ကလေးကျန်းမာရေး သိကောင်းစရာ
healthcare.com.mm
|
2019-06-10


မွေးကင်းစကလေးတွေ ငိုတာကိုတော့ မိဘတိုင်းရှောင်လွဲလို့ရမှာ မဟုတ်ပါဘူး။ တချို့ကလေးတွေဆိုရင် ညသန်းခေါင် ကျော်ကြီးမှာ ထငိုတာတို့၊ မအိပ်ဘဲ ငိုပဲငိုနေတာတို့တောင် ရှိပါတယ်။ ကလေးဟာ ဘာကြောင့်ငိုရတာလဲနဲ့ မိဘတွေ ဘာလုပ်ပေးလိုက်ရင်အငိုရပ်ပြီး ကျေနပ်သွားမလဲဆိုတာ သိစေဖို့ ကလေးအများစု ငိုရတဲ့အကြောင်းရင်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ ၁။ ဗိုက်ဆာလို့ မွေးကင်းစ ကလေးအများစုဟာ နာရီအနည်းငယ်ခြားခြားပြီး ဆာလောင်တတ်ပါတယ်။ ဆာလောင်တဲ့အခါ ချက်ချင်းနို့မစို့ရရင် ဒေါသထွက်ကာ ငိုကြွေးတတ်ပါတယ်။ ဒါကိုမိခင်က သိနားလည်ကာ ကလေးကို နို့တိုက်ကျွေး ပေးသင့်ပါတယ်။ ၂။ လေတက်ချင်လို့ နို့စို့နေချိန်နဲ့ နို့စို့ပြီးတဲ့အခါ ကလေးငယ်ကို ခပ်ဖွဖွလေး ကျောပုတ်ပြီး လေတက်အောင် လုပ်ပေးပါ။ လေထတာနဲ့အစာမကြေတာတွေကြောင့် ကလေးအများစုဟာ ငိုကြွေးတတ်ပါတယ်။   ၃။ နေရခက်လို့ သေးစိုဘောင်းဘီ၊ သေးစိုအနှီးတွေက ကလေးကိုနေရခက်စေပြီး ငိုကြွေးစေပါတယ်။ ကလေးဟာ သေးစိုနေလို့ ငိုသလား ဆန်းစစ်ပြီး ခြောက်သွေ့သန့်ရှင်းအောင် လဲလှယ်ပေးပါ။ ၄။ ပင်ပန်းလို့ ပင်ပန်းနေတဲ့ ကလေးတွေဟာ ဂျီကျပြီး ငိုကြွေးတတ်ပါတယ်။ ဒါကြောင့်သင့်ကလေးကို လုံလုံလောက်လောက်အိပ်စက်အနားယူပါစေ။ မွေးကင်းစ ကလေးတွေအတွက် နေ့စဉ်အိပ်စက်အနားယူချိန်ဟာ ၁၆ နာရီနဲ့အထက် ရှိရပါမယ်။ ၅။ ထွေးပွေ့ထားစေချင်လို့ ကလေးအများစုဟာ မိဘ ဒါမှမဟုတ်အုပ်ထိန်းသူတစ်ဦးဦးက ထွေးပွေ့ထားတာကို လုံခြုံစိတ်ချမ်းသာမှု ရှိတတ်ကြပါတယ်။ တစ်ခါတစ်ရံစောင် လွတ်နေတဲ့အခါ ငိုကြွေးတတ်ပါတယ်။ ၆။ လှုပ်ရှားချင်လို့အိမ်ထဲမှာ ကလေးကိုပွေ့ရင်း လမ်းလျှောက်တာ၊ ပုခက်ကိုလွှဲပေးတာမျိုးက ငိုနေတဲ့ကလေးကို တိတ်သွားစေပါတယ်။ ၇။အထီးကျန်လို့ ကလေးငယ်ဟာ သူ့ကို ပစ်ထားတယ်ထင်ရင် ဝမ်းနည်းငိုကြွေး တတ်ပါတယ်။ သင့်ကိုမြင်နေရတာ၊ သင့်အသံကို ကြားနေရတာ၊ သင့်အသားအရေနဲ့ ထိတွေ့နေရတာတွေဟာ သင့်ကလေးကိုအားရှိစေပါတယ်။ သင့်ကလေး ငိုတဲ့အခါ ကလေးကို ညင်ညင်သာသာ နှိပ်နယ်ပေးတာ၊ ကျောကို ဖွဖွလေးပုတ်ပြီး နှစ်သိမ့်ပေးတာမျိုး လုပ်ပေးပါ။ ၈။ ပူလို့ ပူလွန်း၊အေးလွန်းတဲ့အခါ ကလေးကို နေရထိုင်ရတာ မသက်မသာဖြစ်စေပြီး ငိုကြွေးစေပါတယ်။ ပူရင် ကလေးရဲ့အဝတ်အစားကို ချည်သားပွပွလေး လဲလှယ်တာမျိုး၊ ချမ်းရင်အနွေးထည် ထပ်ဝတ်ပေးတာမျိုးလုပ်ပေးပါ။ ၉။ ထိတ်လန့်လို့ ကျယ်လောင်တဲ့ဆူညံသံ၊ ပြင်းထန်တဲ့ ရွေ့လျားမှုနဲ့ ကြောက်လန့်ဖွယ်မြင်ကွင်းတွေဟာ ကလေးကို ထိတ်လန့်တုန်လှုပ် စေပါတယ်။ ဖြစ်နိုင်ရင် ကလေးကိုအဲဒီပတ်ဝန်းကျင်နဲ့ မထိတွေ့မိအောင် ရှောင်ရှားပေးပါ။ ၁၀။ ဗိုက်နာလို့ ကလေးဟာ နို့စို့နေရာကနေ ဗိုက်ခဏခဏနာပြီး ငိုကြွေးတတ်ပါတယ်။ ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ လိုပါတယ်။ နို့တိုက်ကျွေးစဉ်မှာ မိခင်ဟာ လေထစေတဲ့အစာ၊ ပူစပ်စေတဲ့အစာနဲ့ ကဖင်းဓာတ်များတဲ့အစားအသောက်တွေကိုရှောင်ဖို့ လိုအပ်ပါတယ်။ Credit : လမင်း သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..