ကျောင်းနေအရွယ် ကိုယ့်ကလေး လိင်အကြမ်းဖက်ခံခဲ့ရသလား ဘယ်လိုသိနိုင်မလဲ
hellosayarwon.com
|
2019-06-17



ကျောင်းနေအရွယ်ကလေးငယ်တွေဟာ ဘာမှမသိသေးတဲ့အဖြူရောင်လေးတွေပါ။ ဒီအဖြူရောင်လေးတွေကို ဘာတစ်ခုမှမစွန်းပေစေဘဲအရွယ်ရောက်လာတဲ့အထိ စောင့်ရှောက်ပျိုးထောင်ပေးရမှာ ဖေဖေမေမေတို့တာဝန်ပဲပေါ့။အကောင်းဆုံးပစ္စည်းတွေဝယ်ပေး၊အကောင်းဆုံးအာဟာရတွေကျွေးမွေး၊အကောင်းဆုံးချစ်ခင်မြတ်နိုးပေးကြပေမယ့် ကိုယ့်မျက်ကွယ်ရာ လွှတ်ရတဲ့အခိုက်အတန့်ကိုတော့ သတိတချက်မလစ်သွားဖို့အရေးကြီးပါတယ်။ ဘယ်လိုပဲအကောင်းဆုံးကျောင်းမှာထားတယ်ပဲဆိုဆို ကံကြမ္မာနဲ့ ခန့်မှန်းမရတဲ့အခြေအနေတချို့ရှိနိုင်တာမို့ ကလေးရဲ့အခြေအနေကိုအမြဲတမ်းဂရုတစိုက်ရှိပေးကြပါနော်။ ဖေဖေမေမေတို့အလုပ်ဘယ်လောက်ပဲများများ ကလေးတွေရဲ့အပြုအမူ၊အနေအထိုင်လေးတွေကိုအမှုမဲ့အမှတ်မဲ့ မထားပါနဲ့။ လိင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတာအဓမ္မကြံစည်တဲ့အကြမ်းဖက်မှုမှမဟုတ်ပါဘူး။ ညစ်ညမ်းတဲ့ပုံတွေနဲ့ဗီဒီယိုတွေပြတာ၊ ကလေးရှေ့မှာ မဖွယ်မရာလုပ်ပြတာ၊ ကလေးကို မဖွယ်မရာကိုင်တွယ်စေတာ၊ ကလေးရဲ့ဖုံးကွယ်အပ်တဲ့အစိတ်အပိုင်းတွေကို ထိတွေ့တာ၊ လိင်အင်္ဂါကို လက်နဲ့ထိုးသွင်းတာတွေအားလုံး လိင်စော်ကားမှု၊နှောင့်ယှက်မှုနဲ့အကျုံးဝင်ပါတယ်။ ဒါ့ကြောင့် ကလေးက သားယောကျာ်းလေးပဲဖြစ်နေပါစေ သမီးလေးတွေလိုပဲ ဒီအန္တရာယ်အတွက် စိုးရိမ်ရပါလိမ့်မယ်။ ကလေးအများစုက မိဘတွေနဲ့ဆရာတွေကို ဒီလိုကိစ္စတွေပြန်ပြောပြဖို့ ဖြစ်နိုင်ခြေတော်တော်နည်းပါတယ်။ ကြောက်ရွံ့စိတ်၊ရှက်ရွံ့စိတ်၊ ဘာဖြစ်ခဲ့မှန်းမသိတဲ့စိတ်တို့နဲ့ ဖုံးကွယ်နေပါလိမ့်မယ်။ ဒီလိုကြုံတွေ့ရတဲ့ကလေးငယ်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့အပြောင်းအလဲတွေအကြောင်းလေး မေမေတို့ကိုအကြံပြုချင်ပါတယ်။ အဓိကအားဖြင့် ကလေးမှာအရင်ကနဲ့မတူတဲ့ ပြောင်းလဲမှုတွေရှိလာတာကို သတိထားကြည့်နိုင်ပါတယ်။

အကျင့်စရိုက်လေးတွေပြောင်းလာတယ်
ကလေးက ရုတ်တရက်ကြီးအရင်နဲ့မတူတော့တဲ့ ပြုမူနေထိုင်မှုတွေရှိလာတယ်။ ဥပမာအရင်က တက်ကြွသွက်လက်နေတဲ့ကလေးက စိုးရိမ်သလို၊ မလုပ်ရဲမကိုင်ရဲလိုလို၊ စိတ်ညစ်နေသလို မှိုင်လာတာမျိုး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ ကလေးတွေတောင် ဒီလိုကြုံရဖူးတယ်ဆိုအပြောင်းအလဲဖြစ်နိုင်ပါတယ်။ သတိထားကြည့်ပါ။

