ပူပူနွေးနွေးလခလေးကို ခါးပိုက်နှိုက်မခံရစေဖို့ နည်းလမ်း(၄)ခု
shwemom.com
|
2019-08-02

YBS တွေပေါ်လာလို့အရင်လို ကားပေါ်မှာ ခါးပိုက်နှိုက်တွေ ရှားသွားပြီလို့တော့ မထင်နဲ့နော်။ ရုံးချိန်ဆို ကြပ်နေတဲ့ ကားတွေကြောင့် ခါးပိုက်နှိုက်တွေဟာလဲ ရှိနေဆဲ၊ ပိုက်ဆံအိတ်ပျောက်သူတွေ၊ ဖုန်းပါသွားသူတွေဟာလည်း နေ့စဉ်လိုလို ရှိနေဆဲပါပဲ။အထူးသဖြင့်အခုလို လစာထုတ်ပြီး ရက်တွေမှာဆိုရင် ခါးပိုက်နှိုက်တွေက ပိုပြီးတော့အလုပ်လုပ်ကြတယ်။ လူတွေမှာ ပိုက်ဆံရှိနေတာကိုး..။ ဒီတော့ သင့်အနေနဲ့ YBS စီးတဲ့အခါ ခါးပိုက်နှိုက်တွေရန်က ကင်းဝေးအောင် ဘယ်လိုလုပ်မလဲ။အောက်မှာပါတဲ့အချက်လေးတွေကို လေ့လာကြည့်လိုက်ပါ။

(၁)။ ပိုက်ဆံအိတ်ကို ဘောင်းဘီအနောက်အိတ်ထဲ ဘယ်တော့မှမထည့်ပါနဲ့
ကားစီးတဲ့အခါ ပိုက်ဆံအိတ်ကို ဘောင်းဘီအနောက်ဖက်အိတ်ထဲ ဘယ်တော့မှ ထည့်မထားပါနဲ့။ မတော်တဆ သတိလက်လွတ်နဲ့ ထည့်ထားမိတဲ့အခါ ခါးပိုက်နှိုက်တွေအတွက် စိတ်ကြိုက်ဖြစ်သွားမှာပါ။အဲဒီလိုအနေအထားက နှိုက်ယူရအလွယ်ဆုံးမို့ လူတွေတိုးနေတဲ့အချိန် သင်သတိတောင်မထားလိုက်မိပဲ ပါသွားပါလိမ့်မယ်။


CC7/Shutterstock

(၂)။ ကျောပိုးအိတ်ကိုအရှေ့ဖက်မှာထားပြီး လွယ်ပါ
သင်က ကျောပိုးအိတ်နဲ့ လိုင်းကားစီးလေ့ရှိတဲ့သူဆိုရင်တော့ ကျောပိုးအိတ်ထဲကို ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ တစ်ခါတည်းထည့်ပြီး ခန္ဓာကိုယ်အရှေ့ဖက်မှာ လွယ်ထားလိုက်ပါ။ ကျောပိုးအိတ်ကိုအနောက်မှာထားတာက လူတွေကြပ်လို့ တိုးတဲ့အခါ ခါးပိုက်နှိုက်တွေအတွက်အခွင့်အရေးဖြစ်သွားနိုင်တာမို့ပါ။

(၃)။ ဖုန်းကို နားကြပ်တပ်ထားတာအကောင်းဆုံးပါ
အကောင်းဆုံးကတော့ ဖုန်းကိုနားကြပ်တပ်ထားပြီး သီချင်းနားထောင်နေတာပါပဲ။ သီချင်းနားထောင်ရတာ မကြိုက်ဘူးဆိုရင်လည်း ဒီအတိုင်းဘာမှမဖွင့်ပဲ နားကြပ်လေးသာ တပ်ထားလိုက်ပါ။ သင့်ဖုန်းကို ခိုးဖို့ ချောင်းနေတဲ့သူရှိတယ်ဆိုရင် သင်တစ်ခုခုနားထောင်နေတယ်လို့ ထင်မိမှာဖြစ်ပြီး သူတို့အတွက်အခွင့်အရေးမရှိဘူးလို့ ထင်သွားပါလိမ့်မယ်။


Jacob Lund/Shutterstock

(၄)။ ပုံမှန်မဟုတ်ပဲ တိုးကပ်လာသူတွေကို သတိထားပါ
ကားပေါ်မှာ နေရာလွတ်တွေအများကြီးရှိပါရဲ့နဲ့ ကိုယ့်ဘေးနားမှာပဲ တိုးကပ်နေသူတွေကို သတိထားပါ။ တချို့က ရိုးရိုးသားသားပေမယ့် တချို့ကတော့ ရည်ရွယ်ချက်ရှိကြပါတယ်။အဲဒီလိုလူမျိုးတွေကို တွေ့ပြီဆိုရင် သင့်ဖုန်းနဲ့ပိုက်ဆံအိတ်ကို မကြာခဏ လက်နဲ့စမ်းကြည့်နေပေးပါ။ သင့်အနေနဲ့အဲဒီလို ဂရုစိုက်မှန်း သူတို့သိပြီဆိုရင် လုပ်ရဲကြမှာမဟုတ်ပါဘူး။

Linn




Some text some message..