ကိုယ့်အကြောင်းအတင်းပြောနေကြသူတွေကို ဘယ်လိုနည်းလမ်းတွေနဲ့တုန့်ပြန်မလဲ
shwemom.com
|
2019-08-13

သင့်ဘဝမှာအတင်းပြောတဲ့သူတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရဖူးမှာပါ။ သင့်ရဲ့အိမ်ပတ်ဝန်းကျင်မှာ၊ သင့်ရဲ့ကျောင်းမှာ၊သင့်ရဲ့အလုပ်မှာ စသဖြင့်ပေါ့။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အကြောင်းကိုအတင်းပြောနေကြပြီလို့ ခံစားရရင် စိတ်ထဲမှာအဆင်မပြေဘူးလေ။ ဒေါသထွက်တယ်လို့ မဟုတ်ရင်တောင် စိတ်တော့ ရှုပ်ကြရတာပဲ။ ဒီတော့အတင်းပြောတဲ့သူတွေနဲ့ ကြုံလာရတဲ့အခါ ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပါနော်။ သူတို့ကို ထိထိရောက်ရောက်တုန့်ပြန်နိုင်မယ့် နည်းလမ်းလေးတွေပေါ့။

(၁)။ ဂရုမစိုက်ပါနဲ့
သင့်အကြောင်း သူတို့အတင်းပြောနေတယ်ဆိုတာကို သင်သိရင်တောင် သူတို့ကို ဂရုမစိုက်ပါနဲ့။ သင်က ဂရုစိုက်လေ သူတို့က သင့်အကြောင်းကို ပိုပြီးအားရပါးရ ပြောချင်လေ ဖြစ်မှာမို့ပါ။ သင့်ရဲ့ပုံမှန်လုပ်စရာရှိတာတွေကိုသာ လုပ်နေလိုက်ပါ။ သူတို့ဘာပြောပြော သင်ဂရုမစိုက်ဘူးဆိုတာကို သူတို့သိသွားရင်အတင်းပြောရမှာကိုတောင် ပျင်းလာကြပါလိမ့်မယ်။


JKstock/Shutterstock

(၂)။ သူတို့ကို ရုတ်တရက်ကြီး စကားမပြောတာမျိုးလည်း မလုပ်နဲ့
သူတို့က သင့်အကြောင်းကိုအတင်းပြောနေတယ်ဆိုတာကို သိလို့ သူတို့ကို ရုတ်တရက်ကြီး စကားမပြောတာမျိုးလည်း သွားမလုပ်ပါနဲ့။ သင်ကအဲဒီကိစ္စကိုအရမ်းကြီးအလေးအနက်ထားနေတယ်ဆိုတာ သူတို့ သိသွားပြီး သင့်အကြောင်းကို လိုတာထက်ပိုပြောဖို့ ကြိုးစားကြပါလိမ့်မယ်။ သင့်အကြောင်းကို ဘာပြောပြော ဂရုစိုက်မနေဘူးဆိုတဲ့ ပုံစံမျိုးသာ လုပ်ပြလိုက်ပါ။

(၃)။ မရှင်းပြနဲ့
သူတို့အတင်းပြောနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို တကူးတက သွားရှင်းပြတာမျိုး မလုပ်ပါနဲ့။ ဒီလိုရှင်းပြလိုက်လို့ သူတိုု့က သင့်အကြောင်းအတင်းပြောနေတာကို ရပ်လိုက်မှာမဟုတ်ပါဘူး။အဲဒီအစား သူတို့အတွက် ပြောစရာအသစ်တစ်ခုတောင် ရသွားဦးမှာဖြစ်လို့ ရှင်းပြဖို့ ကြိုးစားတာ သင့်အတွက်အသုံးမဝင်ပါဘူး။


Luis Molinero/Shutterstock

(၄)။ ပိုပြီးပျော်ပျော်ရွှင်ရွှင် နေပြလိုက်ပါ
သူတို့က သင့်အတင်းတွေပြောပြီး သင်ဟာ ပြဿနာတွေကြားမှာ ရောက်နေပြီလို့ ထင်နေကြမှာပါ။အဲဒီလိုအချိန်တွေကျရင် ပိုပြီး ပျော်ပျော်ရွှင်ရွှင်သာ နေပြလိုက်စမ်းပါ။အဝတ်အစားသစ်တွေဝယ်ဝတ်မယ်၊ ခရီးတွေသွားမယ်၊ ရေမွှေးအကောင်းစားတွေဝယ်မယ်၊ စားသောက်ဆိုင်အကောင်းစားတွေမှာစားမယ်..စသဖြင့် သူတို့မနာလိုအောင်သာ လုပ်ပြလိုက်။ ပါးစပ်တွေပိတ်သွားကြပါလိမ့်မယ်။


VGstockstudio/Shutterstock

Linn




Some text some message..