အပြုအမူတွေပြောင်းလဲလာတယ်
ကလေးငယ်လေးကအရွယ်နဲ့မလိုက်တဲ့အပြုအမူတွေရှိလာနိုင်တယ်။ ဥပမာ ရွယ်တူချင်းမှာ မသင့်တော်တဲ့အပြုအမူတွေနဲ့ ဆော့ကစားတာမျိုး(သူကြုံခဲ့ဖူးသလို) လုပ်လာတတ်တယ်။အိပ်စက်မှုပုံစံလည်းပြောင်းလဲလာနိုင်တယ်။ သွေးဆောင်ခံရတဲ့ စူးစမ်းမှုလို ကြုံခဲ့ရတဲ့ကလေးတွေထက်အကျပ်ကိုင်၊ခြိမ်းခြောက်ခံ၊အကြမ်းဖက်ခံရတဲ့ ထိတ်လန့်မှုမျိုးကြုံခဲ့ရတဲ့ ကလေးတွေမှာအိပ်မက်ဆိုးတွေမက်ရတာ၊ ညလန့်လန့်နိုးတာလိုအိပ်စက်မှုပြဿနာတွေရှိလာတတ်ပါတယ်။

ကြောက်စိတ်တွေဝင်နေတယ်
လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ကလေးဟာ သူကြုံခဲ့ရတဲ့နေရာ၊ ကျူးလွန်သူရှိနေတဲ့နေရာ၊အနေအထားအပါအဝင် တချို့ပတ်ဝန်းကျင်တွေကို ကြောက်ရွံ့နေတာ၊ နောက်တွန့်နေတာ၊ ရှောင်နေတာတွေ ဖြစ်လာမှာပါ။ သူကြုံခဲ့ရတဲ့အိပ်မက်ဆိုးကို ပြန်သတိရစေမယ့်အရာမှန်သမျှ သူကြောက်နေမှာပါ။ ကလေးကအကြောက်အကန်ငြင်းနေတဲ့ နေရာ၊အနေအထား၊ လူပုဂ္ဂိုလ်တွေကိုအတင်းမပို့လွှတ်ဘဲသေချာ လေ့လာပါ။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကို သတိထားကြည့်ပါ


ဆိုးဆိုးဝါးဝါးလိင်အကြမ်းဖက်ခံရတဲ့ကလေးမှာတော့အသက်အန္တရာယ်ရှိလာနိုင်တဲ့အထိ လက္ခဏာပြင်းထန်တယ်ဆိုပေမယ့် ကိုယ်မသိဘဲ ကာလတာရှည် လိင်နှောင့်ယှက်မှု၊စော်ကားမှုကြုံနေရပြီး ပြောလည်းမပြောပြရဲတဲ့ကလေးမှာရော ဘာတွေဖြစ်နေနိုင်လဲ မေမေတို့သိဖို့လိုပါတယ်။ သမီးလေးရဲ့မိန်းမကိုယ်ကအရည်ထွက်နေသလား၊ ကလေး(သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ်) ရဲ့ကိုယ်အောက်ပိုင်းအင်္ဂါတဝိုက်နာကျင်မှု၊ယားယံမှုရှိနေသလား၊ ဆီးလမ်းကြောင်းပိုးဝင်မှု သို့မဟုတ် လည်ချောင်းနာခြင်း မကြာခဏဖြစ်နေသလား၊ ဆီးသွားရင် သို့မဟုတ် ဝမ်းသွားရင် ကလေးကနာကျင်နေရသလား၊ လိင်အင်္ဂါတွေမှာ သွေးထွက်သလား၊ ဒဏ်ရာအနာတရဖြစ်နေသလားဆိုတာ သတိထားမိသင့်ပါတယ်။

