
ချစ်ခြင်းမေတ္တာနဲ့ ယှဉ်တွဲပြီး ရစ်ဖွဲ့လာတဲ့ သံယောဇဉ်ဆိုတာ ဖြတ်ရခက်ပါတယ်။ တိရိစ္ဆာန်ချစ်သူတွေဟာ သူတို့ရဲ့အချစ်တော် ခွေးလေး၊ ကြောင်လေးတွေ သေဆုံးသွားတဲ့အခါ ဆွေမျိုးသားသမီးတွေ ဆုံးပါးသွားသလို တသ,သ နဲ့ နာနာကျင်ကျင်ခံစားရတတ်ပါတယ်။
ကိုယ်နဲ့ လက်ပွန်းတတီးနေလာတဲ့ သူတို့တွေကိုအချိန်အတော်ကြာတဲ့ထိ မေ့ပျောက်ဖို့မလွယ်ပဲ တိုက်ဆိုင်မှုတွေရှိတိုင်း ခံစားမှုကအသစ်ဖြစ်လာတတ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက ကိုယ်က ဘယ်လောက်ပဲချစ်ချစ် ခွေးလေးတွေ ကြောင်လေးတွေရဲ့ သက်တမ်းဟာ ၁၄ နှစ်ဝန်းကျင်သာရှိတာမို့ သူတို့ကို ခွဲခွာနိုင်ဖို့ ကိုယ့်ဘက်ကအဆင်သင့်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
တရုတ်နိုင်ငံကအသက် ၂၂ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကတော့ သူ့ရဲ့အချစ်ရဆုံး ကြောင်လေး သေဆုံးသွားတဲ့အခါ “ကောင်းရာမွန်ရာ ရောက်ပါစေ ကလေးရေ” လို့ နောက်ဆုံးနှုတ်ဆက်စကား ပြောလိုက်ရုံနဲ့ မဖြေသိမ့်နိုင်ခဲ့ပါဘူး။
“ဟောင်ယု” လို့အမည်ရတဲ့ လူငယ်ဟာ သူ့ရဲ့အချစ်တော် ဗြိတိသျှမျိုးနွယ်အမွေးတိုတိုနဲ့ “ဂါးလစ်” လို့ နံမည်ပေးထားတဲ့ကြောင်လေး သေသွားတဲ့အခါအနီးနားမှာရှိတဲ့ ပန်းခြံတစ်ခုထဲမှာ ကောင်းကောင်းမွန်မွန် မြေမြုတ်သြင်္ဂိုလ်ခဲ့ပါတယ်။
အဲဒီနောက်အိမ်ပြန်လာခဲ့ပြီး ပူဆွေးနေတဲ့အချိန် တစ်ခါတုန်းက တရုတ်နိုင်ငံမှာ ခွေးကိုပုံတူမျိုးပွားပေးတယ်ဆိုတဲ့ သတင်းက ခေါင်းထဲမှာ ဖျပ်ကနဲပေါ်လာပြီး သတိရသွားပါတယ်။ ဒါနဲ့ ကြောင်လေးကို မြုတ်ခဲ့တဲ့နေရာကို ပြန်သွားပြီး ပြန်တူးကာ ကြောင်အသေကိုအိမ်ပြန်သယ်ခဲ့ပြီး ပုံတူမျိုးပွားနိုင်အောင် ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါတယ်။
သက်ရှိသတ္တဝါတွေကို ပုံတူမျိုးပွားတဲ့ နည်းပညာဟာအခုချိန်ထိ ကမ္ဘာပေါ်မှာအပြန်အလှန်ငြင်းခုန်မှုတွေရှိနေတဲ့ ဆေးသိပ္ပံနည်းပညာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေမှာလည်း ပုံတူမျိုးပွားခြင်းဟာ လူကျင့်ဝတ်နဲ့ မကိုက်ညီဘူးလို့ သတ်မှတ်ပြဌါန်းထားပေမယ့်အနည်းအကျဉ်းကိုတော့ လုပ်ပိုင်ခွင့်ရှိနေပါတယ်။
ဘေကျင်းအခြေစိုက် စီးပွားဖြစ်အိမ်မွေးတိရိစ္ဆာန် ပုံတူမျိုးပွားပေးတဲ့ကုမ္ပဏီ “စီနိုဂျင်” က တိရိစ္ဆာန်ချစ်သူတွေကို လေ့လာစစ်တမ်းကောက်ယူခဲ့ပြီးနောက် ပိုင်ရှင်တွေရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ ပထမဦးဆုံး ပုံတူမျိုးပွားတဲ့ လုပ်ငန်းကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ခွေးကောင်ရေ ၄၀ ကျော်ကို ပုံတူမျိုးပွားပေခဲ့ပြီးဖြစ်ပါတယ်။ တစ်ကောင်ကိုအမေရိကန်ဒေါ်လာ ၅၃,၀၈၉ (ကျပ်သိန်း ၈၀၀ ကျော်) ကျသင့်ပါတယ်။
“ဟောင်ယု” က သူ့ရဲ့ကြောင်လေး “ဂါးလစ်” ကို “စီနိုဂျင်”ကုမ္ပဏီကို ယူသွားခဲ့ပါတယ်။ ၇ လခန့်ကြာပြီးနောက်မှာတော့ “ဂါးလစ်” ပုံစံတူ ကြောင်လေးကိုအောင်မြင်စွာပုံတူပွားနိုင်ခဲ့ပြီး တရုတ်နိုင်ငံမှာ ပထမဦးဆုံး ပုံတူပွားတဲ့ ကြောင်လေး ဖြစ်လာပါတယ်။
အဲဒီအတွက်အမေရိကန်ဒေါ်လာ ၃၅,၁၆၅ (ကျပ်သိန်း ၅၄၀ ကျော်) ကုန်ကျခဲ့ပါတယ်။
နယူးယော့ခ်တိုင်းမ်းသတင်းစာ
က “ဟောင်ယု” ကိုအင်တာဗျူးတဲ့အခါ “ကျွန်တော့ရင်ထဲမှာတော့ ‘ဂါးလစ်’ ကို ဘယ်အရာနဲ့မှအစားမထိုးနိုင်ပါဘူး၊ ဒါပေမယ့် ‘ဂါးလစ်’ က သူ့ရဲ့မျိုးဆက် ချန်မသွားတဲ့အတွက် ကျွန်တော့်မှာအခြားရွေးချယ်စရာနည်းလမ်းမရှိလို့အခုလို ပုံတူပွားလိုက်ရတာပါ” လို့ ဖြေကြားလိုက်ပါတယ်။
တိရိစ္ဆာန်ချစ်သူတွေလည်း ကိုယ့်ရဲ့အချစ်တော် ခွေးလေး၊ ကြောင်လေးတွေ သေသွားတဲ့အခါ ပူဆွေးသောက ဖြစ်ရတာတွေကို ကလုန်း(ပုံတူပွား)နည်းပညာနဲ့အစားထိုးဖြေသိမ့်နိုင်ပါပြီ၊ ပိုက်ဆံများများ ရှိဖို့ပဲ လိုတာပါနော်..။
အခုလို ပုံတူပွားတာဟာ လုပ်သင့်လား..? မလုပ်သင့်ဘူးလား..? ဆိုတာကို ကွန်မန့်မှာ ဝေဖန်ထောက်ပြပေးကြပါဦး။