သင့်ရဲ့ချစ်သူက သင့်ကိုတစ်နေ့တခြားအမြင်ကတ်လာမယ့်အမူအကျင့်(၆)ခု
shwemom.com
|
2019-07-08

တစ်ခါတစ်လေကျရင် ထင်မှတ်မထားတဲ့အပြုအမူလေးတွေကြောင့် ချစ်သူတွေကြားမှာ စိတ် ကသိကအောင့် ဖြစ်ရလေ့ရှိတတ်ပါတယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး လုပ်လိုက်မိတာ၊ ပြောလိုက်မိတာပဲ။ ဒါပေမယ့် တစ်ဖက်သားအတွက်အောင့်သက်သက် ဖြစ်သွားစေမယ့် စကားလေးတွေပေါ့။အချိန်ကြာလာနဲ့အမျှ တဖြည်းဖြည်းနဲ့အမြင်ကပ်လာပြီး နောက်ဆုံးမှာ သင့်ကို ထားခဲ့တော့မယ်ဆိုတဲ့အထိတောင် ဖြစ်လာနိုင်တာလေးတွေပါ။

(၁)။ ကိုယ့်ကိုယ်ကိုယ်အမြဲအပြစ်တင်မိနေတာ

သူနဲ့ကိုယ်နဲ့ တွေ့တဲ့အချိန်တိုင်း ကိုယ်ဘယ်လောက်ဝလို့ စိတ်ညစ်နေတာ၊ ဒါမှမဟုတ် ကိုယ်ဘယ်လောက်ပိန်သွားလို့ စိတ်ညစ်နေတာ၊ မနေ့က ဟင်းချက်တဲ့အချိန်အလောတကြီးနဲ့အပူလောင်သွားတာ၊အင်္ဂလိပ်စာမှာ သူများတွေလိုမတော်တာ စသဖြင့် ကိုယ့်ကိုယ်ကိုယ်အမြဲအပြစ်တင်နေတာမျိုးက ကိုယ့်ဘေးမှာရှိနေတဲ့သူအတွက် စိတ်ညစ်စရာ ဖြစ်တတ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့စိတ်ထဲမှာ ကိုယ်က စိတ်ပျက်စရာကောင်းတဲ့သူလို့ ထင်သွားမှာအသေအချာပါပဲ။


Cookie Studio/Shutterstock

(၂)။ နံဘေးမှာရှိနေတာတွေကို တစ်ချိန်လုံးအပြစ်တင်နေတာ

ကားတွေကလည်းကျပ်လိုက်တာ၊ လမ်းတွေကလည်း စုတ်ပြတ်နေတာပဲ၊ ဈေးသည်တွေကလည်း နားညီးလိုက်တာ၊ မိုးကလည်းဒီအချိန်မှ ရွာရသလား..စသဖြင့် သင့်ရဲ့ပတ်ဝန်းကျင်မှာ ဖြစ်နေသမျှကိုအပြစ်တင်နေမိတာမျိုးကလည်း သင့်ဘေးမှာရှိတဲ့သူကို စိတ်ပျက်လာစေပါတယ်။ သူ့စိတ်ထဲမှာ သင်ကအဆိုးမြင်တဲ့သူတစ်ယောက်လို့ ထင်သွားမှာဖြစ်ပြီး သင့်နဲ့ဝေးရာဆီ ထွက်သွားချင်စိတ်ပေါက်လာလိမ့်မယ်။


fizkes/Shutterstock

(၃)။ သူ့ထက်ပိုပြီးအရေးတကြီးလုပ်စရာတွေရှိနေတာ

သူနဲ့အတူ ညစာစားနေတဲ့အချိန်မှာအလုပ်တွေ လုပ်နေရတာ၊ သူနဲ့လျှောက်သွားဖို့ချိန်းထားပြီးမှ တစ်စုံတစ်ခုကြောင့် ဖျက်လိုက်ရတာ၊ စသဖြင့် သူ့ထက်ပိုပြီးအရေးကြီးတာတွေ ရှိနေတယ်လို့ သင့်ချစ်သူက ထင်မိသွားရင် သူပျော်တော့မှာမဟုတ်ပါဘူး။ သင့်ရဲ့တခြားပုဂ္ဂိုလ်ရေးကိစ္စတွေအတွက်အချိန်သတ်သတ်ပေးသင့်သလို ၊ သင့်ချစ်သူအတွက်လည်း သတ်သတ်မှတ်မှတ်လေးအချိန်ပေးသင့်တယ်။

(၄)။ သူပြောသမျှကိုမငြင်းဆန်ပဲနေတာ

သင်က သင့်ချစ်သူ ပြောသမျှ ဘယ်တော့မှ မငြင်းဆန်တဲ့သူ ဆိုရင်အဲဒီအတွက် သူ ပျော်နေတယ်မထင်ပါနဲ့။ တစ်ခါတစ်လေကျရင် သူလည်း သင့်ရဲ့ကိုယ်ပိုင်အမြင်လေးကို လိုချင်မိမှာပဲလေ။ သူဦးဆောင်တဲ့နောက်ကိုပဲ လိုက်နေတယ်လို့ သူ့စိတ်ထဲမှာ ထင်နေရင် သူ့ရဲ့စိတ်ထဲမှာ သင့်အတွက်ထားတဲ့ တန်ဖိုးလည်းလျော့ကျသွားလိမ့်မယ်။


Nejron Photo/Shutterstock

(၅)။ တချိန်လုံးထိန်းချုပ်ချင်နေတာ

နေပူထဲသွားတာ ထီးမပါဘူး၊အေးနေတာကိုအဲကွန်းကြီးဖွင့်ထားတယ်၊ ကော်ဖီတွေသောက်နေတာ ဘယ်နှခွက်ရှိပြီလဲ…စသဖြင့် သူ့ကိုတစ်ချိန်လုံးကြည့်ပြီး လိုက်ပြောနေတာက သင်တို့ကြားက ဆက်ဆံရေးအပေါ် ထိခိုက်လာမှာအမှန်ပါ။ တစ်ခါတစ်လေကျရင်လည်း သူ့ရဲ့စိတ်ကြိုက်လုပ်ပါစေဆိုပြီး လွှတ်ပေးထားလိုက်ဖို့လည်း လိုပါသေးတယ်နော်…။

(၆)။ တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာမျိုး

ကိုယ့််အမေချက်တဲ့ဟင်းက ဒီအရသာထက် ပိုကောင်းတယ်၊ ကိုယ့်အစ်ကိုကိုင်တဲ့ဖုန်းက ဒီဖုန်းထက်ပိုကောင်းတယ်…စသဖြင့် တခြားသူတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်ပြောနေတာမျိုးက တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သူတို့က သင့်အပေါ် စေတနာအပြည့်နဲ့လုပ်ပေးတာတောင်မှ သင်က တခြားလူတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီးပြောနေမယ်ဆိုရင် တကယ့်ကို စိတ်ပျက်စရာပဲလေ။


fizkes/Shutterstock

Linn




Some text some message..