အိပ်ရေးပျက်လေ့ရှိသူများ မှတ်ဉာဏ်ချို့ယွင်း
healthcare.com.mm
|
2019-08-13


ညဘက်အိပ်ရေးဝဝအိပ်ရသူများအတွက်အကောင်းဆုံးသော စွမ်းဆောင်ရည်များကို ရရှိ ပိုင်ဆိုင်နိုင်ကြောင်းနှင့် ပတ်သက်၍ မည်သည့်အငြင်းပွားမှုမျှ မရှိပေ။အချိန်မှန် ကောင်းမွန်စွာအိပ်စက် ရခြင်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ဖြည့်ဆည်းခြင်းနှင့် ဇီဝနာရီကို ပုံမှန်လည်ပတ်စေခြင်းသာမက ဦးနှောက်၏အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်သည့် သင်ယူနိုင်စွမ်းနှင့်မှတ်ဉာဏ် စွမ်းရည်တို့ကိုပါ တိုးတက်စေသည်။အကယ်၍အိပ်ရေးဝဝလင်လင်အိပ်စက်ရခြင်းမရှိပါက သွေးတိုး၊ ဆီးချိုနှင့်အဝလွန်ခြင်းကဲ့သို့သော ရောဂါများ ခံစားရမည့်အပြင် မှတ်ဉာဏ်တည်ဆောက်မှုအတွက်အချက်အလက်များရယူခြင်းနှင့် သင်ကြားမှု စွမ်းရည်တို့ကိုပါ ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် ပြည့်စုံလုံလောက်သည့်အိပ်စက်ချိန်မရှိပါက တစ်စုံတစ်ခုကို ပြန်ပြောရန်အတွက် ဦးနှောက်က ဇဝေဇဝါဖြစ်ခြင်း၊ ဆုံးဖြတ်နိုင်စွမ်းနည်းခြင်းနှင့် ခန္ဓာကိုယ်၏ လုပ်ဆောင်မှုစွမ်းရည်များ ကျဆင်းလာခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်။ မှတ်ဉာဏ်အမျိုးအစား သုံးမျိုးရှိပြီး ယင်းတို့မှာအချက်အလက်များကိုအခြေခံသည့် မှတ်ဉာဏ် (ဥပမာ-မြို့အမည်၊ နိုင်ငံအမည်)၊ ဘဝတွင် ကြုံတွေ့ရသည့်အဖြစ်အပျက်များ (ဥပမာ-ပထမဦးဆုံးအတွေ့အကြုံ) နှင့် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ပေါ်သည့် သို့မဟုတ် စနစ်တကျ တည်ဆောက်ထားသည့် မှတ်ဉာဏ် (ဥပမာ-စန္ဒရားတီးခြင်း) တို့ဖြစ်သည်။ မှတ်ဉာဏ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ချက် သုံးမျိုးရှိပြီး ၎င်းတို့မှာ တစ်စုံတစ်ခုကို သင်ယူခြင်း သို့မဟုတ် တွေ့ကြုံခြင်းဖြစ်သည့် မှတ်ဉာဏ်သိုမှီးခြင်း၊ မှတ်ဉာဏ် တည်ဆောက်ခြင်းနှင့် ပြန်လည်မှတ်မိခြင်းတို့ ဖြစ်သည်။ ယင်းဖြစ်စဉ်များအနက် မှတ်ဉာဏ်သိုမှီးခြင်းနှင့် ပြန်လည်မှတ်မိခြင်းတို့သည် မိမိတု့ိ နိုးထနေချိန်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး မှတ်ဉာဏ်တည်ဆောက်ခြင်းကိုမူအိပ်စက်ချိန်တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ညတာကိုအချိန်မှန် ကောင်းမွန်စွာအိပ်စက်ရသူများနှင့် နေ့လယ်နေ့ခင်းတွင် တစ်ရေးတစ်မောအိပ်စက်ရသူများသည် လုပ်ငန်းခွင်တွင်သာမက မည်သည့်နေရာတွင် မဆိုအောင်မြင်သော ဘဝကိုပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းအကြံပြုရေးသား လိုက်ရပါသည်။ Credit : ကောင်းထက် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..