
“ သြင်္ကန်အိပ်မက်သူ ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ”
( စ - ဆုံး )
ယနေ့သည်အထက်တန်းပညာရေးနောက်ဆုံးအဆင့်ဖြစ်သည့်
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးအား ဖြေဆိုပြီးခဲ့သည့် နောက်ဆုံးရက်ဖြစ်သည် ၊
ကျောင်းသူကျောင်းသားများစွာတို့သည် သက်ဆိုင်ရာကျောင်းဌာနအသီးသီးများမှ
အသီးသီးထွက်ခွါလာနေကြသည် ၊ တစ်ချို့က မျက်နာလေးတွေလန်းလို့ဝင်းလို့
တစ်ချို့များကျတော့ မျက်နာလေးတွေ ညှိုးလို့… ၊ သူတို့ဖြေဆိုမှုနောက်ဆုံးအနေအထား
အခြေအနေနှင့် ဖြေဆိုခဲ့သမျှဘာသာရပ်များအားလုံးကို ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ခြင်းရှိမရှိကို
သူတို့ကိုယ်တိုင်သိထားနှင့်ပြီးမဟုတ်လော…. ။
ထွန်းသစ်တို့သည်လည်း ထိုနည်းတူစွ….အများနှင့်အတူ
သူငယ်ချင်းများအားခြံရံလျက် ကျောင်းဝန်းပြင်ပသို့ ထွက်ခွါလာကြသည် …
“ ထွန်းသစ် မင်းကြည့်ရတာလည်း မှုံကုတ်ကုတ်နဲ့
မဖြေနိုင်လည်း ပြုံးထားစမ်းပါကွာ…အချိန်တန်အပြင်မှာလာစောင့်နေတဲ့အိမ်ကလူတွေမေးလာရင်
ဖြေနိုင်ပါတယ်လို့ လိမ်မယ့်အတူတူအခုကတည်းက ပြုံးထားစမ်းပါကွာ… ငါတို့ကိုကြည့်စမ်းပါ…
ဟော့ဟိုမှာ ကျော်သက် ၊ နိုင်ဝင်း ၊ တိုးကြီး ၊ ဝါဝါလင်း တို့ကို ကိုကြည့်စမ်းပါ… ၊ သော်တာနှင်း ကိုတော့
သွားမကြည့်နဲ့ သူမဖြေနိုင်ဘူးဆိုတာအမှတ်ပြည့်မရတာကိုပြောတာပဲဖြစ်လိမ့်မယ့် ဟားဟား ”
ထွန်းသစ်လည်း စာမေးပွဲမဖြေနိုင်ခဲ့ပေမယ့်အဖွဲ့ထဲမှ ပျော်ပျော်နေတတ်သူ
ဂျိုကာ သူငယ်ချင်း လင်းမြတ်စကားကိုကြားပြီးနောက် ဘေးဘီမှသူငယ်ချင်းများအားလိုက်ကြည့်မိကာ
ပြုံမိလိုက်သည် ။
မျက်နှာတွင် ဝက်ခြံများစွာထွက်နေသည့် နိုင်ဝင်း နှင့်အဖွဲ့ထဲမှအရပ်အရှည်ဆုံး တိုးကြီး ၊
လေးလုံးလေးဟုအခေါ်ခံရသည့် မျက်မှန်နှင့် ကျော်သက် ..... နောက် မိန်းကလေးသူငယ်ချင်းများဖြစ်ကြသည့်
ဝါဝါလင်း နှင့် သော်တာနှင်း တို့မှာ စာမေးပွဲကြီးပြီးသွားသဖြင့်
သူတို့ခေါင်းပေါ်မှသယ်ဆောင်ထားရသောအလေးအပင်ကြီးတစ်ခုခုအား ပစ်ချလိုက်ကြသူများနယ်
ပေါ့ပါးလန်းဆန်းနေကြသည်ကိုမြင်လိုက်ရသည် ၊ ဖြေနိုင်ခြင်းမဖြေနိုင်ခြင်း စသည့်အတိတ်ကိစ္စ
အကယ်၍များစာမေးပွဲမအောင်ခဲ့လျှင်ဆိုသည့်အနာဂတ်အကြောင်းအရာများအား မစဉ်းစားနေတော့ဘဲ
လက်ရှိ ပစ္စုပ္ပန်တွင်ပင် စာပေးပွဲကြီးပြီးပြီဆိုသည့်အသိဖြင့် ပျော်နေကြခြင်းပင် ၊ ထို့ကြောင့်
ပညာရှိများက ပျော်ချင်လျင်အတိတ်ကိုလည်းပြန်မတွေးနှင့်အနာဂတ်အတွက်လည်း ကြိုမပူလေနှင့်
လက်ရှိ ပစ္စုပ္ပန်တွင်သာ ပျော်အောင်နေထိုင်ဟုတိုကြခြင်းပင်ဖြစ်ကြောင်း သေချာသိသွားခဲ့ချေပြီ ။
“ နင်ဟာ ငါ့တစ်ယောက်တည်းအတွက် ငါ့ရဲ့ကိုယ်စောင့်နတ်လို ”
ထွန်းသစ်တစ်ယောက် လက်ကိုင်ဖုန်းမှ ဖုန်းဝင်လာသံကြားသဖြင့်
ချက်ချင်း ဖုန်းကိုင်လိုက်မိသည် ။
“ ဟဲလို …. ”
“အေး…ထွန်းသစ် ဟေ့ယောင် ငါပါ တိုးကြီး…
မင်းအခု Liပေါ်တက်ခဲ့…. Facebook messenger group မှာ လူစုံနေပြီ မင်းပဲကျန်တယ်
