
မင်္ဂလာဖိတ်စာဆိုတာ မင်္ဂလာပွဲပြုလုပ်မယ့် သတို့သားနှင့် သတို့သမီး မိသားစုဘက်မှ ကိုယ့်မိသားစု၊ ဆွေမျိုး၊အပေါင်းအသင်း၊ မိတ်ဆွေများကိုမင်္ဂလာပွဲသို့လာရောက်ချီးမြှင့်ပေးရန် ဖိတ်ကြားခြင်းပဲဖြစ်ပါတယ်။
အခုခေတ်မှာတော့ မင်္ဂလာဖိတ်စာ ဖိတ်ကြားရာမှာအိမ်တိုင်ရာရောက် ဖိတ်စာကမ်းပြီးဖိတ်ကြားခြင်းများရှိသလို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ပေါ်မှတစ်ဆင့် ဖိတ်ကြားခြင်းမျိုးလည်းရှိနေပါပြီ။
မင်္ဂလာဆောင်သို့လာရောက်ချီးမြှင့်ရန် ဖိတ်ကြားခြင်းဓလေ့ကို ၁၄၄၇ ခုနှစ်ခန့်ကစတင်ခဲ့ပြီး ယင်းအချိန်တွင်တော့ မြို့ထဲလမ်းတစ်လျှောက်လူတစ်ဦးက
မင်္ဂလာပွဲသို့လာရောက်ချီးမြှင့်ပေးရန် ပါးစပ်ဖြင့်အော်ပြောဖိတ်ကြားခြင်းဖြစ်ပြီး ထိုအချိန်တွင် ကြားလိုက်ရတဲ့ လူများက မင်္ဂလာပွဲသို့တက်ရောက်ကြတယ်လို့သိရပါတယ်။
၁၆၄၂ ခုနှစ်ခန့်မှာတော့ မင်္ဂလာဖိတ်စာ ဖိတ်ကြားတဲ့ ပုံစံဟာအနည်းငယ်ပြောင်းလဲလာခဲ့ပါတယ်။
သတ္တုပြားပေါ်မှာ လိုအပ်တဲ့အချက်အလက်များကို စာလုံးထွင်းပြီးအဆိုပါ သတ္တုပြားကို ဖိတ်ချင်တဲ့ လူတစ်ဦးတစ်ယောက်ချင်းစီဆီသို့ပို့ဆောင်ပြီးဖိတ်ကြားခဲ့ကြပါတယ်။
အဆိုပါ သတ္တုပြားပေါ်မှာတော့ ဧည့်သည်တစ်ဦးချင်းစီရဲ့နာမည်များကိုပါ စာလုံးထွင်းပြီး ဖိတ်စာအဖြစ် ကမ်းခဲ့ကြတယ်လို့သိရပါတယ်။
၁၇၉၈ ခုနှစ်ခန့်မှာတော့ မင်္ဂလာဖိတ်စာ ဖိတ်ကြားဖို့အတွက် ထင်ရှားပြတ်သားတဲ့မင်ရည် ရှိနေပြီဖြစ်တဲ့အတွက် သတ္တုပြားပေါ်မှာ စာလုံးထွင်းဖို့မလိုအပ်တော့ပါဘူး။
ဖိတ်စာကမ်းဝေခြင်းကိုတော့ စာတိုက်များမရှိသေးတဲ့အတွက် ကိုယ်တိုင်သော်လည်းကောင်း၊ မြင်းကုန်းနှီးပေါ်တွင်တင်၍သော်လည်းကောင်း ဖိတ်ကြားလေ့ရှိတယ်လို့သိရပါတယ်။
မြင်းကုန်းနှီးပေါ်သို့ မင်္ဂလာဖိတ်စာတင်ပေးလိုက်တဲ့အချိန်မှာ မိုးဒဏ်၊ လေဒဏ် ခံနိုင်ရန်အတွက်ဖိတ်စာကို စာအိတ်ထဲထည့်ပြီး ဖိတ်ကြားတဲ့ဓလေ့ကအဆိုပါအချိန်ကတည်းက ပေါ်ထွက်ခဲ့တာဖြစ်ပြီး ယခုအချိန်တိုင် ထိုနည်းလမ်းကိုအသုံးပြုလျက်ရှိနေပါတယ်။
ဖိတ်စာအမျိုးအစားများနဲ့ပတ်သက်ပြီးတော့ ယခုခေတ်မှာတော့ ရွေးချယ်စရာ ဒီဇိုင်းများစုံလင်လှပါတယ်။
