အနာဂတ်ခင်ပွန်းလောင်းထံသို့….ကျွန်မ၏ ကြိုတင်အသိပေးစာ
shweinnlay.com
|
2019-07-02



ကျွန်မအတွက်ဖြစ်လာမယ့်အနာဂတ်ခင်ပွန်းလောင်းက ဘယ်သူလဲတော့ ကျွန်မမသိဘူး။ ဒါပေမယ့် တစ်ချိန်မှာ ကျွန်မဟာ တစ်စုံတစ်ဦးကို လက်ထပ်ဖို့ထိ ရျွေးချယ်ခဲ့မိပြီဆိုလျှင် သူ့ကိုကြိုတင်သတိပေးချင်တာကတော့ ဒါတွေနဲ့ ပတ်သတ်ပြီး ကျွန်မကို မဝေဖန်ဖို့ပါပဲ။ လူတိုင်းကတော့ ပျော်ရွှင်စရာအဆုံးသတ်တွေပဲ ဖြစ်ချင်ကြတာပေါ့။ ကျွန်မလည်း ဒီအတိုင်းပဲ။ ဒီတော့ ကျွန်မရဲ့အနာဂတ်ခင်ပွန်းလောင်းအနေနဲ့ ကျွန်မတို့နှစ်ယောက်အတွက် ပျော်ရွှင်စရာအဆုံးသတ်လေး ဖြစ်နိုင်ဖို့ ဒါတွေကို ကြိုပြီး သိထားစေချင်မိပါတယ်။

၁။ကျွန်မရဲ့အတိတ်က ချစ်ရေးချစ်ရာကိစ္စ

ကျွန်မဟာ ရှင်နဲ့မတွေ့ခင်အတိတ်မှာ ရည်းစားတွေ ထားခဲ့ချင်ထားခဲ့မိမယ်။ ဒါဟာ နောင်တရစရာကိစ္စတစ်ခုလို့ ကျွန်မမမြင်သလိုအရင်တုန်းကရှိခဲ့တဲ့အသိဉာဏ်နဲ့အခုအသိဉာဏ်နဲ့လည်း မတူတော့ဘူး။ သို့သော် ဒီအတိတ်ကြောင့် ရရှိလိုက်တဲ့အတွေ့အကြုံတွေကြောင့် ကျွန်မရဲ့ relationship ကို ဘယ်လိုခိုင်မြဲအောင် လုပ်ရမလဲဆိုတာကို သိခွင့်ရလာတဲ့အတွက်တော့ ကျေးဇူးတင်မိတယ်။ ဘယ်လိုလူမျိုးကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တယ်ဆိုတာကို သိလာရလို့လည်း ရှင့်ကို လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့ကြောင့်အတိတ်ကဖြစ်ရပ်တွေကို ခဏခဏတူးဆွပြီး ပြဿနာလုပ်နေမယ်ဆိုရင်တော့ ကျွန်မအဆင်မပြေပါဘူး။

၂။အပျို စစ်၊မစစ် ကိစ္စ

တစ်ခုတော့ ပွင့်ပွင့်လင်းလင်းပဲ ကြိုပြောချင်ပါတယ်။ မင်္ဂလာဦးညမှာ သွေးထွက်၊မထွက် ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မရဲ့ ကိုယ်ကျင့်သိက္ခာကို ဆုံးဖြတ်လိုက်မယ်ဆိုလျှင်တော့အခုတည်းက ဝေးဝေးနေပေးပါ။

၃။ကိုယ်ပိုင်အချိန်

ကျွန်မ ကိုယ်ပိုင်အချိန်ရှိခြင်းကို သဘောကျတယ်။ ကျွန်မတစ်ခါတစ်လေ နာရီအနည်းငယ်လောက် တစ်ယောက်တည်းနေချင်တယ်လို့ ပြောတဲ့အခါအဲ့ဒါဟာ ရှင့်ကိုမချစ်ဘူးလို့အဓိပ္ပါယ် မမှတ်ယူစေချင်သလို ကျွန်မတို့ရဲ့အချစ်ရေးကိစ္စကိုလည်း ငြီးငွေ့နေခြင်း မဟုတ်ပါဘူး။ ကျွန်မရဲ့အလုပ်ကိစ္စ၊ ဝါသနာတွေကို လုပ်ဖို့ဖြစ်နိုင်သလို ဘာဆိုဘာမှမစဉ်းစားဘဲ ထိုင်နေချင်လို့လည်း ဖြစ်ပါတယ်။ ကျွန်မကိုယ်ကျွန်မ နားလည်အောင်လုပ်နေတယ်လို့ပဲ ယူဆပေးပါ။ ဒါပါပဲ။

