MTSH ကုမ္ပဏီက သီလဝါတွင် ဈေးဝယ်စင်တာ စီမံကိန်း ဖော်ဆောင်မည်
mmtimes.com
|
2019-07-11

ဈေးဝယ်စင်တာစီမံကိန်းအတွက် ြွှှံ ကအဆောက်အအုံတည်ဆောက်သည့်အပိုင်းကို တာဝန်ယူမည်ဖြစ်သည်။ မြန်မာတိုင်း(မ်)

ဈေးဝယ်စင်တာစီမံကိန်းအတွက် ြွှှံ ကအဆောက်အအုံတည်ဆောက်သည့်အပိုင်းကို တာဝန်ယူမည်ဖြစ်သည်။ မြန်မာတိုင်း(မ်)

MTSH ကုမ္ပဏီက သီလဝါတွင် ဈေးဝယ်စင်တာ စီမံကိန်း ဖော်ဆောင်မည်

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဈေးဝယ်စင်တာစီမံကိန်းတစ်ခုကို ယခု ၂၀၁၉ ခုနှစ်အတွင်းအကောင်အထည်ဖော်ရန်အစီအစဉ်ရှိသည်ဟု MTSH ( Myanmar Thilawa Sez Holding ) ကုမ္ပဏီ၏အမှုဆောင်ဒါရိုက်တာ ဦးသူရိန်အောင်က ပြောသည်။

MTSH ကုမ္ပဏီသည် ကုန်ဆုံးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာရေးရှင်းတမ်းအချက်အလက်များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင် ၈ ရက်က ရန်ကုန်စတော့အိတ်ချိန်းရုံးတွင် ကျင်းပရာ၌ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။

''ဈေးဝယ်စင်တာ စီမံကိန်းကအခုတော့ Feasibility study (ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှု) တွေကို လုပ်နေပါပြီ။ နှစ်ထပ်ဆောက် မလား၊ သုံးထပ်ဆောက်မလား၊ ပြန်ရနိုင်ခြေ ဘယ်လိုရှိမလဲဆိုတာတွေကို သုံးသပ်ဖို့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ယူဖို့ လိုပါသေးတယ်။အဲဒါကြောင့်အခုချိန်မှာ ရင်းနှီးမြှုပ်နှံပမာဏကို ပြောဖို့က ခက်နေပါသေးတယ်" ဟု ဦးသူရိန်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းစီမံကိန်းကိုမူ MTSH ကုမ္ပဏီသည်အဆောက်အအုံ တည်ဆောက်သည့်အပိုင်းကိုသာ တာဝန်ယူမည်ဖြစ်ပြီး ဈေးဝယ်စင်တာ ဖွင့်လှစ်ရန်အတွက်မူ ပြည်တွင်းရှိ နာမည်ရရှိပြီးသား ဈေးဝယ်စင်တာကြီးများကို ဖိတ်ခေါ်ကာ တင်ဒါစနစ်ဖြင့် ငှားရမ်းခွင့် လုပ်ကိုင်မည်ဟု ဦးသူရိန်အောင်က ပြောသည်။

"အဆောက်အအုံ ဆောက်လုပ်ပေးပြီး ပြည်တွင်းက ဈေးဝယ်စင်တာတွေကို ငှားရမ်းပေးတဲ့ပုံစံနဲ့ သွားမှာပါ"ဟု ဦးသူရိန်အောင်က ပြောသည်။

MTSH ကုမ္ပဏီသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က စုစုပေါင်းအသားတင်အမြတ် ကျပ် ၁၂ ဒသမ ၈ ဘီလျံသာ ရရှိခဲ့သော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအသားတင်အမြတ် ကျပ် ၁၅ ဒသမ ၆ ဘီလျံထိ တိုးမြင့်ရရှိခဲ့သည်။ ထို့ကြောင့်အစုရှယ်ယာ တစ်စုလျှင် ကျပ် ၂၅၀အမြတ်ဝေစု ခွဲဝေပေးရန် ပြင်ဆင်ထားသည်ဟု MTSHအမှုဆောင်အရာရှိချုပ် ဦးကျော်ဇောဝေက ပြောသည်။