အခုတက်ခဲ့…အရေးကြီးတယ်ပြောစရာရှိလို့….မြန်မြန် ”
မည်သို့မည်ပုံအရေးကြီးနေကြသည်မသိ ထွန်းသစ်လည်း တိုးကြီးဖုန်းချပြီးနောက်
အင်တာနက်ဖွင့်ကာ သူငယ်ချင်းလူရင်းများသာရှိကြသည့် Facebook messenger group chatထဲ
ဝင်ကြည့်လိုက်တော့သည် ။
လင်းမြတ် - “ ဘော်ဒါတို့ရေ ငါတို့စာမေးပွဲကြီးပြီးတဲ့အနေနဲ့ ခေါင်းဆေးပွဲလေးလည်းဖြစ်အောင်
သြင်္ကန်တွင်းလေး လူကြီးတွေမပါဘဲ တို့ချည်းပဲရက်တို ခရီးလေးတစ်ခုသွားကြရအောင်ကွာ ”
တိုးကြီး - “အေးလုပ်လိုက်လေ ကောင်းသားပဲဟ ငါလည်း ခေါင်းဆေးချင်နေတာအတော်ပဲ ဟီးဟီး ”
ဝါဝါလင်း - “ နေပါဦး နင်တို့က ဘယ်သွားဖို့စိတ်ကူးထားလို့လဲ ”
နိုင်ဝင်း - “ ကမ်းခြေဘက် သွားကဲကြမယ်ဆိုရင်ရော …. ”
ကျော်သက် - “ မိုက်တယ် ”
သော်တာနှင်း - “ မိန်းကလေးနှစ်ယောက်တည်း လူကြီးတွေမပါလို့ဖြစ်ပါ့မလား
နင်တို့ကောင်တွေကို ငါစိတ်မချဘူး ”
လင်းမြတ် - “ ဒီအတွက် ဘာမှမပူနဲ့ ငါ့ဦးလေးဝမ်းကွဲကအဝေးပြေးကားတွေထောင်ထားတာ
ငါသူ့ကားတစ်စီးမှာ စီစဉ်ပေးမယ် လူကြီးအနေနဲ့ ယဉ်မောင်းက ငါ့ဦးလေးလူဆိုတော့
စိတ်ချရအောင် မင်းတို့တွေအိမ်ကိုပါ ငါကူပြီးလိမ်ပေးထားမယ်အေးဆေး… ၊
ကမ်းခြေသွားမယ်ဆိုရင်တော့ ငပလီသွားမယ်ကွာ ချောင်းသာက ရေကို ငါမကြိုက်ဘူး
ငပလီက ပိုကောင်းတယ်လို့လူကြီးတွေပြောတာ ကြားဖူးတယ်
ဘယ်လိုလဲ …. ”
ထွန်းသစ် - “ နေစမ်းပါဦး မင်းတို့တွေက ဟုတ်လှချည်လား တကယ်ကြီးလစ်ကြမလို့လား
ဒါနဲ့ ပိုက်ဆံရော..ခရီးစရိတ်ဘယ်လောက်ကျမှာလဲကွ….အရမ်းများရင်ငါလိုက်နိုင်မယ်မထင်ဘူး ”
လင်းမြတ် - “ သူဌေးကလည်း ငြီးပြန်ပြီ…ငါတို့ငြီးဖို့လည်းချန်ပါဦးဟ…. ငါတွက်ကြည့်တာအကြမ်းဖျင်းဆို
ငါတို့အသွားအပြန် နေမှာထိုင်မှာ သွားမှာလာမှာ စာသောက်တာအပြီးအစီးမှ (….)လောက်ပဲ ကျမယ်ကွ
ကားခလည်း ထက်ဝက်လောက်သက်သာအောင် ငါလုပ်ပေးမယ် ”
သော်တာနှင်း - “ လင်းမြတ် နင်က ပိုင်လှချည်လားအဲ့လောက်ဆို ငါတို့အားလုံးအဆင်ပြေလောက်တယ်
ဝါဝါလင်း လိုက်မယ်ဆို ငါလည်းလိုက်မယ် ဒါပဲ…ဒါပေမယ့် နင်တို့ကောင်တွေ ငါတို့မိန်းကလေးတွေကို
စောင့်ရှောက်ပါမယ် ဆွဲလားရမ်းလားမလုပ်ပါဘူးလို့တော့ ကတိပေး… ”
နိုင်ဝင်း - “အမလေး သော်တာရယ်….နင့်ကိုလေ ငါတို့တွေ တစ်ယောက်မှ စိတ်နဲ့တောင်မပစ်မှားဘူး
စိတ်ချ နင့်ကို ကာကွယ်မယ့်သူကလည်း ရှိနေပြီးသားပဲ နင်ကဘာတွေပူနေတာလဲ ဟားဟား ”
နိုင်ဝင်းစကားကြောင့် သော်တာနှင်း နှင့်အတူ သော်တာနှင်းအား တစ်ဖက်သက်
ကြိုက်နေမိသည့် ထွန်းသစ်ပါ Typing ငြိမ်ကျသွားလေတော့သည် ၊ ထွန်းသစ်တစ်ယောက်
သော်တာနှင်းအပေါ် မေတ္တာရှိနေမှန်း သူငယ်ချင်းတစ်ဖွဲ့လုံးအပြင်
သော်တာနှင်းကိုယ်တိုင်ပင်သိနေနှင့်သော်လည်း ဆယ်ကျော်သက်လူငယ်ပီပီ
ဖွင့်မပြောရဲသည့်စိတ်ဖြင့် သူငယ်ချင်းအချစ်နှင်ပင် ကျေနပ်နေရလေသည် ။
မကြာခင် လင်းမြတ်ကြောင့် သူတို့စကားဝိုင်းလေးအသက်ပြန်ဝင်လာခဲ့ပြီ….
