ဝင်ငွေနဲ့ထွက်ငွေအံကိုက်ဖြစ်နေတယ် ပိုက်ဆံလည်း စုချင်တယ်ဆိုသူတွေအတွက်……
shwemom.com
|
2019-06-19

ကိုယ်က ငွေစုချင်တဲ့သူတစ်ယောက်။ ဒါပေမယ့် ကိုယ်ရတဲ့လစာနဲ့အသုံးစရိတ်တွေကို ပြန်ပြီးကြည့်လိုက်ရင်လည်း တစ်ပြားတစ်ချပ်မှ မပိုတဲ့သူ။ ဒီလိုဆိုရင် ငွေစုဖို့အတွက် ဘယ်လိုများ တတ်နိုင်မှာတဲ့လဲ။

ဒီ ဆောင်းပါးလေးမှာတော့အဲဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရသူတွေ ငွေစုနိုင်ဖို့အကြံပြုချက်လေးတွေ ပါဝင်ပါတယ်နော်။ ဘယ်လို နည်းလမ်းလေးတွေလဲဆိုတာတော့ ဖတ်ကြည့်လိုက်ပါဦး။


(၁)။ ရုပ်သံလိုင်းတွေအတွက် ပိုက်ဆံပေးနေရလား

သင်ကအခပေးရုပ်သံလိုင်းတွေကို လစဉ်ကြေးပေးပြီး ကြည့်ရှုသူတစ်ယောက်လား။အဲဒီလိုဆိုရင်တော့ သင်ယူထားတဲ့ ရုပ်သံလိုင်း Package ကို ပိုပြီးဈေးသက်သာတာလေး ပြောင်းလဲလိုက်ပါ။ သင့်အနေနဲ့အပျင်းပြေလေး ကြည့်လို့ရရင် တော်ရောပေါ့လို့ သဘောပိုက်ပြီး ပိုလာတဲ့ ငွေလေးကို ငွေစုစာရင်းထဲ ထည့်လို့ရပြီပေါ့။


ShutterStock/Nattakorn_Maneerat


(၂)။အစားအသောက်အတွက်ဘယ်လောက်ကုန်နေလဲ

သင့်အနေနဲ့ တစ်လတာအသုံးစရိတ်ထဲမှာအစားအသောက်အတွက် သုံးတာ ဘယ်လောက်အထိ ပါနေပြီလဲ။ စားဖို့အတွက်ဆို ကုန်ချင်သလောက်ကုန် ဆိုပြီး သုံးနေတယ်ဆိုရင်တော့အဲဒီထဲကနေ သင့်အတွက် ပိုက်ဆံအပို ထွက်လာနိုင်ပါသေးတယ်။ သင့်အနေနဲ့ လုပ်ရမှာကအစားအသောက်အတွက် တစ်နေ့ကို ပိုက်ဆံဘယ်လောက်ပဲ သုံးမယ်ဆိုပြီး သတ်မှတ်လိုက်ရုံပါပဲ။အဲဒီထက်ပိုပြီး မသုံးမိအောင် ကြိုးစားရင်း ပိုက်ဆံအပိုတွေ ထွက်လာတာ တွေ့ရပါလိမ့်မယ်နော်။


(၃)။အွန်လိုင်းကနေ ဈေးဝယ်တာ ဝါသနာပါသူလား

Online Shop တွေများလာတဲ့ ခေတ်ကြီးထဲမှာ Online ကနေ ဈေးမဝယ်မိဖို့ ထိန်းရတာက တကယ့်ကိုအခက်အခဲတစ်ခု ဖြစ်မှာပါ။ ဒါပေမယ့်လည်း Online Shopping ဆိုတာကြီးက တစ်ခေါက်ဝယ်မိသွားရင် နောက်အကြိမ်တွေလည်း ထပ်ပြီးဝယ်ချင်တာမျိုးမို့ သင့်ရဲ့ပိုက်ဆံတွေကို Online Shop တွေအတွက် သုံးနေမိတယ်ဆိုရင် ပမာဏတစ်ခု ကန့်သတ်လိုက်ပါ။အဲဒီထက်ပိုမဝယ်ပါနဲ့တော့။ ဒီလိုဆိုရင် ပိုက်ဆံစုဖို့အပိုငွေလေးတွေ ထွက်လာမှာပါ။


ShutterStock/lovelyday12


(၄)။ ကိုယ်ပိုက်ဆံသုံးနေရတဲ့နေရာတွေကို စာရင်းလေးပြန်လုပ်

တစ်လ တစ်လ ကိုယ်ပိုက်ဆံသုံးနေရတာ ဘာအတွက်တွေလဲလို့ စာရင်းလေး ပြန်လုပ်ကြည့်ပါ။အဲဒီထဲကမှ လျော့လို့ရမမယ်ထင်တဲ့ ကဏ္ဍတွေအတွက် ပိုက်ဆံပမာဏကို လျော့ကြည့်ပါ။ တစ်လကိုအဝတ်အစားဝယ်ဖို့ (၅၀၀၀၀) သတ်မှတ်ထားတယ်ဆိုရင် (၄၀၀၀၀)လောက်အထိ လျော့ကြည့်ပေါ့။ ဒီလိုဆိုရင် ပိုလာမယ့် (၁၀၀၀၀)ကို စုထားလို့ရတယ်မို့လား။


(၅)။ ကိုယ့်ကိုယ်ကို မသနားပါနဲ့

သင်ကအပေါ်ကနည်းလမ်းတွေကိုသုံးပြီး ပိုက်ဆံစုနေတာတော့ဟုတ်ပါပြီ။ ဒါပေမယ့် တစ်လလောက် စုပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ်သနားစိတ်ဝင်ပြီး “ငါလေး သနားပါတယ်။ ဒီလတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုလိုက်ဦးမယ်” ဘာညာ နဲ့ စိတ်အလိုလိုက် လိုက်ရင် နောက်လတွေမှာလည်း ဒီပုံအတိုင်း ဆက်ဖြစ်နေဦးမှာပါ။ ကံဆိုးရင်အရင်လတုန်းက စုထားတာလေးတောင်အဆစ်ပါသွားနိုုင်သေးတာမို့ ကိုယ့်စိတ်ကို ကိုယ်အလိုမလိုက်တာကအကောင်းဆုံးပါပဲ။

Linn




Some text some message..