုံပြင်ပြောပြတဲ့ဓလေ့၊ ပုံပြင်ဖတ်ပြတဲ့ဓလေ့က ဟိုးအရင်တည်းက ရှိခဲ့ပါတယ်။ ညအိပ်ခါနီးအချိန်မှာ စာဖတ်ပြတာက ကလေးကို
စာဖတ်တဲ့အလေ့အကျင့်လေး
သင်ပေးသလိုဖြစ်စေပါလိမ့်မယ်။အရွယ်ကြီးလာတာနဲ့အမျှ ပုံပြစာအုပ်တွေကိုယ်တိုင်ဖတ်စေတာ၊ စာအုပ်တွေပေးဖတ်တာ လုပ်လို့ရပါတယ်။ သူ့အတွက် စာအုပ်လေးတွေနဲ့စာအုပ်စင်လုပ်ပေးတာက စာတွေကိုချစ်တတ်လာစေနိုင်ပါတယ်။ (၃)
သီချင်းအတူဆိုမယ်
ကလေးငယ်ငယ်လေးတွေက သီချင်းသံ၊ဂီတသံတွေနဲ့လှုပ်ရှားမှုကို သဘောကျပါတယ်။ မြူးကြွတဲ့သံစဉ်နဲ့ သီချင်းတွေကို ခဏခဏဆိုပြရင်း (ကလေးကမပီလည်း)အတူလိုက်ဆိုခိုင်းပါ။ (၄) ကလေးစိတ်ဝင်စားတဲ့ဘက်ကို လိုက်ပေးပါ ကလေးက ပုံပြင်အကြောင်းစိတ်ဝင်စားတယ်ဆိုအဲဒီအကြောင်းပြောပေးပါ။ သူက ခွေးလေးတွေကို ချစ်တတ်တယ်ဆို ခွေးလေးတွေအကြောင်းပြောပါ။ ကလေးနဲ့စကားပြောပေးတဲ့အခါ သူစိတ်ဝင်တစားနားထောင်လောက်တဲ့အကြောင်းအရာဖြစ်နေရင် ပိုအဆင်ပြေပါတယ်။ သူ့ဆီက တုံ့ပြန်မှုအသံလေးတွေကိုလည်းအသိအမှတ်ပြုပေးပါ။ (၅) ကလေးရဲ့အသံထွက်နဲ့ စကားကိုအပြစ်တင်တာ၊လှောင်တာမလုပ်ပါနဲ့ သူပြောလိုက်တဲ့စကားလုံးတွေကအသံထွက်မမှန်သေးတာ၊ မှားနေတာရှိရင် ချစ်လို့ဝိုင်းရယ်တတ်ကြပါတယ်။ ဒီအသံမှားလေးကိုပဲ ရယ်ချင်လို့ ထပ်ထပ်ပြောခိုင်းတဲ့အခါ ကလေးရဲ့အသံထွက်ကတော်တော်နဲ့မှန်မလာနိုင်တော့ပါဘူး။အရွယ်ရောက်ခါမှပဲအမှန်ကိုသိတော့မှာပါ။ ချစ်လို့ရယ်ကြပေမယ့်အမှန်ကိုတော့ ပြပေးသင့်ပါတယ်။ တော်လိုက်တာ၊ ပြောကြည့်ပါဦး စသည်ဖြင့် ချီးကျူးစကားတွေက ကလေးအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။ (၆)
တီဗီနဲ့ ကွန်ပျူတာ
သိပ်မကြည့်ခိုင်းပါနဲ့ ၂ နှစ်အောက် ကလေးတွေကို တီဗီလုံးဝမကြည့်ခိုင်းဖို့နဲ့ ၂ နှစ်အထက်ကလေးတွေကို တစ်နေ့ နှစ်နာရီထက်ကျော်ပြီး ကွန်ပျူတာမကြည့်စေဖို့အမေရိကန်ကလေးကျန်းမာရေးဌာနရဲ့အကြံပြုချက်မှာပါရှိပါတယ်။ကလေးတွေအတွက်ရည်ရွယ်တဲ့ ပညာရေးအစီအစဉ်တွေ၊ ဖျော်ဖြေရေးနဲ့ဗဟုသုတတွေ၊ ကွန်ပျူတာဂိမ်းတွေရှိပေမယ့် ဖွံ့ဖြိုးဆဲအရွယ်တွေအတွက် မျက်စိကျန်းမာရေးနဲ့အလုံးစုံကျန်းမာရေးအတွက်က မသင့်တော်ပါဘူး။ (၇)
အပြင်ခေါ်သွားပါ
တိရစ္ဆာန်ရုံ၊ ငါးပြတိုက် စတဲ့နေရာတွေကို (လူအရမ်းကျပ်ညပ်နေတဲ့နေရာတွေမှာတော့ ရောဂါပိုးမွှားကူးစက်လွယ်တာကြောင့် ရှောင်ပါ) ခေါ်သွားခြင်းအားဖြင့် ကလေးအတွက် ပြင်ပကမ္ဘာသစ်တစ်ခုကိုဖွင့်လှစ်ပေးလိုက်သလိုပါပဲ။အသစ်အဆန်းတွေမြင်ရတဲ့အခါ မှတ်သားမယ်၊ ကိုယ်ကရှင်းပြပေးတဲ့အခါအသိတိုးမယ်။ ဥပမာ တိရစ္ဆာန်ရုံမှာတွေ့တဲ့အကောင်လေးတွေရဲ့နာမည်ကို သူ့ကိုပြောပြမယ်၊ တိရစ္ဆာန်လေးတွေရဲ့အမူအကျင့်တွေကို သူလေ့လာမယ်၊ပျော်စရာအမှတ်တရတွေ ဖန်တီးပေးမယ်လေ။ တွေ့မြင်သမျှကိုဦးနှောက်ကမှတ်သားမယ်၊အသံမျိုးစုံကိုနားထောင်ပြီးအသံလိုက်ထွက်တတ်လာပါလိမ့်မယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။