“ ကဲဘာလုပ်မှာလဲ ဒိုးမှာလည်း မဒိုးဘူးလား…ပြောပြော ငါတို့
ဟိုမှာ သုံးလေးရက် တစ်ပတ်ပဲနေမှာအေးဆေးရေလေကူးလိုက် ဆော့လိုက် ပျော်ပျော်ကြီးကဲကြမယ်
နောက်ပိုင်း ဒီလူတွေက တစ်ယောက်တစ်နယ်ဆီ လစ်ကြမယ့်သူတွေချည်းပဲ…ပြန်ဆုံချင်ရင်တောင်
ကန်တော့ပွဲနဲ့လိုက်ရလိမ့်မယ်….တို့တွေ ဆယ်ကျော်သက်ဘဝလေး သြင်္ကန်မှာ
အမှန်တရဖြစ်အောင် လူညီလိုက်ကြစို့… ”
အဆွယ်ကောင်းသည့် လင်းမြတ်ကြောင့် Group chat လေးတွင်သူငယ်ချင်းတစ်စုလုံး၏
လက်မအပြာရောင်လေးများ တန်းစီလာတော့သည် …ထိုအခါမှ လင်းမြတ်က …
“ ဒီလိုမှပေါ့ ..ဒါဆိုကြာတယ်ကွာ ငါတို့ (....ရက်)ည သြင်္ကန်အကြိုနေ့မတိုင်ခင်လေး
ရန်ကုန်က စထွက်ကြမယ်ဟေ့ ”
သူငယ်ချင်းများအား စည်းရုံးအောင်မြင်ပြီးနောက်အလွန်ပျော်ရွင်သော
လေသံဖြင့် ငပလီတွင် သူတို့တည်းခိုကြမည့် တည်းခိုခန်းဆီ ဖုန်းကြိုဆက်လိုက်တော့သည်
“ ဟဲလို (….) ဟိုတယ်ကပါ ”
“ ဟုတ်ကဲ့ဗျ…. ကျွန်တော်တို့အခန်းလေးကြိုတင်ပြီး ဘိုကင်ယူထားချင်လို့ပါ
ဟုတ်ကဲ့ မိသားစုခန်းတစ်ခန်းနဲ့ နှစ်ယောက်အိပ်အခန်းတစ်ခန်းလောက် ဘေးချင်းကပ်ရင်ကပ်
ဒါမှမဟုတ် နည်းနည်းကပ်နေတဲ့အခန်းလေးဆိုအဆင်ပြေပါတယ် ”
“ ဟုတ်ကဲ့ရှင့်အခန်းနံပါတ် 13 နဲ့ 14ဆို လူကြီးမင်းပြောတဲ့အခန်းကပ်လျက်ပါပဲဗျ
အခန်းကြီးတစ်ခန်းနဲ့ဘေးက နှစ်ယောက်အိပ်ခန်းလေးပါ… sea view ဆိုတော့ ပိုအဆင်ပြေတယ်ရှင့်
ဈေးကလည်း promotion ရှိနေတော့ (……)ပဲကျပါမယ်ရှင် ”
“ ကောင်းပါပြီဗျ ကျွန်တော်တို့ 13 နဲ့ 14အခန်းကို ယူပါမယ်ကျေးဇူးပါဗျ ”
သောကြာနေ့ည…… ၊ သြင်္ကန်ခရီးစဉ်……
ကောင်းကင်ကိုကြည့်ပြန်တော့ ကြယ်ဟူ၍မည်လောက်သည့်
အလင်းပျောက်သေးသေးလေးများကိုသာ မြင်နေရသည် လမင်းအလင်းဟူ၍ နတ္တိ… ၊
သူတို့သူငယ်ချင်းတစ်စုမှာအထုတ်အပိုးကိုယ်စီဖြင့်အဝေးပြေးကားကြီးတစ်ခုတွင်းမှ
ခုံချင်းကပ်လျက်စီနေရာယူထားနှင့်သည် ။
လင်းမြတ် က ဒရိုက်ဘာ နောက်ကျောက်မှတစ်ဦးတည်းထိုင်နေသည် ၊ လင်းမြတ်ဘေးနားတွင်
အခြားခရီးသွားအမျိုးသမီးငယ်တစ်ဦး ။ တိုးကြီး နှင့် နိုင်ဝင်း တို့က လင်းမြတ်အနောက်ဘက်မှ
ခုံတွင်ထိုင်နေကြသည် ။ ကျော်သက် နှင့် ထွန်းသစ် ၊ တို့က တိုးကြီးတို့အနောက်ခုံ ။ ထွန်းသစ်တို့နှင့်
ဘေးချင်းယှဉ်နေသည့် ခုံတွင်မူ သော်တာနှင်း နှင့် ဝါဝါလင်း….အသီးသီးထိုင်နေကြသည် ။
နေရာစီစဉ်သူမှာ လင်းမြတ်…. ၊ သူ၏နံဘေးတွင် မိန်းမငယ်တစ်ဦး လတ်မှတ်ဖြတ်ထားကြောင်း
ဦးလေးဖြစ်သူထံမှ သိပြီးဖြစ်သဖြင့် တစ်ဦးတည်းနေရာယူထားခြင်းဖြစ်ကြောင်း သူငယ်ချင်း
တစ်စုလုံးမှ သိရှိပြီးဖြစ်ကြသော်လည်း လင်းမြတ်ကို ကြိတ်ကာ ကျေးဇူးတင်နေသူတစ်ဦးရှိနေသည် ၊
ထိုသူမှာ ထွန်းသစ် ပင်ဖြစ်သည် ၊အမှန်ပင်…ထွန်းသစ်နှင့် သော်တာနှင်းတို့ကြားတွင်
လူလျောက်လမ်းတစ်ခုသာရှိနေပြီး ဘေးချင်းထိုင်မနေရသော်လည်းအနေနီးအောင်
စီစဉ်ပေးထားခြင်းပင်မဟုတ်လား ။
ကားပေါ်တွင်လည်းအန္တရယ်ကင်း ပရိတ် ပဌာန်းများအစား…. ၊
သြင်္ကန်သီချင်းများအား ဆက်တိုက်ဖွင့်ထားလျက်ရှိသည် ။
သူတို့သူငယ်ချင်းတစ်စုလုံးစိတ်အားတက်ကြွနေကြသည် ၊ စိတ်ထဲတွင်
မရောက်သေးသည့် ကမ်းခြေကြီးတစ်ခုအားပုံဖော်နေကြရင်း ကြိုတင်ကာ
ရင်ခုန်စိတ်လှုပ်ရှားနေမိကြသည် ၊ သို့သော်အစိုးရိမ်ကြီးလွန်းသူ ထွန်းသစ်တစ်ယောက်
