သင့်ပတ်ဝန်းကျင်ကမိတ်ဆွေတွေ သင့်ကိုစွန့်ခွာသွားရတဲ့အကြောင်းရင်း(၅)ခု
shwemom.com
|
2019-10-23

တစ်ခါတလေ ကိုယ်က အပြစ်ကြီးကြီးမားမား လုပ်ထားမိတာမျိုးလည်းမဟုတ်၊ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာမျိုးလည်းမဟုတ်ပဲနဲ့ ကိုယ့်အနားက မိတ်ဆွေတွေက ကိုယ့်ကို စိတ်ပျက်ပြီး ထွက်သွားကြတာမျိုး၊ ရှောင်ဖယ်ရှောင်ဖယ် လုပ်လာကြတာမျိုးတွေ ကြုံဖူးမှာပါ။ အဲဒီလိုအချိန်တွေကျရင် “ငါ့မှာ ဘာအပြစ်ရှိလို့လဲ” လို့ တွေးမိပေမယ့် အဖြေမရှိပဲ၊ ဘာကြောင့် သူတို့ ကိုယ့်ကိုစွန့်ခွာသွားလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်မိကြပါတယ်။

တကယ်တော့ လူတွေက သူတို့ရဲ့မိတ်ဆွေတွေကို လွယ်လွယ်နဲ့ စွန့်လွှတ်တတ်ကြတာတော့မဟုတ်ပါဘူး။ လူနှစ်ဦးကြားထဲက ဆက်ဆံရေးဆိုတာ တည်ဆောက်ရတာ ခက်ခဲပြီး၊ ဖျက်ဆီးရတာကျတော့ လွယ်ကူတယ်လေ။ ဒီတော့ ဘယ်သူပဲဖြစ်ဖြစ် သူတို့နဲ့ သူတို့မိတ်ဆွေတွေရဲ့ဆက်ဆံရေးကို လွယ်လွယ်လေး မဖျက်ဆီးချင်ကြဘူး။

ဒီတော့ သင့်မိတ်ဆွေတွေက သင့်ကို စွန့်ခွာသွားကြပြီဆိုရင် အကြောင်းပြချက်က ဘာတွေတဲ့လဲ။ တစ်ချက်လောက် ဖတ်ကြည့်လိုက်ကြရအောင်ပါ။


WAYHOME studio/Shutterstock

(၁)။ သည်းခံနိုင်စွမ်းကုန်ဆုံးသွားလို့

လူတိုင်းမှာ သူတို့သတ်မှတ်ထားတဲ့ သည်းခံနိုင်စွမ်းတွေရှိကြပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ၊ သူတို့ပေါင်းနေတဲ့ မိတ်ဆွေတစ်ယောက်ကို သဘောမကျဘူးဆိုရင်တောင် တစ်ကြိမ်၊နှစ်ကြိမ်လောက်တော့ သည်းခံကြမှာပါပဲ။ အဲဒီလိုမှမဟုတ်ပဲ သူတို့စိတ်ထဲမှာ သင်နဲ့ပတ်သက်ပြီး သည်းခံနိုင်စွမ်းကုန်ဆုံးသွားခဲ့ရင်တော့ သင့်ရဲ့အဝေးဆီ ထွက်သွားကြမှာပါ။ ဒီလိုမှမဟုတ်ရင်လည်း သူတို့ရဲ့အသိုက်အဝန်းထဲကနေ သင့်ကို ဖယ်ထုတ်ပစ်လိုက်မှာပါ။

(၂)။ အတ္တကြီးလွန်းလို့

သင်က တစ်ခုခုဆို သင့်အတွက်ပဲ တွေးတတ်တဲ့သူ၊ တခြားသူတွေအပေါ် နားလည်မပေးတတ်တဲ့သူ၊ ဒါမှမဟုတ် စိတ်ခံစားချက်ကို ရှေ့တန်းတင်လွန်းတဲ့သူဆိုရင်လည်း သင့်ရဲ့ အတ္တကြောင့် သင့်မိတ်ဆွေတွေကို စွန့်လွှတ်လိုက်ရနိုင်ပါတယ်။ ဘယ်သူမဆို အတ္တကြီးလွန်းတဲ့သူတွေနဲ့ မိတ်ဆွေမဖြစ်ချင်ကြပါဘူး။ သင့်အကြောင်းကို မသိလို့ မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်ဆိုရင်တောင် သင်အတ္တကြီးကြောင်း သိသွားပြီဆိုတာနဲ့ သင့်ကို စွန့်ခွာသွားဖို့ကြိုးစားကြတော့မှာပါ။


WAYHOME studio/Shutterstock

(၃)။ သင်က ပုံမှန်မဟုတ်ကြောင်းသိသွားလို့

သင်က တချို့ကိစ္စတွေမှာ တခြားသူတွေနဲ့မတူပဲ၊ ပုံမှန်မဟုတ်တာကို သိသွားကြတာကြောင့်လည်း သင့်ကို သင့်မိတ်ဆွေတွေက စွန့်ခွာသွားကြနိုင်ပါတယ်။ သင့်ရဲ့တွေးခေါ်ပုံတွေ၊ အပြုအမူတွေက ပုံမှန်လူတစ်ယောက်နဲ့ မတူဘူးလို့ သူတို့ခံစားရရင်၊ ဒါမှမဟုတ် ရေရှည်မှာ သူတို့ကို ဒုက္ခပေးနိုင်တယ်လို့ ခံစားရရင် သင့်အနားကနေ ထွက်ခွာသွားဖို့ ကြိုးစားကြမှာပါ။

(၄)။ သူတို့အပေါ်မလေးစားလို့

မိတ်ဆွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်နဲ့ပဲဖြစ်ဖြစ် အပြန်အလှန်လေးစားမှုဆိုတာ ရှိရပါတယ်။ ဒီလိုမှမဟုတ်ပဲ သူတို့ကသာ သင့်ကို လေးလေးစားစားဆက်ဆံနေရပြီး သင့်ရဲ့တုန့်ပြန်ပုံတွေက သူတို့အပေါ် အလေးမထားသလို ဖြစ်နေရင် သင့်ကို စိတ်ပျက်လာကြမှာပါပဲ။


Aaron Amat/Shutterstock

(၅)။ အတင်းပြောလွန်းလို့

သင်က သူတို့ ယုံယုံကြည်ကြည်နဲ့ တိုင်ပင်လို့မရပဲ သူတို့ပြောသမျှ၊ ရင်ဖွင့်သမျှကို ကွယ်ရာမှာ ပြန်ပြီး ဖောက်သည်ချနေတယ်လို့ သူတို့ထင်လာရင်လည်း သင့်ကို စွန့်ခွာသွားကြမှာပါ။ သူတို့စိတ်ထဲမှာ သင်ဟာ သူတို့အကြောင်းကို တခြားလူတွေဆီ အတင်းပြောနေတယ်လို့ ထင်လာကြမှာဖြစ်ပြီး မယုံကြည်ရတဲ့လူတစ်ယောက်လို့ ဆုံးဖြတ်လိုက်ကြမှာ သေချာပါတယ်။

Linn




Some text some message..