ဖခင်ရဲ့လမ်းပြမှုကြောင့် စာအုပ်တွေဖတ်ရင်း သန်းကြွယ်သူဌေးလေးဖြစ်အောင် ကြိုးစားနိုင်ခဲ့သူ
yoyarlay.com
|
2019-05-03



သားသမီးကို ဖြစ်ထွန်းအောင်မြင်စေချင်တာက မိဘတိုင်းရဲ့ ဆန္ဒဆိုပေမဲ့ လမ်းကြောင်းအရွေးမှန်အောင် ပျိုးထောင်သွန်သင်ပေးနိုင်တဲ့ မိဘ ရှားပါတယ်။ နောက်တစ်ချက်က မြေတောင်မြှောက်ပေးတဲ့ မိဘရှိရင်တောင် လိုက်နာမှုမရှိတဲ့ သားသမီးကလည်း ရှိနေပါသေးတယ်။

မိဘနဲ့ သားသမီး တက်ညီလက်ညီ တိုးတက်မှုကို လိုက်နာရှာဖွေသူကတော့ ဖလော်ရီဒါပြည်နယ်က (၁၄) နှစ်အရွယ် ကောင်လေး ကယ်လပ်မက်ဒစ် (Caleb Maddix) နဲ့ ဖခင်ဖြစ်သူ မက်(တ်)မက်ဒစ် ( Matt Maddix) တို့ ဖြစ်ပါတယ်။




ကယ်လပ်တစ်ယောက် သူငယ်ချင်းဖြစ်သူအိမ်အလည်သွားချိန်မှာအိမ်အလုပ်တွေ ဝိုင်းကူပေးလို့အမေဖြစ်သူထံက မုန့်ဖိုး ဒေါ်လာ (၂၀) ရတဲ့ သူငယ်ချင်းကို ကြည့်ရင်းအတွေးတစ်ခု ရခဲ့ပါတယ်။ ဒါကတော့ သူလည်း ငွေရှာချင်တယ် ဆိုတာပါပဲ။

ဒါကြောင့်အိမ်ကို တန်းပြန်ပြီး သူ့အဖေကိုအိမ်အလုပ်တွေ ဝိုင်းလုပ်ပေးမှာမို့ မုန့်ဖိုးပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေရဲ့ တုံ့ပြန်မှုက ငယ်ရွယ်တဲ့ ကယ်လပ်အတွက် နည်းနည်းလေး နားရှုပ်ခဲ့ပါတယ်။




ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မုန့်ဖိုး မရလည်းအိမ်အလုပ်ကို ဝိုင်းလုပ်ပေးသင့်တာဖြစ်လို့ တစ်ခြားနည်းလမ်းနဲ့ မုန့်ဖိုးရှာဖို့ မက် (တ်) ကအကြံပေးလိုက်ပါတယ်။ စာအုပ်တစ်အုပ်ဖတ်တိုင်း မုန့်ဖိုး ဒေါ်လာ (၂၀) ပေးမှာဖြစ်ပြီး ကိုယ်ထူကိုယ်ထ တီထွင်ကြံဆနိုင်တဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်းအနှစ်ချုပ်ကို ပြန်ပြောခိုင်းတာ ဖြစ်ပါတယ်။




(၁၄) နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ စာဖတ်အားကအသက် (၁၆) နှစ် ပြည့်ချိန်မှာတော့ သန်းကြွယ်တစ်ယောက် ဖြစ်သွားစေနိုင်တယ် ဆိုတာ မည်သူမှ မရိပ်မိနိုင်ပါဘူး။ ကလေးငယ်တွေအတွက် ရည်မှန်းချက်ကို ရှာဖွေပြီးအကောင်အထည်ဖော်ကာအောင်မြင်မှုတွေရစေမယ့် စာအုပ်ကိုလည်း ကယ်လပ်က ရေးသားထုတ်ဝေခဲ့သလို ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ Kids4Success ကိုလည်း စတင်နိုင်ခဲ့ပါတယ်။

Kids4Success လုပ်ငန်းအနေနဲ့ စိတ်ဓာတ်ခွန်အားပေး ဟောပြောပွဲတွေ လုပ်ပြီး ကလေးတစ်ဦးချင်းကိုအကြံပေး ဆွေးနွေးပေးမှုတွေ ပြုလုပ်ပေးပါတယ်။ ဖခင်ဖြစ်သူ မက်(တ်) ကလည်း စိတ်ဓာတ်ခွန်အားပေး ဟောပြောသူတစ်ယောက်ဖြစ်လို့ သားဖြစ်သူရဲ့ လုပ်ငန်းမှာ ဘဝအောင်မြင်မှုလမ်းညွှန်အဖြစ် တစ်တပ်တစ်အား ပါဝင်ပေးပါတယ်။




မဂ္ဂဇင်းတွေနဲ့ တီဗွီအင်တာဗျူးတွေမှာ ကယ်လပ်အကြောင်း မရေမတွက်နိုင်အောင် ဖော်ပြခံရသလို ကုဋ္ဋေကြွယ် သူဌေးတစ်ယောက် ဖြစ်လာတဲ့အထိ ကြိုးစားချင်တယ် လို့ ဆိုပါတယ်။အကြီးမားဆုံး ဆန္ဒကတော့ single mother တွေကို ကူညီပေးပြီး ရှင်သန်အောင်မြင်တဲ့ မိသားစုအဖြစ် ရပ်တည်ဖို့ ခွန်အားပေးချင်တယ်လို့ ဆိုပါတယ်။

သက်တူရွယ်တူ ကလေးတွေက ဒီအချိန်မှာအခန်းထဲအောင်းကာ ဗီဒီယို ဂိမ်းဆော့နေလောက်ပေမဲ့ ကယ်လပ်ကတော့ ဘဝကို ဘယ်လို ထိုးဖောက်အောင်မြင်အောင် ကြိုးစားရမလဲ ဆိုတာကိုပဲ စဉ်းစားတွေးတောနေပါတယ်။


Reference: affluenttimes “A Florida Dad Paid His Son To Read Books And Set Him Up To Become A Millionaire Entrepreneur”
Alice May (ရိုးရာလေး)




Some text some message..