ကိုယ်တိုင်တောင် မသိလိုက်တဲ့ ကိုယ့်ရဲ့အကျင့်ဆိုးတွေ ဘယ်လောက်တောင်ရှိနေသလဲ
hellosayarwon.com
|
2019-07-10

အဆိပ်အတောက်အမူအကျင့်ဆိုတာ
တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြုအမူတိုင်းကအဆိပ်အတောက်မဟုတ်ပါဘူး။ တချို့အပြုအမူတွေက စိတ်ထိခိုက်ရပေမယ့် လွယ်လွယ်နဲ့ပြေပျောက်သွားစေတာရှိပေမယ့် တကယ်အဆိပ်အတောက်ဖြစ်စေတဲ့အပြုအမူတွေက ညင်သာပါတယ်။ စကားချိုချိုလေးပေမယ့် တစ်ဖက်လူမှာ ကာလတာရှည်ခံစားလိုက်ရတဲ့အထိ ထိခိုက်သွားရတာမျိုးက ရန်လိုပုတ်ခတ်လိုက်တာထက် ပိုဆိုးပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုက ဆက်ဆံရေးကိုအဆိပ်ခတ်လိုက်တာဖြစ်ရုံမက တစ်ဖက်လူရဲ့ဖွံ့ဖြိုးမှုကိုပါ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

အတွေ့ရများဆုံးအဆိပ်အတောက်အမူအကျင့်များ
ဒီလိုအပြုအမူမျိုးတွေလုပ်မိတဲ့နေသူတွေဟာ ကိုယ့်ကိုယ်ကိုသတိထားမိဖို့ သိပ်မလွယ်ပါဘူး။ ငါက ဘာများလုပ်နေမိလို့လဲ၊ သူပဲမကောင်းတာလေ၊ သူ့ဘက်ကစပြီးဖြစ်တာ လို့အမြဲတွေးမိတတ်တာ လူ့စိတ်သဘာဝပါပဲ။အမှန်တော့ ကိုယ်တိုင်သတိမထားမိလိုက်တဲ့ ကိုယ့်ရဲ့အဆိပ်အတောက်အပြုအမူကအစပြုခဲ့တာလည်းဖြစ်နိုင်နေတာပဲလေ။ ဒီထဲမှာ ကိုယ်လုပ်မိနေကျအပြုအမူတွေပါနေသလား ပြန်စဉ်းစားကြည့်လိုက်ပါ။ စေ့စေ့တွေးရင် ရေးရေးပေါ်လာပါလိမ့်မယ်။ တစ်ဖက်လူရဲ့ နာကျင်မှုကိုအသေးအဖွဲလို သတ်မှတ်ခြင်း တစ်စုံတစ်ယောက်ရဲ့နာကျင်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ်ကအလွယ်လေးအပေါ်ယံသုံးသပ်လိုက်တာ သိပ်မှားပါတယ်။ စိတ်မပါတဲ့အပေါ်ယံအားပေးစကားတွေနဲ့ပြောခဲ့ပေမယ့် ကိုယ့်အမြင်နဲ့ တခြားသူကိုပြန်ပြောပြတဲ့အခါ ဘာမဟုတ်တာလေးကိုခံစားနေတယ်လို့ လျှော့မတွေးလိုက်သင့်ပါဘူး။ ဒီလိုတွေးလိုက်ပြီး ပေါ့ပေါ့ဆက်ဆံလိုက်မိတာ၊ သူ့ဘေးမှာ ဟီးဟီးဟားဟားပျေ်ာ်ရွှင်ပြလိုုက်မိတာ၊ သူ့ခံစားချက်ကို လျစ်လျူရှုတာမျိုးနဲ့ ပိုနာကျင်စေခဲ့တာ ကိုယ်ကသတိထားမိမှာမဟုတ်ပါ။ ဒါ့ကြောင့် ကိုယ်ကလိုက်နားလည်မပေးနိုင်ရင်၊ မကူညီနိုင်ရင်တောင် သူခံစားနေရတာ ဒီတိုင်းလေးထားလိုက်ပါ။အပိုတွေဝင်ပြောဖို့ သင့်မှာတာဝန်မရှိပါဘူး။ စာနာမှုနဲ့ဆက်ဆံပေးပါ၊ ထိုက်သင့်တဲ့အားနာမှု၊ သိတတ်မှုလေးရှိထားရင်ဖြစ်ပါတယ်။ အမြဲမပြတ် ဝေဖန်နေခြင်း ဒီလိုမျိုးက လူကြီးမိဘတွေနဲ့ လူငယ်တွေကြားမှာအဖြစ်များပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေမှာလည်း ဖြစ်တတ်တာပဲ။အဲဒီလူဘာပဲလုပ်လုုပ် ကိုယ့်စိတ်ထဲ မကောင်းမမြင်ရင်တောင် ထောက်ပြစရာလေးရှိနေတာမျိုး။အပြစ်ပြောဖို့မရည်ရွယ်ပေမယ့် သူ့အပြစ်ကိုမီးမောင်းထိုးပြသလိုဖြစ်စေခဲ့တဲ့ ကိုယ့်ရဲ့ထောက်ပြမှုကြောင့် ပြဿနာရှိနိုင်ပါတယ်။ ဟိုနားလေးက ဟိုလိုဖြစ်နေတယ်နော်၊ ဒါလေးပြင်လိုက်ပါဦး၊ သူများပြောမှာစိုးလို့ပါ ဆိုတဲ့စကားတွေနဲ့ ကိုယ်ကအရင်ပြစ်တင်ဝေဖန်မိနေတာ သင်သိရဲ့လား။ ကောင်းစေချင်လို့ပြောတယ်ဆိုလည်း နှစ်ဦးတည်းရှိချိန်မှာပြောပါ၊ သူများရှေ့မှာပြောတာဟာ ကောင်းစေချင်တာထက်အမှားကိုကြေညာပေးသလိုဖြစ်စေတတ်ပါတယ်။

