သူရိယရဲ့တစ်ဖက်သတ်လမ်းခွဲကြောင်း ကြေညာချက်ကြောင့် တရားစွဲမယ်ဆိုတဲ့ ဆုအိမ့်စံ
popolay.com
|
2019-08-22
ပရိသတ်တွေချစ်ခင်အားပေးကြရတဲ့အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦးကတော့ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီတဲ့ချစ်သူစုံတွဲလေးဖြစ်ပြီး ရိုဆန်လွန်းတဲ့သူတို့နှစ်ယောက်ကို ပရိသတ်တွေကသဘောတူကြည်ဖြူကြသလိုအားကျနေရတာလည်းဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၂) နှစ်ကျော်သွားပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု၊ နားလည်မှု၊ သစ္စာရှိမှုတို့နဲ့အတူအချစ်တွေပေါင်းစပ်ပြီး ချစ်သူအဖြစ်ကနေတစ်ဆင့်တက်ကာ စေ့စပ်ကြောင်းလမ်းခဲ့သူတွေပါ။

ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ချစ်သူများနေ့က တူနှစ်ကိုယ်စေ့စပ်ကြောင်းလမ်းခဲ့ကြတဲ့ သူရိယနဲ့ဆုအိမ့်စံတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ်ကနေ တစ်ဘဝစာလက်တွဲသွားနိုင်ဖို့ လက်ထပ်မင်္ဂလာပွဲကိုတောင် စီစဉ်နေကြပြီဖြစ်ပါတယ်။ တူနှစ်ကိုယ်ဘဝကိုရှေ့ဆက်ဖို့စီစဉ်ထားကြတဲ့ သူတို့နှစ်ယောက်၊ ပရိသတ်တွေက ချစ်ခင်အားကျရတဲ့သူတို့နှစ်ယောက်ကြားအံ့သြစရာ၊ မထင်မှတ်စရာသတင်းတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့တာကတော့ သဘောထားခြင်းမတိုက်ဆိုင်လို့ လက်ထပ်ဖို့ထိပြင်ဆင်နေကြတဲ့ ချစ်သူနှစ်ဦးလမ်းခွဲလိုက်ကြပြီဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ နှစ်ယောက်သားသဘောထားမတိုက်ဆိုင်ကြလို့ ချစ်သူနဲ့လမ်းခွဲလိုက်ပြီဆိုပြီး သူရိယက မီဒီယာတစ်ခုနဲ့အင်တာဗျူးမှာ ဖြေကြားသွားတာဖြစ်ပါတယ်။ လမ်းခွဲလိုက်ပြီလို့ကြေညာလိုက်တဲ့ သူရိယရဲ့ဖြေကြားချက်တွေကြောင့် ဆုအိမ့်စံဘက်မှ သူရိယကိုတရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်လမ်းခွဲခြင်းဟာ နှစ်ဦးသဘောတူမဟုတ်ပဲ သူရိယရဲ့တစ်ဖက်သတ်ဆန္ဒနဲ့ တစ်ဖက်သတ်လမ်းခွဲကြောင်း ကြေညာချက်ဖြစ်ပြီး သူမရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတာကြောင့် သူရိယကိုတရားစွဲမယ်လို့ ဆုအိမ်စံကဖြေရှင်းချက်ထုတ်လိုက်တာဖြစ်ပါတယ်။

ဆုအိမ့်စံက သူရိယနဲ့သူမတို့ကြားကအခြေအနေတွေကိုအပြည့်အစုံရေးသားပြီး သူမအနေနဲ့ သူရိယကိုတရားစွဲဆိုသွားမယ့်အကြောင်းကို…..