ထူးထူးဆန်းဆန်းတစ်ခုခုကို တွေးလိုက်မိသေးသည်… ၊ ထွန်းသစ်တွေးမိသည်မှာ
အခြားမဟုတ် ….. လူကြီးမိဘများပြောဖူးတာ တစ်ခု……ခရီးသွားလျင် သွားသူများမှာ
လူ စုံဂဏန်းသာသွားရသည် မဂဏန်းသွားလျင် လမ်းခရီးတွင် တစ်ခုခုအန္တရယ်ကြုံတတ်ရသည်ဟု
ကြားဖူးသည် …ဥပမာ ၂ယောက် ၊ ၄ယောက် ၊ ၆ယောက် ၊ ၈ယောက် ၊ ၁၀ယောက်သာ သွားသင့်ပြီး
၁ယောက် ၊ ၃ယောက် ၊ ၅ယောက် ၊ ၇ယောက် ၊ ၉ယောက် မသွားသင့်သည်ကိုဆိုလိုသည်…
အကယ်၍မဖြစ်မနေ မဂဏန်းသွားမည်ဆိုလျင်လည်း ကျောက်တုံးသေးသေးတစ်ခုကိုဖြစ်စေ
လူပုံစံအရုပ်တစ်ခုကိုဖြစ်စေ “ လာမင်းလည်းငါတို့နဲ့အတူလိုက်ခဲ့ကွာ ” ဟု စတိသဘောမျိုး
ပြောကာအိတ်ထဲ ထည့်ပြီး ခေါ်သွားရသည်ဟုသိထားသည် ။ ယနေ့ခေတ်တွင်အယူသီးသည်ဟု
အထင်ခံမည်ကိုလည်းစိုး လူကြီးစကားတွေကိုလည်းတွေးတွေးမိရင်း စိုးရိမ်မိပြန်သည့် ထွန်းသစ်သာလျင်
သူ့အတွေးနှင့်သူ စိတ်ဖိစီးနေမိသည်…နာရီကိုတစ်ချက်ကြည့်မိပြန်တော့ ညသန်းခေါင်ပင်တိုင်နေခဲ့ပြီ ၊
နံဘေးမှ သူငယ်ချင်းက ဟောက်ပင်ဟောက်နေချေပြီ ၊ ညာက်လူသွားလမ်းအကျော်တစ်ဖက်ခုံမှ
မဟေသီလေးမှာလည်းအိပ်စက်နေလေပြီ… ကြည်မဝသည့် ချစ်သူ့မျက်နာလေးကိုသာ
ကြည့်ခွင့်ရတုန်း ထွန်းသစ်တစ်ယောက် တစ်ဝကြီး တစိမ့်စိမ့်ကြည့်နေမိရင်း စိတ်ထဲမှ ချော့သိပ်သည့်
တေးလှလှလေးတစ်ပုဒ်ကိုသီဆိုနေမိရင်း ရင်ခုန်သံတွေက စည်းချက်ညီညီပံ့ပိုးလို့…… ။
အဝေးပြေးကားကြီးတစ်စီးမှာတော့ မဟူရာညနက်ထဲ တွားသွားနေသည့်
အမှောင်သတ္တဝါမရဏမြွေအိုကြီးတစ်ကောင်နှင့်တူသောအဝေးပြေးလမ်းမကြီး၏ ကျောထပ်တွင်
လွတ်မြောက်လမ်းအား မီးမှိန်မှိန်လေးဖြင့်ရှာဖွေကာအားကုန်အသက်လုပြေးလွှားနေရသည့် ဟန်ရှိသည် ၊
ညနက်ကြီး၏ နိမိတ်ဆိုးလှည့်ဖျားမှုကြားမှအဘယ်မှာလွတ်လမ်းရှိနိုင်မည်လော့… ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ဘော်ဒါတို့ရေ ရောက်ပြီဟေ့ ဆင်းကြစို့…. ”
တစ်လမ်းလုံး မည်သို့မည်ပုံအိပ်ပျော်လာခဲ့ကြသည်မသိ….
လင်းမြတ်၏ ကြွေးကြော်သံကြားမှ သူတို့တစ်ဖွဲ့လုံး နိုးလာကြကာအညောင်းအညာများ
ဆန့်လိုက်ကြရင်း ကိုယ့်အိတ်ကိုယ်ပိုက်ရင်း ကားပေါ်မှဆင်းခဲ့ကြသည် ၊ ထို့နောက် လင်းမြတ်ခေါ်ဆောင်ရာ
ဟိုတယ်တစ်ခုအတွင်းဝင်ခဲ့ပြီး ဟိုတယ်အခန်းများဆီရောက်ရှိခဲ့ကြသည် ၊ ပတ်ဝန်းကျင်မှာ ပကတိ ဆိတ်ငြိမ်
အိပ်စက်လျက်ရှိသည် ၊အဝေးမှ ပင်လယ်လေ သင်းသင်းလေးများနှင့် လှိုင်းပုတ်သံများသည်သာ
တစ်ချက်တစ်ချက် ကြားမိသည် ။
“ ဟိုဘက်ခန်းက မိန်းကလေးတွေအဝတ်အစားတွေနေရာချပြီးရင်အခန်းတံခါးတွေသေချာစစ်နော်
ပြီးရင်ရေမိုးချိုးပြီးမှအိပ်….တစ်ခုခုဆို ငါတို့ကိုလှမ်းအော်လိုက်သိလား…ငါတို့ကြားထားတာတော့
လင်းမြတ် နင်တို့ကို ငှားပေးထားတဲ့အခန်းမှာ တလောက ညားခါစလင်မယားအသတ်ခံခဲ့ရတယ်ပြောတယ်
သရဲလည်းအရမ်းခြောက်တယ်တဲ့ သတိထားပြီးအိပ်ကြဦး…ဟိုအစိမ်းသေလင်မယားက
သူတို့ဟန်းနီးမွန်းမှာ လာနှောက်ယှက်တယ်ဆိုပြီးနင်တို့ကို ခြေထောက်လာဆွဲနေဦးမယ် သတိထား… ”
နိုင်ဝင်း၏စကားအဆုံးတွင် တစ်ဖက်အခန်းမှ ဆဲဆံဆိုသံများထွက်လာသဖြင့်
ထွန်းသစ်တို့ ယောကျာ်းလေးတစ်စုအိပ်ချင်မူးတူးဖြစ်နေသည့်ကြားမှ
ရယ်မိလိုက်ကြသေးသည်… ၊ သို့သော် မရယ်နိုင်သူ ကျော်သက်က မျက်လုံးအစုံကို
ပြူးထားလျက် ….
