ချမ်းသာချင်သူတိုင်းလိုက်နာသင့်တဲ့ လူငယ်သန်းကြွယ်သူဌေး ဂျော့ရှ်ရဲ့ ဘဝနေထိုင်နည်းများ
yoyarlay.com
|
2019-07-11



အိမ်ခြံမြေသူဌေး ဂျော့ရှ်အတ်ထ်မန် (Josh Altman) ဟာ သူ့အသက် (၂၆) နှစ်မတိုင်ခင်ကတည်းကအိမ်ခြံမြေစီးပွားရေးလောကရဲ့ သန်းကြွယ်သူဌေးနေရာကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနေရာကိုရောက်လာဖို့ဆိုတာကလည်း တော်ရုံစီမံခန့်ခွဲနိုင်မှုမျိုးနဲ့ မရပါဘူး။

ဒါဆိုအသက် (၂၆) မှာတင်သန်းပေါင်းများစွာပိုင်ဆိုင်နိုင်ဖို့အတွက်အောက်ခြေကနေစပြီး ဂျော့ရှ် ဘယ်လိုနေထိုင်ကျင့်ကြံခဲ့တယ်ဆိုတာကို လေ့လာကြည့်လိုက်ကြရအောင်ပါ။



၁။ ဂုဏ်မမောက်ပါနဲ့


ပြည့်တဲ့အိုးက ဘယ်တော့မှဘောင်ဘင်မခတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ဖောက်သည်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူတွေနဲ့စကားပြောတဲ့အခါမျိုးမှာ သူတို့လိုအပ်ချက်တွေကိုအဓိကထားပြီးနားထောင်ပေးပါ။ ရှိတာကိုထုတ်ကြွားမယ်ဆို လူအမြင်ကပ်ပြီး သင့်နဲ့ဝယ်သူကြားဆက်ဆံရေးပြတ်နိုင်ပါတယ်။

၂။ နားထောင်ပေးပါ

ကိုယ်ကတစ်ဖက်လူပြောတာကို ဂရုတစိုက်နားထောင်ပေးကာမှ သူတို့ကိုလေးစားရာရောက်ပြီး ဝယ်သူရဲ့ယုံကြည်မှုကို ရရှိမှာပါ။ ဘယ်သူမဆို ကိုယ့်ရဲ့ဖောက်သည်ဖြစ်လာနိုင်တာမို့ စကားပြောချိန်အာရုံစိုက်နားထောင်ပေးပါ။


၃။ နားလည်အောင်ပြောပေးပါ

ကိုယ့်ဖောက်သည်ကအရွယ်မျိုးစုံ၊ လူတန်းစားမျိုးစုံ ဖြစ်နိုင်ပါတယ်။ သင်ကလူငယ်မို့လို့ လူငယ်အချင်းချင်းပြောတာကို နားလည်နိုင်ပေမဲ့ လူကြီးတွေကတော့ နားလည်ချင်မှနားလည်နိုင်ပါလိမ့်မယ်။အဲဒီအခါကျ သင့်လုပ်ငန်းအပေါ်ကိုရော သင့်ရှင်းပြချက်တွေကိုရော စိတ်ဝင်စားမှုလျော့နည်းပြီး သင့်ဆီကအားပေးတော့မှာ မဟုတ်ပါဘူး။


၄။ သန့်သန့်ပြန့်ပြန့်ဝတ်ပါ

ဈေးကြီးတဲ့အဝတ်အစားတွေ ဝတ်စရာမလိုပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ ကြော့ကြော့မော့မော့လေးဖြစ်နေရင်ရပါပြီ။ လူမှာအဝတ် တောင်းမှာအကွပ်ဆိုသလို သင်ကရည်ရည်မွန်မွန်လေးဝတ်စားထားပါမှ သင့်လုပ်ငန်းကိုလည်းအတိုင်းအတာတစ်ခုအထိ ယုံကြည်ကြပါလိမ့်မယ်။


၅။ ထပ်တူကျပါစေ

လူတွေက ကိုယ့်ပုံစံနဲ့တူတဲ့သူနဲ့ စကားပြောကြတဲ့အခါမျိုးမှာ ရင်ဘတ်ချင်းပိုနီးပြီး ခံစားချက်ပိုနီးကပ်ကြတယ်လို့ထင်ကာ ၎င်းတို့ပြောနေတဲ့သူအပေါ် ယုံကြည်အားထားမှုပိုရှိ တတ်ကြပါတယ်။ ဒါကြောင့်အသံတိုးတဲ့သူ၊ ညင်ညင်သာသာလေးပြောတတ်တဲ့သူမျိုးနဲ့ ပြောမယ်ဆို သူတို့လိုပဲအသံလေးကိုလျှော့ပြီးပြောပါ။ သွက်သွက်လက်လက် စိတ်မြန်လက်မြန်ရှိတဲ့လူမျိုးနဲ့စကားပြောရင် သူ့လိုပဲကိုယ်လည်း တက်တက်ကြွကြွ ပြုံးပြုံးရွှင်ရွှင်လေး လိုက်ပြောပေးပါဆိုပြီး သန်းကြွယ်သူဌေး ဂျော့ရှ်ကအကြံပေးထားပါတယ်။


Ref : CNBC.com “Investor who became a millionaire at 26: ‘To make a lot of money, master these 10 rules’”
Po Mo Htoo Aung (ရိုးရာလေး)




Some text some message..