“သူရိယ၏ လမ်းခွဲသတင်းအား ဖြေရှင်းချက်

ကျွန်မ ဆုအိမ့်စံနှင့် သူရိယသည် လွန်ခဲ့သော နှစ်နှစ်ကျော် ကာလကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။ ချစ်သူတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဘက်မိဘများ၏ သဘောတူညီမှုဖြင့် ၁၄.၂.၂၀၁၉ တွင် စေ့စပ်ကြောင်းလမ်းခဲ့ကြပါသည်။


စေ့စပ်ပြီးနောက်ပိုင်း သူရိယအနေဖြင့် လက်ထပ်ရန်အတွက်အစီစဉ်များကို ရွှေ့ဆိုင်းပျက်ကွက်လာကာ သဘောထားများ ပြောင်းလဲ၍ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရန် သူရိယဘက်မှ တောင်းဆိုလာပါသည်။ 
ကျွန်မ ဆုအိမ့်စံအနေဖြင့် ချစ်သူ ဖြစ်စဉ်ကနေ ယနေ့အချိန်ကာလအထိ သူရိယအပေါ်အား ဖောက်ပြန်ခြင်း သစ္စာမဲ့ခြင်း ကျွန်မ၏အပြစ် တစုံတရာ မရှိပါဘဲ တဖက်သတ် ဖျက်သိမ်းခြင်းသာ ဖြစ်ပါသည်။

ထို့အတွက်ကြောင့် ကျွန်မ၏အကျိုးဆောင်မှ တဆင့် မင်္ဂလာပွဲ ကျင်းပရန် စီစဉ်ထားချက်အားအတည်ပြုပေးပါရန် ၁၆.၈.၂၀၁၉ တွင် notice စာ ပို့ခဲ့ပါသည်။အဆိုပါအကြောင်းကြားစာတွင် ၃၀.၈.၂၀၁၉ ၌ နောက်ဆုံးထား၍အကြောင်းပြန်ပေးပါရန် ပါရှိပါသည်။

ယနေ့ Myanmar Celebrity page တွင် လမ်းခွဲသည်ဟု ကြေညာခြင်းသည် သူရိယ၏ တဖက်သတ် ကြေညာခြင်းသာ ဖြစ်သည်။ ထိုသို့တဖက်သတ် ကြေညာခြင်းအတွက် ကျွန်မဆုအိမ့်စံတွင် ဂုဏ်သိက္ခာ နစ်နာမှုများစွာ ရှိပါသည်။ ထို့ကြောင့် ကျွန်မ၏ နစ်နာမှုများအတွက် တရားဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းအသိပေး ကြေညာအပ်ပါသည်” ဆိုပြီး တရားစွဲဆိုသွားမည့်အကြောင်းကိုအသိပေးရေးသားထားတာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့လက်ရှိခံစားချက်လေးတွေကိုလည်း “ငါလူယုံလိုထင်ပြီး ဖြူစင်မယ်ထင်ပြီး ရှိလေသမျှအကုန်ပုံပြီးချစ်ခဲ့တယ်… ကိုယ်မပြောင်းလဲပေမယ့် ပြောင်းလဲသွားတဲ့ဆက်ဆံရေးနဲ့ကြုံလာလည်း...အားတင်းပြီးတော့ ပြုံးထားပါတယ်” ဆိုပြီး စိတ်မကောင်းစရာရေးတင်ထားတာကိုလည်း တွေ့ရပါတယ်။ သူရိယကတော့အင်တာဗျူးမှာ သူ့အနေနဲ့ ဆက်လက်ပြီးပြုံးနိုင်အောင်ကြိုးစားသွားမှာပါလို့ ဖြေကြားသွားခဲ့ပါတယ်။

ထိုသတင်းကြောင့် ပရိသတ်တွေအားလုံးကအံ့အားသင့်နေရသလို သူတို့နှစ်ယောက်အတွက်လဲ စိတ်မကောင်းဖြစ်နေကြပါတယ်။ မင်္ဂလာပွဲလုပ်ဖို့တောင် ပြင်ဆင်နေကြပြီးမှ ယခုလိုဖြစ်သွားကြတဲ့ သူတို့နှစ်ယောက်အတွက် တကယ့်ကိုစိတ်မကောင်းစရာ သတင်းဆိုးကြီးပါနော်… ၂၀၁၉ ခုနှစ်က သိပ်ချစ်ကြတဲ့ချစ်သူစုံတွဲတွေအပြတ်များတဲ့နှစ်ပဲလားဆိုတာတောင် သံသယဝင်မိရပါတယ်…..




Some text some message..