“ နိုင်ဝင်း ဒီဟိုတယ်မှာ ညားခါစ လင်မယားအသက်ခံထားရတာ မင်းက
ဘယ်လိုသိတာလဲ ”
ထိုအခါ နိုင်ဝင်းက ကျော်သက်အား စိတ်မရှည်သလိုကြည့်လျက်….
“ သြော် ငပိန်းကောင်ကလည်း ငါက ကြားဖူးနား၀ သတင်းနဲ့
ဟိုဘက်က ကလေးမတွေကို စနောက်လိုက်တာပါကွာ…. ”
နိုင်ဝင်းပြန်ဖြေလိုက်ရာ ကျော်သက်က ကျောက်ရုပ်ပုံစံ
ဖြူဖျော့သွားရင်း
“ မဟုတ်ဘူး….နိုင်ဝင်း…ငါအတည်ပြောနေတာ…
မင်းပြောတာအမှန်ပဲ….အဲ့ဒီအခန်းမှာ တကယ် ညားခါစလင်မယား
အသတ်ခံထားရတာ ငါတို့ငယ်ငယ်က ဟိုးဟိုးကျော်သွားတဲ့သတင်းက
အမှန်ပဲ…ငါအဖေ ရဲတပ်ဖွဲ့ကအနားမယူခင်က တတွတ်တွတ်ပြောနေကြ မှုခင်းတွေထဲက
ဒီဟိုတယ်နာမည်နဲ့ ဒီအခန်းအကြောင်း ငါအမြဲကြားနေကြ …ညဆိုရင်…. ”
ပြောနေသည့်စကားကို ဆက်မပြောဝံ့တော့ဘဲ ရပ်လိုက်ရင်း ကျော်သက်ချက်ချင်း
အိပ်ယာပေါ်ပြေးတက်ကာ စောင်ကို ခေါင်းအထိ ခြုံထားလိုက်တော့သည် ၊ ကျော်သက်စကားများအား
နားထောင်နေသူ သူငယ်ချင်းများမှာလည်း သရဲဟူသည့် ဝေါဟာရနှင့် စိမ်းသူများမဟုတ်သဖြင့်
ချင်ချင်းပင်အိပ်ယာပေါ်ပြေးတက်ကြကာ နေရာယာထားရင်းတစ်ဦးနှင့်တစ်ဦးကပ်ထားလိုက်ကြတော့သည် ၊
ထွန်းသစ်တစ်ဦးသာ တစ်ဖက်ခန်းအား စိတ်ပူနေရင်းမအိပ်နိုင်ခဲ့ချေ…. ။
“ ဒေါက်ဒေါက်ဒေါက်အထဲမှာဘယ်သူရှိလဲ ”
အိပ်ပျော်ခါစတွင်အခန်းတံခါးခေါက်သံကြားလိုက်ရသဖြင့့် ထွန်းသစ်တို့လူစု
ခေါင်းနပန်းကြီးသွားမိကြရင်းအကုန်လန့်နိုးလာကာ တစ်ယောက်မျက်နာတစ်ယောက်ကြည့်ရင်း
မင်းတံခါးသွားဖွင့်ပေးလိုက် ငါတံခါးသွားဖွင့်ပေးလိုက်ဟုအချင်းချင်း မျက်နာရိပ်မျက်နာကဲပြနေကြသည် ၊
မည်သူမျှကုတင်ပေါ်ကမဆင်းရဲကြဘဲ တစ်ယောက်နှင့်တစ်ယောက်သာ ပူးကပ်ထားမိကြသည် ၊
ထိုအသံမှာ မိနစ်ပိုင်းအတွင်းပျောက်သွားခဲ့ပြန်သည် ၊ ထိုအခါမှအားလုံးက လေသံဖြင့်
လင်းမြတ်အားဝိုင်းအပြစ်တင်ကြတော့သည် ၊ လင်းမြတ်သည်လည်း ထိုအခါမှ
ဤအခန်းများအား ဈေးသက်သာစွာဖြင့် ရခဲ့ကြောင်းကို ပြန်စဉ်းစားနေမိကာ ထိတ်လန့်သွားမိသည် ။
တစ်ပြိုင်တည်းဆိုသလိုပင် မိန်းကလေးငယ်နှစ်ဦးတည်းရှိနေသည့်အခန်းမှ
စူးစူးဝါးဝါးအော်သံထွက်လာတော့သည် ….
အော်သံကြားကြားချင်း သူတို့အားလုံးသူငယ်ချင်းမိန်းကလေးနှစ်ဦးအတွက်
စိတ်ပူသွားကြပြီးအခန်းထဲမှ ချက်ချင်းကုန်းထလာကာ တစ်ဖက်အခန်းဆီပြေးသွားရန်
အခန်းတံခါးဖွင့်မိလိုက်သည် ၊အခန်းတံခါးဖွင့်သည်နှင့်တစ်ပြိုင်တည်းအေးစက်မှုတစ်ခုကို
ခံစားမိလိုက်ကြပြီး သူတို့အခန်းတွင်းသို့ မိန်းကလေးသူငယ်ချင်းနှစ်ဦးပြေးဝင်လာသည်ကိုလည်း
ကြုံလိုက်ရသည်… ၊ မိန်းကလေးများမည်သို့ဖြစ်သည်မသိ သူတို့အခန်းအတွင်းပြေးဝင်လာပုံမှာ
ဆန်းကျယ်လှသည် ၊ ထူးခြားချက်အနေနှင့်အားလုံးအံ့သြသင့်မိသည်မှာ ထိုမျှအော်ဟစ်သံကြားသော်လည်း
ဟိုတယ်တစ်ခုလုံးရှိ ဝန်ထမ်းများ တစ်ဦးတစ်လေမျှ လာကြည့်ခြင်းမရှိသလိုလျှောက်လမ်းမှ မီးများမှာလည်း
မှိတ်ထားလျက် ဟိုတယ်ကြီးတစ်ခုလုံးပကတိ မှောင်မဲနေလေသည် ။
အခန်းတွင်းဝင်လာသည့် မိန်းကလေးများအား မည်သို့မည်ပုံဖြစ်ခဲ့သည်ကို
ဝိုင်းဝန်းမေးမြန်းရာ သော်တာနှင်း နှင့် ဝါဝါလင်း နှစ်ဦးလုံး ခြေတုန်လက်တုန်းဖြစ်နေရာ
ကျော်သက်မှအမောပြေစေရန် ရေများတိုက်ပြီး မေးမြန်းရာ…. သော်တာနှင်းမှ စပြောလေသည် ..
