ငိုကြွေးတာဟာအားနည်းချက်တစ်ခုလား??
trend.com.mm
|
2019-09-09

တစ်ချို့ကပြောတယ်။“မငိုနဲ့ ငိုတာဟာ ကိုယ်အားနည်းတယ်ဆိုတာ ပြလိုက်တာပဲ၊ငိုတာဟာ ရှုံးတယ်”စသဖြင့်ပေါ့။




တကယ်ပဲ ငိုကြွေးတာဟာအားနည်းချက်တစ်ခုလား? မဟုတ်ပါဘူး။ငိုကြွေးတာဟာအားနည်းချက်မဟုတ်တဲ့အပြင် ငိုကြွေးလိုက်ခြင်းအားဖြင့်တစ်ခြားသောအကျိုးကျေးဇူးတွေကိုတောင် ရစေနိုင်ပါသေးတယ်။လေ့လာချက်တွေအရဆိုရင် ငိုတာဟာ စိတ်ဓာတ်သန်မာတာဖြစ်တယ်လို့တောင်ဆိုကြတယ်။ဘာလို့လဲဆိုရင် ငိုချလိုက်ဖို့ဆိုတာ မလွယ်ဘူးလေ။သူများတွေကိုယ့်ကိုဘယ်လိုထင်မှာ၊ငိုလိုက်ရင် ရှုံးတာလား၊ငိုတာဟာအားနည်းချက်ကိုပြသလိုဖြစ်သွားလားစတဲ့အတွေးတွေကို ကျော်ဖြတ်ပြီး ငိုလိုက်တယ်ဆိုကတည်းက ဒီလူဟာ စိတ်ဓာတ်မပျော့ညံ့ဘူးဆိုတာ ပြလိုက်တာပါပဲ။တစ်ချို့တွေက မငိုရဲကြဘူးလေ။



“ရင့်ကျက်စမ်းပါ မျက်ရည်ကျမနေစမ်းပါနဲ့”လို့ပြောကြသူတွေလည်းရှိပါတယ်။မျက်ရည်ကျတာဟာ မရင့်ကျက်တာ၊စိတ်ဓာတ်ပျော့ညံ့တာဆိုတဲ့အတွေးတွေ ရှိနေသရွေ့အဲ့ဒီလူဟာ ကိုယ့်ရင်ဘတ်ထဲမှာဘယ်လိုခံစားရတယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းဖော်ပြဖူးမှာမဟုတ်ပါဘူး။ကိုယ့်စိတ်ခံစားချက်ကိုချပြသင့်တာမချပြပဲ ဖုံးကွယ်ထားတဲ့သူကသာ မရင့်ကျက်တာပါ။ငိုကြွေးရင်းနဲ့စိတ်ထဲခံစားရတာကိုဖွင့်ထုတ်လိုက်တာက စိတ်လည်းရှင်းလင်းသွားသလို တစ်ဖက်လူကလည်း ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာမြင်ပြီးသားဖြစ်စေပါတယ်။



ပျော်ရွှင်လို့ငိုတာရှိမယ်။ဝမ်းနည်းလို့ငိုကြွေးတာရှိမယ်။ဒီလိုငိုကြွေးတာဟာအားနည်းတာမဟုတ်သလို မရင့်ကျက်တာလည်းမဟုတ်ပါဘူး။လူကြားထဲမှာငိုတာ၊တစ်ခြားတစ်ယောက်ယောက်ရှေ့မှာ ငိုမိလို့ ရှက်မိတာမျိုးရှိနိုင်ပေမဲ့ ဒါကအားနည်းချက်မဟုတ်ဘူးဆိုတာသိထားဖို့လိုပါတယ်။
ငိုကြွေးတာဟာ စိတ်ထဲမှာဖြစ်နေတဲ့စိတ်ဖိစီးမှုတွေ၊နာကျင်မှုတွေ၊ဒေါသထွက်မှုတွေကို လျော့ကျသွားစေတာ…အဲ့ဒီလိုအကျိုးကျေးဇူးတွေတောင်ရနိုင်ပါသေးတယ်။




တကယ်တမ်းစိတ်ပိုင်းဆိုင်ရာအားနည်းတယ်ဆိုတာ စည်းကမ်းမရှိတာ၊တစ်ခြားလူတစ်ယောက်ကိုလွယ်လွယ်ကူကူဝေဖန်ပစ်လိုက်တာ၊ကိုယ်ပိုင်စဉ်းစားချင့်ချိန်နိုင်စွမ်းမရှိတာ စတဲ့အရာတွေပါ။

ကိုယ်က မျက်ရည်ကျတိုင်း၊မျက်ရည်လွယ်တိုင်း ကိုယ့်ကိုယ့်ကိုယ်အားနည်းချက်ရှိတဲ့သူလို့ မသတ်မှတ်ပါနဲ့။ငိုကြွေးပြီးတဲ့အခါတိုင်းစိတ်ဓာတ်ခွန်အားအသစ်တွေရလာတာကိုလည်း သတိထားမိချင်သတိထားမိပါလိမ့်မယ်။ဒါကြောင့် ငိုပြီးတိုင်း စိတ်ကိုရှင်းလင်းပြီးအရာရာကိုစိတ်သစ်လူသစ်နဲ့ပြန်လည်ရင်ဆိုင်ဖို့ မမေ့ပါနဲ့။





Some text some message..