၄။ကျွန်မရဲ့မိဘ

ရှင်နဲ့လက်ထပ်ပြီးသွားလျှင် ရှင့်ရဲ့ မိသားစု၊ မိဘတွေကို ကျွန်မမိဘသဖွယ် ရိုသေလေးစားမှုကို ပေးရမယ်ဆိုတာကို ကျွန်မ သိနားလည်ထားပါတယ်။ ဒါပေမယ့် ရှင့်ကိုမမေ့စေချင်တာကတော့ ကျွန်မမှာလည်း မိသားစု ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်မမိသားစုမှာအကူအညီ လိုအပ်နေတဲ့အခါ (သို့) သူတို့ကိုအချိန်ပေးချင်တဲ့အခါမျိုးမှာ ကျေးဇူးပြုပြီး ကျွန်မကို တာဝန်မကျေပွန်၊ မသိတတ်တဲ့ ဇနီးဖြစ်အောင် မလုပ်လိုက်ပါနဲ့။ ရှင့်မိသားစုကို ကျွန်မရဲ့ မိသားစုဝင်အသစ်အဖြစ် တန်ဖိုးထားပေးမှာမို့လို့ ကျွန်မမိသားစုကိုလည်း တန်ပြန် တန်ဖိုးထားပေးပါ။

၅။ကျွန်မရဲ့လွတ်လပ်ခွင့်

ချစ်လှစွာသောအနာဂတ်ခင်ပွန်းလောင်းရှင့်။ သင်ဟာ ခေတ်နောက်ကျမကျန်ခဲ့တဲ့ ခေတ်မှီသောအမျိုးသမီးတစ်ဦးကို လက်ထပ်ရတယ်ဆိုလျှင်တော့ သူ့အတွက် ထိုက်လျောက်တဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်ဖို့ မကြိုးစားသင့်ပါဘူး။အထူးသဖြင့် ဒီဘက်ခေတ်အမျိုးသမီးအများစုဟာအမျိုးသားများနည်းတူအပြင်ထွက်ပြီးအိမ်ထောင့်တာဝန်ကို တဖက်တလှမ်းမှ တာဝန်ယူကြရတာကြောင့် မိန်းကလေးဆိုတာအိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့ ဘိုးစဉ်ဘောင်ဆက်အတွေးအခေါ်များကို မေ့လျော့ထားပေးပါ။

၆။အိမ်မှုကိစ္စ

တစ်ခါတစ်လေ ရုံးမှအိမ်ပြန်နောက်ကျတဲ့အခါမျိုးမှာ ကိုယ်တိုင်ပန်းကန်ဆေးလိုက်ရတာကို စိတ်မရှိဖို့ မျှော်လင့်မိသလို ကျွန်မနေထိုင်မကောင်းဖြစ်တဲ့အချိန် မနက်စာ ချက်ပြုတ်ပြင်ဆင်ပေးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။ တစ်ခရီးတည်းအတူတူသွားရတာချင်းအတူတူ မိန်းမကိစ္စ၊ ယောကျ်ားကိစ္စ မခွဲခြားစေချင်ဘူး။ မယားဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်သလို ရှင့်ဘက်ကလည်း ကျွန်မကို တတ်နိုင်သလောက် ကူညီပေးစေချင်ပါတယ်။ ဒါမှ ကျွန်မတို့ရဲ့အိမ်ထောင်ရေးက Balance ညီတဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်မှာပါ။

ချစ်လှစွာသော ခင်ပွန်းလောင်းရေ ….. ဒါတွေကတော့ ကျွန်မရှင့်ကို ကြိုတင်သိထားစေချင်တဲ့အကြောင်းအရာလေးတွေပါပဲ။

CHAN (ရွှေအင်းလေး)




Some text some message..