“ ငါတို့…ငါတို့အိပ်နေတုန်း ရေချိုးခန်နဲကအိမ်သာနားကအသံကြား…ကြား…လို့….”
သော်တာနှင်းစကားမဆုံးခင်မှာပင် ဝါဝါလင်းကဝင်ပြောလေသည် ။
“ ဟုတ်တယ်…ငါတို့အိပ်နေတုန်း ရေချိုးခန်းဘက်က ရေသံတွေကြားလို့ ထကြည့်တော့
ရေချိုးခန်းထဲမှာအမျိုးသမီးတစ်ယောက်ရေချိုးနေတာကိုတွေ့လိုက်ရတယ် ၊ ပြီးတော့
အခန်းဝရန်တာမှာလည်း လူကြီးတစ်ယောက် ဆေးလိပ်တွေဖွာနေတာပါအတိုင်းသားမြင်လိုက်ရတယ်
ငါတို့တံခါးတွေသေချာပိတ်အိပ်လျက်နဲ့ ဒီလူတွေငါတို့အခန်းမှာ ဘယ်လိုရောက်နေတာလဲ….
သေချာတယ်သူတို့လူတွေမဖြစ်နိင်ဘူး..သ..သ..သ..သရဲ…တွေ…ပဲဖြစ်မယ် ”
ထိုအခါ လင်းမြတ်က
“ နင်တို့စိတ်လေးခဏလျော့ထား…
ဟိုကောင်တိုးကြီး ဟိုတယ် Reception ကို ချက်ချင်း ဖုန်းဆက်စမ်းကွာ…. ”
တိုးကြီးက တုန်တုန်ယင်ယင်ဖြင့်အခန်းတွင်းမှ ဖုန်းကိုကိုင်ကာကောက်ဆက်လိုက်ရင်း
လင်းမြတ်ကိုညှိုးငယ်စွာပြန်ကြည့်လျက်
“ ဖုန်းလိုင်းမသွယ်ထားဘူး….. ”
“ ဟင်….. ”
“ ဒါဆို ငါတို့ဒုက္ခရောက်တော့မယ်…အရေးပေါ် 199 ကိုအခုဆက်ကြပါဦးကွာ နေဦး
ငါတို့အိမ်ကိုအကြောင်းကြားရမယ် တစ်ခုခုဆို ကြိုအသိပေးထားတာမမှားဘူး ”
“ ဒါနဲ့ ဘယ်ဖုန်းနဲ့ဆက်ရမှာလဲ ”
“ ဟုတ်သားပဲ ငါတို့ဖုန်းတွေရော… ”
တစ်ဖွဲ့လုံး တစ်ယောက်တစ်ပေါက်ဖြင့် သွေးဆူနေကြရင်း
နိုင်ဝင်းအားပြိုင်ကြည့်လိုက်ကြကာ…ဝါဝါလင်းမှ…
“ နိုင်ဝင်း နင်ငါတို့ကို ကားပေါ်မှာ ဖုန်းတွေမသုံးဘဲ ပတ်ဝန်းကျင်ကိုကြည့်ရင်း
သူငယ်ချင်းတွေ ခရီးသွားတဲ့ရသကို ကောင်းကောင်းခံစားပါဆိုပြီးတစ်ဖွဲ့လုံးဖုန်းတွေ
နင်သိမ်းထားတယ်လေ…ဟိုတယ်ရောက်မှယူဆို..အခုဘယ်မှာလဲ…. ”
နိုင်ဝင်းတစ်ယော်မျက်ဝန်းများအလွန်ပြူးကျယ်သွားရင်း
တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့်
“ ငါ..ငါ…ဖုန်းတွေ ကားပေါ်မှာ မေ့ကျန်ခဲ့တယ်…. ”
“ ဟာ…သေပါပြီ ”
“ ဒီကောင်ကွာ… ”
“ ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ…. ”
ထိုအချိန်မှာပင်အခန်းတံခါးအား တစ်စုံတစ်ယောက်မှ
ခေါက်နေသည့်အသံကိုကြားလိုက်ရလေတော့သည် ….
“ ဒေါက်….ဒေါက်….ဒေါက်…ဒေါက်… ”
“ ဒေါက်….ဒေါက်….ဒေါက်…ဒေါက်… ”
တံခါးခေါက်သံအချက်တိုင်းသည် သူတို့လူစု၏အသည်းနှလုံးများအား
ရူးခါသွားအောင်စွမ်းဆောင်နေခြင်းမည်လောက်သည်…. ၊အားလုံးအသက်ပင်
ရဲရဲမရှုရဲ….ထိုစဉ်းတံခါးဝမှအသံတစ်ခါထပ်ကြားရသည်…အသံမှာအက်ကွဲကွဲဖြင့်လူနှစ်ယောက်
အချင်းချင်းပြောနေဟန်ဖြစ်ပုံရသည် ….