မင်္ဂလာဆောင်ဖိတ်စာပြုလုပ်တဲ့ ဆိုင်များမှာ သွားရောက်ပြီး ဖိတ်စာဒီဇိုင်းများစုံစမ်းလို့ရသလို ကိုယ်လိုချင်တဲ့ ဖိတ်စာဒီဇိုင်းပုံစံကို ဆိုင်ကိုအပ်ပြီးပြုလုပ်လို့ရပါတယ်။
ရိုးရှင်းတဲ့ဖိတ်စာဒီဇိုင်းကို သဘောကျတဲ့သူတွေအတွက်ကတော့ ဆိုင်မှာရှိတဲ့ပုံစံတွေထဲက ကိုယ်ကြိုက်ရာဒီဇိုင်းကိုရွေးချယ်ပြုလုပ်ရုံပါပဲ။
ဆန်းဆန်းပြားပြား ဖိတ်စာဒီဇိုင်းများကို စိတ်ဝင်စားတဲ့သူတွေအတွက်တော့အင်တာနက်မှာကိုယ်လိုချင်တဲ့ ဖိတ်စာပုံစံမျိုးကို ရှာဖွေလေ့လာပြီး ဆိုင်ကိုအပ်တာက ပိုမိုအဆင်ပြေပါလိမ့်မယ်။ ဘိုဆန်တဲ့အရောင်မျိုးကိုသဘောကျသူတွေအတွက် ငွေရောင်၊အသားရောင်တို့ကိုရွေးချယ်သင့်ပါတယ်။
ဆန်းပြားတဲ့ဖိတ်စာ ဒီဇိုင်းတွေထဲကမှအချို့က Caricature လို့ခေါ်တဲ့ ရုပ်ပြောင်ပန်းချီကို သတို့သား၊ သတို့သမီး နှစ်ယောက်ပုံရေးဆွဲပြီး ဖိတ်စာပေါ်မှာပုံနှိပ်ပြုလုပ်ကြပါတယ်။
အချို့ကတော့ မြန်မာ့ယဉ်ကျေးမှုနဲ့လည်းကိုက်ညီတဲ့ ရှေးယခင်ကစာရေးလျှင်အသုံးပြုကြတဲ့ ပေရွက်လိပ်ပုံစံ ဖိတ်စာကိုအသုံးပြုလေ့ရှိကြပါတယ်။
အချို့က မင်္ဂလာပွဲလာရောက်လျှင်ပြန်လည်ကမ်းတဲ့ ဘောပင်၊ တူ၊ ဇွန်းခရင်း၊အရုပ်အစရှိသည်တို့ကို မင်္ဂလာဖိတ်စာဖိတ်ကြားရင်း တစ်ပါတည်းကမ်းလေ့ရှိကြပါတယ်။
ကမ်းခြေမှာမင်္ဂလာပွဲပြုလုပ်မယ့် စုံတွဲတွေကတော့ များသောအားဖြင့် ဖိတ်စာနောက်ခံမှာ ကမ်းခြေဓာတ်ပုံများရိုက်နှိပ်ဖိတ်ကြားလေ့ရှိပြီး Pre Wedding ဓာတ်ပုံများကိုအသုံးပြုပြီး မင်္ဂလာဖိတ်စာ ပြုလုပ်သူများလည်းရှိပါတယ်။
ဖိတ်စာတန်ဖိုးကတော့ ကိုယ်ပြုလုပ်တဲ့ ဖိတ်စာအသား၊ ပုံစံ များအပေါ်မူတည်ပြီး ဈေးအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဖိတ်စာတစ်စောင်ကို မြန်မာကျပ်ငွေအနည်းဆုံး ၃၀၀ ကျပ်ခန့်ကစတင်ပြီး ကျပ်သောင်းကျော်ခန့်အထိရှိပါတယ်။
အကယ်၍များအမှားအယွင်းတစ်ခုခုရှိခဲ့လျှင်ပြန်လည်ပြင်ဆင်နိုင်ရန် နှင့် ရပ်ဝေးမှမိတ်ဆွေများအားကြိုတင်ဖိတ်ကြားနိုင်ရန်အတွက် မင်္ဂလာဖိတ်စာကို မင်္ဂလာဧည့်ခံပွဲမတိုင်ခင်အနည်းဆုံး ၁ လခန့်ကြိုတင်အပ်သင့်ပါတယ်။
Myanmar Wedding Guide