
“ရည်းစားအဖြစ်ကနေ ခဏလောက် ရပ်စဲလိုက်ကြရအောင်” ဒါမှမဟုတ် “ခဏလောက် လမ်းခွဲလိုက်ရအောင်” ၊ “တစ်ယောက်တည်းနေချင်လို့အချိန်နည်းနည်းပေးပါ” စသဖြင့်အလားတူ စကားမျိုးကို ကြားဖူးလား။
အဲဒီလိုအချိန်တွေဆိုရင် ကိုယ့်ရဲ့အခြေအနေက ဘာမှန်းမသိပဲ မရေမရာ ဖြစ်သွားတတ်ပါတယ်။ ကိုယ်က သူ့ရဲ့ရည်းစားဖြစ်နေတုန်းလား၊ ဒါမှမဟုတ် မဖြစ်တော့ဘူးလား ။ ဒီစကားကြီးက ဘာအဓိပ္ပာယ်လဲဆိုပြီး ဝေခွဲမရ ဖြစ်သွားတတ်ကြပါတယ်။ ပြောတဲ့သူအနေနဲ့ရော ဘာလို့ ပြတ်ပြတ်သားသားမဟုတ်တဲ့ ဒီစကားမျိုးကိုပြောရတာလဲ။ သူတို့ရဲ့တကယ့်ခံစားချက်ကရော ဘယ်လိုလဲ။အောက်မှာပါတဲ့အချက်တွေကို လေ့လာကြည့်ရအောင်။
(၁)။ လမ်းခွဲမယ်လို့ပြောလိုက်တာက ရက်စက်လွန်းတယ်ထင်လို့
“ငါတို့ လမ်းခွဲကြရအောင်” လို့ပြောလိုက်တာက သူ့အတွက်အရမ်းရက်စက်လွန်းပါတယ် လို့ ခံစားရရင်ပဲဖြစ်ဖြစ်၊ သူ့ကို သနားနေလို့ပဲဖြစ်ဖြစ် “ရည်းစားအဖြစ်ကနေ ခဏလောက် ရပ်စဲလိုက်ကြရအောင်” လို့ ပြောတတ်ကြပါတယ်။ ဒါဟာအပြီးသတ် လမ်းခွဲတဲ့သဘောမဟုတ်ပဲ တစ်ချိန်ချိန်ကျရင် ပြန်တွဲကောင်း ပြန်တွဲကြမယ်ဆိုတာမျိုးလည်းအဓိပ္ပာယ်သက်ရောက်တယ်ဆိုတော့ တစ်ဖက်သားက သိပ်ခံစားရမှာမဟုတ်ဘူးလို့ သူတို့ထင်ကြလို့ ဖြစ်မှာပေါ့။

Black Salmon/Shutterstock
(၂)။ ကိုယ်တိုင်က မပြတ်နိုင်သေးတာ
ကိုယ့်အနေနဲ့ သူ့ကိုအရမ်းစိတ်ကုန်နေပြီ။ သူ့ရဲ့အကျင့်တွေက ကိုယ်မကြိုက်တာတွေအများကြီးပဲ။ ဒါပေမယ့် သူ့ကိုလည်းမပြတ်နိုင်ဘူး။အဲဒီလိုအခြေအနေမျိုးမှာ “ရည်းစားအဖြစ်ကနေ ခဏလောက် ရပ်စဲလိုက်ကြရအောင်” လို့ သုံးကြလေ့ရှိပါတယ်။အလုပ်တွေမှာအစမ်းခန့်သလိုပေါ့။ တစ်ယောက်တည်းနေကြည့်ရတာအဆင်ပြေရင် တစ်ယောက်တည်းပဲနေတော့မယ်။အဆင်မပြေရင် ၊အရမ်းတွေသတိရနေမိရင်တော့ ပြန်လာတွဲမယ်…အဲလိုပေါ့။
(၃)။ သူ့ကိုသတိပေးချင်တာ
ဒီလိုပြောလိုက်ပြီဆိုကတည်းက ကိုယ်က သူ့ရဲ့အကျင့်တွေကိုမကြိုက်ဘူး၊ သူ့ရဲ့အပြုအမူတွေကို မကြိုက်ဘူး ဆိုတာကို တစ်နည်းအားဖြင့် သတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီး သူ့အနေနဲ့အဲဒါတွေကိုမပြင်ရင်တော့ ပြန်တွဲရမှာမဟုတ်ဘူးလို့ သတိပေးလိုက်တာပါ။ သူ့အနေနဲ့အချိန်ကာလတစ်ခုအတွင်းမှာအဲဒါတွေကို ပြင်ရင်ပြင်၊ မပြင်ဘူးဆိုရင်တော့အရင်လိုဆက်ဆံရေးမျိုးရှိတော့မှာမဟုတ်ဘူးလို့လည်း ရည်ရွယ်ပါတယ်။

Motortion Films/Shutterstock
#တကယ်ပြတ်ပြီလား
ပြန်ပြီး ပေါင်းချုပ်ရရင်တော့ “ရည်းစားအဖြစ်ကနေ ခဏလောက် ရပ်စဲလိုက်ကြရအောင်” ဆိုတဲ့စကားကြီးက တကယ်ပြတ်တာတော့မဟုတ်သေးပါဘူး။ သူသာ တကယ်ပြတ်ချင်ရင်အဲဒီလိုစကားမျိုးသုံးမှာမဟုတ်ပဲ တိုက်ရိုက်ပဲ “ပြတ်ကြရအောင်” လို့ပြောတာမျိုး၊ ဘာမှအဆက်အသွယ်မလုပ်ပဲနေတာမျိုး၊ စတာတွေကို လုပ်သွားမှာပါ။
ဒီတော့အဲဒီလိုစကားကိုကြားရပြီဆိုရင် နှစ်ယောက်ကြားက ဆက်ဆံရေးကိုအကောင်းအတိုင်းဖြစ်အောင် ပြန်လုပ်ဖို့ ကြိုးစားရမှာဖြစ်ပြီး ကိုယ့်ဆီမှာရှိတဲ့၊ သူမကြိုက်တဲ့အချက်တွေကိုအမြန်ဆုံးပြုပြင်ရမှာဖြစ်ပါတယ်။

fizkes/Shutterstock
Linn