“ ကဲပါလာလာ....သော့ပြန်သွားယူကြရအောင် ”
သော့ပြန်သွားယူကြမည်ဟု ကြားလိုက်ရသဖြင့် သူတို့အားလုံး
ခေါင်းမွှေးများပင် ထောင်သွားချင်လောက်သည် ၊ ဤအခန်းအား သူတို့ ငှားထားနှင့်ပြီး
မဟုတ်လော…. ၊အဘယ့်ကြောင့်အပြင်မှ တစ်စုံတစ်ရာများသည်အခန်းတွင်း
ဝင်ချင်နေကြသနည်း…ဟိုတယ်ဝန်ထမ်းများသည်လည်း ချက်ချင်းကြီး ဘယ်နေရာများ ရောက်ကုန်ကြသနည်း
အိပ်ပျော်နေကြသလော… ၊ စသဖြင့်အတွေးများစွာကြားမှ တိုးကြီးက ထပြောလိုက်သည် ။
“ ငါတို့သူတို့ကိုအခန်းထဲ ပေးဝင်လို့မဖြစ်ဘူး သူတို့က ဘယ်သူမှန်းမသပေမယ့်
မကောင်းတဲ့အရာဆိုတာတော့ သေချာတယ်…ငါတို့က ဒီအခန်းကို ပိုက်ဆံပေးပြီး ငှားထားပြီးသားလေ
ဒါကို ဟိုတယ်ဝန်ထမ်းတွေသိပြီးသား…သေချာတာ သူတို့က ဟိုတယ်ဝန်ထမ်းတွေမဟုတ်ဘူး…
ငါတို့အခန်းထဲပေးဝင်လို့မဖြစ်ဘူး… ”
“ သူတို့က ဘယ်သူတွေလဲ…. ”
“ ဘယ်သူတွေဆိုတာထက်အခုနေငါတို့စည်းလုံးရမယ် ကဲကဲအခန်းထဲက ပရိဘောဂပစ္စည်တွေ
နိုင်သလောက်မကြ…အခန်းတံခါးမကြီးရှေ့မှာအဲ့ပစ္စည်းတွေ ပုံထားကြ ဒါဆို လွယ်လွယ်ဖွင့်လို့မရတော့ဘူး..
ကိုယ့်လူတို့ မြန်မြန်လှုပ်ရှားကြစို့ …. ”
သူတို့သူငယ်ချင်းတစ်စု ပစ္စည်းများမရွှေ့ပြီး တံခါးအား ကာထားပြီးနောက် တံခါးဆီမှ သော့ဖွင့်သံ
ကြားလိုက်ရတော့သည် ….
သူတို့အားလုံး သွေးပျက်ဖွယ် တံခါးနေရာအား စိုက်ကြည့်နေမိကြသည်…
ထိုစဉ်မှာပင်အခန်းတွင်း မီးပျက်သွားပြီးအမှောင်ထုကြီးက ကြီးစိုးသွားတော့သည်…. ၊
အခန်းတံခါးမှာ တစ်ဖြည်းဖြည်းပွင့်လာလေသည်…သို့သော် တံခါးအကုန်မပွင့်သေး…
သူတို့ခုထားသည့် ပစ္စည်းများခံနေသောကြောင့် တံခါးမှာအကုန်မပွင့်နိုင်
အပြင်မှ လူသံများကြားရသော်လည်း ထိုအသံများမှာ သူတိုကနားထဲတွင်
အေးစက်ခြောက်ကပ်လွန်းလှသည်….အားလုံးသိနေကြသည်မှာ
အပြင်မှအရာများမှာ လူလုံးဝမဖြစ်နိုင်ချေ ။
မကြာမှီမှာပင် “ ဝုန်း ” ဆိုသည့်အသံကြီးဖြင့် သူတို့ပိတ်ထားသည့်
အခန်းတံခါးကြီးမှာ ပွင့်ထွက်လာခဲ့ပြီး သူတို့သူငယ်ချင်းအားလုံးမှာ
တစ်ယောက်နားတစ်ယောက်ကပ်ထားလျက် ပြိုင်တူအသံကုန်အော်ဟစ်လိုက်မိကြသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Facebook News Feed တွင်မူ…. သြင်္ကန်အပျော်ခရီးအဖြစ် ငပလီကမ်းခြေသို့သွားသည့်
အဝေးပြေးကားတစ်စင်း လမ်းတွင်အရှိန်ပြင်းထန်စွာ လမ်းဘေးထိုးဆင်းသွားရင်း
ချောက်အတွင်းကျကာ ကားပေါ်တွင်ပါလာသည့်ခရီးသည်တစ်ဝက်ကျော်မှု
သေဆုံးသွားသည့်အကြောင်း ၊ သေဆုံးမှုတွင် ယဉ်မောင်နှင့်အနီးဆုံးနားတွင် ထိုင်ကြသည့်
ကားရှေ့ခြမ်းရှိလူများအားလုံး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြကြောင်းနှင့်
အနောက်ခြမ်းမှ လူအချို့သာအတွင်းလူနာအဖြင့်အသက်ရှင်နေကြကြောင်း ၊
သေဆုံးသူအများစုမှာ ဆယ်ကျော်သက်များဖြစ်ကြကြောင်း ပုံများနှင့်တစ်ကွ
အတိအကျ ဖော်ပြထားလျက်ရှိသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငပလီကမ်းခြေရှိ (…)ဟိုတယ်တစ်ခုတွင်မှာတော့ ဝန်ထမ်းအချို့
အလုပ်များနေကြလေသည် ။
“ မနက်က ဟန်းနီးမွန်းထွက်လာတဲ့ လင်မယားလေ
ဟိုဘက်အခန်း14 နှစ်ယောက်အိပ်ခန်းမှာတည်းအခန်းမှာ မိန်းကလေးအော်သံတွေ
ကြားရလို့ဆိုပြီး ညတွင်းချင်း ဟိုတယ် check out လုပ်သွားကြတယ်…. ”
အခန်းတံခါးတစ်ခုအား ကြိုးစားဖွင့်နေသည့်ဝန်ထမ်းတစ်ဦးစကားကြောင့်
ကျန်ဝန်ထမ်းမှာလည်းပြန်ပြောလိုက်သည် …
“ မင်းက ဝန်ထမ်းအသစ်ဆိုတော့ ဘယ်သိပါ့မလဲ ဒီမှာ
နှစ်တိုင်းအဲလိုပဲကွ….အခုဒီအခန်း13ကိုပဲကြည့် မနေ့ကထိအကောင်းကြီး
အခုအခန်းကဖွင့်မရတော့ဘူး လော့ကျနေတယ်တွေ့လား ၊ ခုနကလည်း
အခန်းထဲက ပစ္စည်းတွေ ခုံတွေ ရွှေ့သံတွေကြားလိုက်တယ်မို့လား… ၊
မင်းမယုံရင်ကြည့်နေအခန်းဖွင့်လိုက်ရင်လည်းအထဲမှာရှိတဲ့ ပရိဘောဂပစ္စည်းတွေအကုန်
ဒီအခန်းတံခါးနားမှာ စုပြီးရောက်နေလိမ့်မယ် …. ”
နေဦးဗျာ ကျွန်တော်စမ်းချင်သေးတယ် တံခါးခေါက်ကြည့်မယ်
မရမှ ကျွန်တော်တို့ သော့သွားယူကြတာပေါ့….