ဒေါသစိတ်ကို တခြားနည်းနဲ့ဖော်ပြခြင်း ကတောက်တဆဖြစ်တာ၊ စိတ်ခုစရာတွေကြောင့်ဖြစ်လာတဲ့ ကိုယ့်အတွင်းကဒေါသစိတ်ကို တစ်ဖက်လူအပေါ်သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြတာဟာအဆိပ်သုတ်ထားတဲ့ပန်းပွင့်တွေပါပဲ။ ရန်ထဖြစ်လိုက်တာထက် ပိုဆိုးတဲ့ကိစ္စပါ။ ဥပမာ လူတစ်ယောက်ရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီးနောက်ပြောင်စကားပြောလိုက်တယ်ထား ဒီစကားက ခပ်ပါးပါးလေး သူ့ကိုလှောင်/ခနဲ့/ဆော်ထားတဲ့အဓိပ္ပာယ်ပါနေတယ်ဆိုတာမျိုး၊ တစ်ဖက်လူက ဒက်ခနဲသိပြီး ထိသွားလောက်တဲ့ နောက်ပြောင်စကားမျိုး။ ကိုယ့်ရဲ့ဒေါသစိတ်ကို ဒီလိုနည်းနဲ့ဖြေတာ၊ တစ်ဖက်ကို နာသာခံခက်ဖြစ်အောင်လုပ်တာ မရိုးဖြောင့်တဲ့အပြုအမူပါ။ သကာရည်နဲ့ဖုံးအုပ်ထားတဲ့အဆိပ်ကအနည်းငယ်ပဲဖြစ်စေဦးတော့ တစ်ဖက်လူရဲ့ရင်ကို ထိမှန်သွားတာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ဒါ့ကြောင့် ဒီလိုအပြုအမူမျိုးလုပ်မိတဲ့ ကိုယ့်ခံစားချက်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုမလိမ်မိပါစေနဲ့။ ဒါကအဆိပ်အတောက်ရှိသူအဖြစ် ကိုယ့်ကိုယ်ကို တွန်းပို့နေတဲ့ခြေလှမ်းပါ။ ကိစ္စတစ်ခုခုကို မကျေနပ်ဘူး၊ ဖြေရှင်းဖို့လည်းသင့်တယ်ဆိုရင်အချိန်တစ်ခုရွေးပြီး တိုက်ရိုက်ဖြေရှင်းညှိနှိုင်းပါ။ ရိုးသားပါ။ လိုအပ်နေတဲ့အချိန် ဘေးမှာမရှိခြင်း ဒါကတော့ သူစိမ်းတွေကြားမှာ တွေးစရာမလိုတဲ့အချက်ပါ။ လူတစ်ယောက်နဲ့သိပ်ရင်းနှီးတယ်ထား၊ သူအခက်အခဲကြုံနေချိန်မှာ မသိသလိုနေလိုက်မိတာ၊ ကူညီလို့အားပေးလို့ရသားနဲ့ မဆိုင်သလိုနေခဲ့မိတာမျိုးပါ။ ကိုယ့်အကျင့်ကဒီလိုပဲနေတတ်လို့ ဝင်မပါတာဆိုလည်းအပြစ်မရှိပါဘူး။ ဒါပေမယ့် ကူညီချင်ယောင်မဆောင်ဖို့ပါ။အစပိုင်းမှာအားပေးသလိုလို၊အနားမှာရှိသလို ကတိတွေပေးခဲ့ပြီး တကယ့်အချိန်မှအကြောင်းပြချက်ကောင်းကောင်းနဲ့ ရှောင်လိုက်တာမျိုးက တစ်ဖက်ရဲ့မျှော်လင့်ချက်နဲ့ ရင်းနှီးမှုအစစ်အမှန်ကို ရိုက်ချိုးလိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကူညီနိုင်တာကိုပဲ ပြတ်ပြတ်သားသားပြောပါ၊ မလုပ်ပေးနိုင်တာတွေနဲ့ ပုံမပြောပါနဲ့။ ဘာအကူအညီလိုအပ်သလဲ ပွင့်ပွင့်လင်းလင်းမေးပါ။ မလုပ်ပေးနိုင်တာတွေပဲပြောပြီး ရှောင်နေမယ့်အစား သေးသေးလေးပဲဖြစ်ဖြစ် တတ်နိုင်တဲ့အပိုင်းကူညီပေးပါ။ မလုပ်ပေးနိုင်လည်းအဖော်ပြုပေးတာ ခင်မင်ရင်းနှီးမှုအစစ်ပါ။