ကလေးက လူတွေကို မယုံတော့ဘူး
လိင်စော်ကားခံရတဲ့ကလေးတွေဟာ လုံးဝသူစိမ်းတွေထက် ရင်းနှီးတဲ့သူတွေ၊ နီးစပ်တဲ့သူတွေ၊ ယုံကြည်ရသူတွေဆီက ကြောက်စရာကြုံရတာများတာမို့ ဘယ်သူ့ကိုမှ မယုံတော့တာ၊သံသယများလာတတ်တာပါ။  ရုတ်တရက်လှုပ်ရှားမှုတွေ၊အသံကျယ်ကျယ်တွေကိုအရင်ကနဲ့မတူ လန့်တတ်နေသလို တစ်ယောက်ယောက်က လာထိလိုက်၊ကိုင်လိုက်ရင်တောင် ကြောက်ရွံ့နေတတ်တာ လိင်စော်ကားခံထားရတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာရှိလာတယ်
ကလေးက သူငယ်ချင်းတွေနဲ့ဆက်ဆံရေးမှာ ရင်းနှှီးဖို့ ခက်လာတယ်၊ သူရင်းနှီးတဲ့သူတစ်ယောက်ယောက်ရဲ့ ကျူးလွန်မှုကြောင့် ဒီလိုကြုံခဲ့ရတဲ့အခါ ပေါင်းသင်းဆက်ဆံရေးကိုကြောက်လာတာလည်း ပါပါတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ကလေးဟာ တခြားသူတွေကို ရှောင်တော့မှာပါ။ ကလေးက လူတစ်ဦးတည်းကိုပဲ ရှောင်ဖို့ကြိုးစားနေပြီဆိုရင်တော့ ကိုယ့်ကလေးကို ချော့ပြီးမေးသင့်နေပါပြီ။

ကလေးက ဘာကိုမှ စိတ်မဝင်စားတော့ဘူး
သူတို့အရင်က တက်တက်ကြွကြွရှိခဲ့ဖူးတဲ့အရာတွေကို လုံးလုံးစိတ်မဝင်စားတော့တာဆိုရင် ကလေးကို သတိထားဂရုစိုက်သင့်ပါတယ်။အမှန်က ကလေးမှာ တခုခုကိုအာရုံစူးစိုက်ဖို့အခက်အခဲဖြစ်နေတာပါ။

အပြစ်လုပ်ထားသလို ခံစားနေရတယ်
ကလေးက သူ့ကိုယ်သူအပြစ်တခုခုလုပ်ထားသူလို ခံစားနေရတဲ့အရိပ်အယောင်တွေ့ရရင် ဒီတိုင်းမထားပါနဲ့။ ရင်းရင်းနှီးနှီး စကားပြောပေးရင်း ကလေးရဲ့ခံစားချက် ဖွင့်ဟလာအောင် ဖြည်းဖြည်းချင်းလုပ်ယူပါ။ သူ့ရဲ့လျှို့ဝှက်ချက်ကို လူသိမှာစိုးပြီး တစ်ဦးတည်းသီးသန့်နေတာ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာ ရေရှည်မှာ ကလေးအတွက်မကောင်းပါဘူး။ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံထားရတဲ့ ကလေးတစ်ယောက်မှာအသိသာဆုံးလက္ခဏာတွေက -
လိင်အင်္ဂါတဝိုက် နာကျင်တာ၊ ယားယံတာ၊ စုတ်ပြဲအနာ၊ သွေးထွက်တာတွေဖြစ်ပါတယ်။
လိင်အင်္ဂါ သို့မဟုတ် စအို နာကျင်မှုကြောင့် လမ်းလျှောက်ရတာ၊ ထိုင်ရတာအခက်အခဲဖြစ်နေတတ်တယ်။
လူတွေနဲ့သိပ်မရောတော့ဘဲ တစ်ယောက်တည်းသီးခြားနေတာများလာတယ်။
ဝမ်းနည်းစိတ်ဓာတ်ကျတဲ့ပုံစံ မှိုင်နေတတ်တယ်။
အစားသိပ်မစားတော့ဘူး။ ဒါပေမယ့်လည်း လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ကလေးတွေမှာ ပြင်းထန်တဲ့အခြေအနေမဟုတ်ခဲ့ရင်အပြင်ပန်းထိခိုက်ဒဏ်ရာလည်းမရှိ၊ လူကြီးတွေကိုပြန်ပြောပြတာလည်းမရှိဘဲ ကြောက်စိတ်နဲ့ကြိတ်ခံစားတာ များတယ်ဆိုတာ မေမေတို့မမေ့ပါနဲ့။ မသိမသာနဲ့ ကာလကြာရှည် ကိုယ့်ကလေးကို လိင်အမြတ်ထုတ်ခံနေရတာ ၊ခြိမ်းခြောက်ခံထားရတာ ကိုယ်မသိခဲ့ရင် ရင်နာစရာပါ။အလုပ်တွေများလည်း ကိုယ့်ရင်သွေးရတနာလေးတွေကိုအမြဲမပြတ်ဂရုစိုက်ပေးပါလို့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။




Some text some message..