“ ဒေါက်….ဒေါက်….ဒေါက်…ဒေါက်… ”
“ ဒေါက်….ဒေါက်….ဒေါက်…ဒေါက်… ”
အခန်းတွင်းမှအေးစိမ့်စိမ့်အငွေးအသက်များဖြင့်
တိတ်ဆိတ်ချက်ရှိသည် ၊ ထိုအခါမှ ဝန်ထမ်းက လက်လျော့လိုက်ကာ
“ ကဲပါလာလာ....သော့ပြန်သွားယူကြရအောင် ” ဟု ရေရွတ်ကာ သော့ပြန်ယူကြသည်။
အခန်းသော့များကိုင်ရသည့် ဟိုတယ် Reception သို့ရောက်သည့်အခါ
Reception မှ မိန်းကလေးများက ဝန်ထမ်းများအားလှမ်းမေးလိုက်သည်
“ ဘယ်လိုလဲအစ်ကိုတို့အဆင်ပြေရဲ့လား…. ”
“ နင်ကတော့ သိရက်သားနဲကမေးပြန်ပြီ…အဖြစ်က မနှစ်ကလိုပါပဲဟာ…. ”
“ သိသားပဲ သမီးပြောတယ်နော်…သမီးဆီကိုအခန်းဘိုကင်ယူမယ်ဆိုတဲ့ဖုန်း
ဝင်လာပြန်ပြီလို့…… ”
“အေးဆို…နင်တို့လည်းကြာတော့ မကြောက်တော့ဘူးမို့လား… ”
“ ခစ်ခစ်ခစ် ”
“အေးပါရယ်ပါ ငါတို့တော့အခန်းတံခါးဖွင့်ပြီးရင်
ပွနေတဲ့ ပရိဘောဂတွေပါရှင်းရဦးမယ်….ဒီသရဲတွေကလည်း
နှစ်တိုင်းပဲ တော်တော်လည်းအချန်ကွက်တိကျတဲ့ကောင်တွေ
သနားလည်းသနားပါတယ် သေလို့သေမှန်းရော သိကြရဲ့လားမသိဘူး….. ”
ဟိုတယ်ဝန်ထမ်းတစ်ဦး၏သက်ပြင်းလေးတွဲစွာချရင်း
ပြောလိုက်သည့်စကားကြောင့် ကျန်ဝန်ထမ်းအသစ်လေးမှာ
တစ်စုံတစ်ရာအားတွေးတောမိရင်းကြက်သီးထနေမိလေတော့သည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အတာသြင်္ကန်နားနီးလာလေ ပူပြင်းလာလေဖြစ်သည့် ရာသီဥတုမှာလည်း
စိတ်မကြည်မလင်ဖြစ်စေသည် ၊ ရပ်ကွက်ထဲမှအလှူခံဘန်းပြပြီး သီချင်းများအား
နားမခံသာအောင် စပီကာအကြီးကြီးများဖြင့် နှိပ်စက်နေသည်မှာလည်း
စိတ်ပျက်စရာကောင်းလှသည် ။
ပူအိုက်နေသည့်ကြားမှ ချွေးတစ်လုံးလုံးဖြင့် ကြိုးစားအိပ်နေသူအတွက်
အိပ်မက်ဆိုးများသာရှိသည် ။
အဖန်ဖန်ထပ်နေသည့်အိပ်မက်ကို ဆက်တိုက်မက်နေသည့်တိုင်
အိပ်မက်ထဲမှ မနိုးနိုင်သေးသည့်အဖြစ်ကိုကြုံနေစဉ်မှာပင် ထွန်းသစ်၏
ဖုန်းကလေးမှ ထမြည်လာသဖြင့် ချွေးသီးချွေးပေါက်များဖြင့် လန့်နိုးလာခဲ့သည် ….
ဖုန်းသီချင်းသံက….
“ နင်ဟာ ငါ့တစ်ယောက်တည်းအတွက် ငါ့ရဲ့ကိုယ်စောင့်နတ်လို ”
ချက်ချင်း ဖုန်းကိုင်လိုက်ရင်းအိပ်ချင်မူးတူးဖြင့်ထူးလိုက်တော့သည်….
“အေး…ထွန်းသစ် ဟေ့ယောင် ငါပါ တိုးကြီး…
မင်းအခု Liပေါ်တက်ခဲ့…. Facebook messenger group မှာ လူစုံနေပြီ မင်းပဲကျန်တယ်
အခုတက်ခဲ့…အရေးကြီးတယ်ပြောစရာရှိလို့….မြန်မြန် ”
မည်သို့မည်ပုံအရေးကြီးနေကြသည်မသိ ထွန်းသစ်လည်း တိုးကြီးဖုန်းချပြီးနောက်
အင်တာနက်ဖွင့်ကာ သူငယ်ချင်းလူရင်းများသာရှိကြသည့် Facebook messenger group chatထဲ
ဝင်ကြည့်လိုက်တော့သည် ။
#END
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 08.4.2019 ( 10 : 16 Pm )