၎င်းကုမ္ပဏီသည် နှစ်စဉ်ရရှိသည့်အသားတင်အမြတ်ငွေအနက်အမြတ်ခွဲဝေပေးခြင်း မရှိဘဲ နှစ်စဉ်ထိန်းသိမ်းထားသည့် လက်ကျန်အမြတ်ဝေစုများလည်း ရှိနေဆဲဖြစ်သည်။ ၎င်းလက်ကျန်အမြတ်ပမာဏသည် ကုန်ဆုံးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်စာရင်းအရ ကျပ် ၄၅ ဘီလျံကျော်အထိရှိလာသည်ဟု ဦးကျော်ဇောဝေက ပြောသည်။

"အမြတ်ငွေထဲက ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ သီးခြားခွဲစုထားတဲ့အမြတ်တချို့လည်းရှိနေပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကဆိုအဲဒီသီးခြားစုဆောင်းငွေက ကျပ် ၃၈ ဘီလျံပဲရှိခဲ့တာပါ။အခုက ကျပ် ၄၅ ဘီလျံကျော်အထိ ရှိလာပါတယ်"ဟု ဦးကျော်ဇောဝေက ပြောသည်။

ကုမ္ပဏီသည် လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာတစ်စုလျှင် ကျပ် ၃,၃၅၀သာ ဈေးပေါက်နေသည်။ ထို့ကြောင့် ရှယ်ယာရှင်များကို ဆွဲဆောင်နိုင်ရန်မှာအလားအလာကောင်းသည့် စီးပွားရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရန်သာ ရှိသည်ဟု ဦးသူရိန်အောင် က ပြောသည်။

"ရှယ်ယာဈေးကတော့ လောလောဆယ်မှာတော်တော်ကို ထိလွယ်ရှလွယ်ဖြစ်နေတယ်။ ဒါကလည်း ဈေးကွက်ဖွံ့ဖြိုးမှုအားနည်းတာကြောင့်လို့ ပြောရမယ်။ လက်ရှိမှာတော့ မြန်မာရင်းနှီးမြှုပ်နှံသူတွေကြိုက်တဲ့အမြတ်ပေးတဲ့နည်းလမ်းကို သုံးနေတယ်။ ရေရှည်မှာတော့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို ထပ်ပြီးလုပ်ရမှာပါ"ဟု ဦးသူရိန်အောင်က ပြောသည်။

၎င်းကုမ္ပဏီသည် သီလဝါဆိပ်ကမ်းနှင့် မြန်မာနိုင်ငံအရပ်ရပ်သို့ မီးရထားဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရန် စီမံကိန်းတစ်ခုကိုလည်း လျာထားပြီး နှစ်နှစ်ခန့်အချိန်ယူ လေ့လာဆန်းစစ်မှုပြုမည်ဟု ထုတ်ဖော်ပြောထားသည်။

ထို့အတူ ကျောက်ဖြူဆိပ်ကမ်းနှင့် မြစ်ကြီး နားစက်မှုဇုန်တို့တွင်လည်း ပါဝင်နိုင်သည့်ဘက်က ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ဖော်ပြောထားသည်။ ၎င်းစီမံကိန်းများသည် တရုတ်နိုင်ငံ၏အစိုးရအဖွဲ့ကသာအဓိကဦးဆောင် လုပ်ကိုင်နေလျက်ရှိရာ စီမံကိန်းအကောင်အထည်ဖော်နိုင်မည့်အချိန်ကာလသည်လည်း တရုတ်နိုင်ငံအစိုးရအဖွဲ့၏အခြေအနေကို စောင့်ကြည့်နေရသည်ဟု ၎င်းက ပြောသည်။




Some text some message..