အမြဲအာရုံပြောင်းလွယ်ခြင်း ကိုယ်ခင်မင်ရတဲ့လူတစ်ယောက်နဲ့စကားပြောနေချိန်မှာ သူ့ဆီမှာအာရုံမရှိဘဲ မကြာခဏ ဘေးပတ်ဝန်းကျင် ဒါမှမဟုတ် တခြားအရာတွေကိုအာရုံပြောင်းပြောင်းသွားတာမျိုးက ယဉ်ကျေးမှုနဲ့လေးစားမှုမရှိရာရောက်သလို တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ကြိမ်တစ်ခါ ပြဿနာမရှိပေမယ့် ဒီလိုမျိုးကြာလာတဲ့အခါ ကိုယ့်ရဲ့အပြုအမူက ဆက်ဆံရေးမှာအဆိပ်အတောက်ဖြစ်စေတာ ကိုယ်မသိလိုက်နိုင်ပါဘူး။ဒါ့ကြောင့် ကိုယ်အလေးထားတဲ့သူတွေအပေါ်အာရုံစိုက်ကြောင်းဖော်ပြပေးပါ။ တကယ်လည်း ဂရုစိုက်လျက်နဲ့ ဒီလိုခံစားချက်မျိုးနဲ့ သူတို့အထင်လွဲသွားတာမျိုးအဖြစ်မခံပါနဲ့။ ဒါတွေလုပ်မိဖူးတယ်ဆိုလည်း ပြဿနာမဟုတ်သေးပါဘူး။ ကိုယ်တွေကသူတော်စင်မဟုတ်လို့ ပြစ်ချက်ကင်း စင်ကြယ်လွန်းဖို့မမျှော်လင့်ပါနဲ့။ သိတဲ့အချိန်ကစပြီး ပြုပြင်ယူလို့ရပါတယ်။ ညစ်ပေစွန်းထင်းနေတဲ့အဝတ်အထည်တွေတောင် ဖြူစင်သန့်ရှင်းသွားအောင် လျှော်လို့ရသေးတာ၊ ကိုယ့်ကိုယ်ကိုလည်း ဖြူစင်ရိုးသားအောင် ဖွတ်လျှော်လို့ရနိုင်ပါတယ်။ ကိုယ့်အမူအကျင့်တွေမှာအကောင်းအဆိုးကိုမြင်နိုင်ဖို့သာအရေးကြီးတာပါ။ ဒီလိုသိပြီဆိုတာနဲ့ ငါဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ်ဆိုတဲ့စိတ်ကို ခေါင်းထဲသွင်းပါ။ ကိုယ့်စိတ်ထဲကအဆိပ်အတောက်တွေကို တတ်နိုင်သလောက်ဖယ်ရှားပါ၊ တခြားသူကိုအဆိပ်အတောက်မပေးမိအောင် ဂရုစိုက်ပါ။အဆိပ်အတောက်ကင်းတဲ့ ရှင်သန်ခြင်းနဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေနော်။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။




Some text some message..