ပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူ။ သမီးလေးကေလေလေးရဲ့ ဖေဖေ။ ထက်မြက်တဲ့ အမျိုးသမီးရဲ့ ခင်ပွန်း။ အောင်မြင်တဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦး။ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေက ဇနီးနဲ့ သမီးလေးအပေါ် နွေးထွေးမှုအပြည့်………..။ သူပြောပြတဲ့ ချစ်ခြင်းမေတ္တာအကြောင်း၊ မိသားစုအကြောင်း၊ အောင်မြင်နေတဲ့ လုပ်ငန်းခွင်အကြောင်းတွေကို သိရှိဖို့အတွက် ဒီလအတွက် MODA Man ကဏ္ဍအတွက် ရွေးချယ်ထားတဲ့ ကိုဥက္ကာငွေနဲ့ တွေ့ဆုံမှု့ကို ဖော်ပြပေးလိုက်ပါတယ်။
Q : မိသားစုဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
A : မိသားစုဆိုတာ အစ်ကို့အတွက်တော့ မရှိမဖြစ်ပေါ့။ ကေဘေဘေးလေးလဲရှိလာပြီဆိုတော့ ဘဝမှာ တစ်ယောက်တည်းဖြတ်သန်းရမယ့်အစား မိသားစုနဲ့ အတူတူဖြတ်သန်းရတော့ ပိုပြီးအဓိပ္ပါယ်ရှိပြီး ပျော်ရွှင်စရာကောင်းတယ်။
Q : အိမ်ထောင်ဘက်အတွက် အစ်ကိုက ဘယ်လိုခင်ပွန်းလို့ ကိုယ့်ကိုကိုယ်ထင်လဲ။
A : အစ်ကိုက ပျော်ပျော်နေတတ်တယ်။ အစ်မကို လည်းချစ်တယ်။ အစ်မက အေးအေးဆေးဆေးနေတတ်တယ်။ အဲ့ဒါကြောင့် အစ်ကိုတို့နှစ်ယောက်လိုက်ဖက်တယ်လို့ အစ်ကိုယူဆတယ်။ တစ်ယောက်နဲ့ တစ်ယောက်က နားလည်မှု အပြည့်အဝရှိတယ်။ အစ်ကိုတို့က ရန်ဖြစ်တာလည်းနည်းတယ်။ အဓိကကတော့ Mutual Respect နဲ့ Mutual understanding ကောင်းကောင်းရှိတဲ့အတွက်ကြောင့် ပျော်စရာကောင်းတဲ့ ယောကျာ်းအနေနဲ့ ကိုယ့်ကိုကိုယ်ယူဆတယ်။
Q : အစ်မကရော အစ်ကို့အတွက် ဘယ်လိုဇနီးမျိူးလဲ။
A : အစ်မက ကေဘေဘေးလေးကို အရမ်းချစ်တယ်။ သူက မိခင်စိတ်အရမ်းကြီးမားတဲ့ အမျိုးသမီးလို့ ကိုယ်ယူဆတယ်။ အဲ့ဒါကြောင့် ကံကောင်းတယ်လို့ ကိုယ့်ကိုကိုယ်ထင်တယ်။
Q : Successful man တစ်ယောက်အတွက် Life Partner က ဘယ်လောက်အထိအရေးကြီးတယ်လို့ ထင်လဲ။
A : ယောကျာ်းလေးတော်တော်များများက ဘယ်လောက်ပဲ လိမ္မာပါစေ အောင်မြင်ပြီဆိုရင် လွတ်တတ်တယ်လေ။ ဒါကြောင့် အိမ်ထောင်ရှိတယ်ဆိုရင် မိသားစုက ထိန်းထိန်းကွပ်ကွပ်လေးရှိမယ်လို့ အစ်ကိုထင်တယ်။ နောက်တစ်ခုကျတော့ ယောကျာ်းလေးတွေက comfort zone ထဲမှာ နေတတ်ကြတယ်။ Comfortable ဖြစ်တာကို ကြိုက်ကြတယ်။ မိသားစုရယ်လို့ ရှိလာပြီဆိုရင် ကိုယ့်မိသားစုအတွက် ကိုယ့်အမျိုးသမီးအတွက်ဆိုပြီးတော့ ပိုပြီးတော့ Motivation ရတယ်။ အစ်ကို့အမြင်မှာတော့ ဘယ်လိုအမျိုးသားပဲ ဖြစ်ဖြစ် Life Partner တစ်ယောက်တော့ လိုအပ်တယ်လို့ ထင်တယ်။
Q : ကိုယ့်ဇနီးကို ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့အချိန်က ဖြစ်ပေါ်ခဲ့တဲ့ခံစားချက်။
A : သူနဲ့က သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးလို့ စားသောက်ဆိုင်တစ်ခုမှာတွေ့တယ်။ တွေ့တွေ့ခြင်းပဲ ကြိုက်သွားကြတာပဲ။ ပျော်ဖို့ကောင်းပါတယ်။
Q : Family တစ်ခုမှာ အိမ်ထောင်ဦးစီးအမျိုးသားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
A : မရှိမဖြစ်ပေါ့။ ကိုယ့်အမျိုးသမီးဆိုရင် တော်တော်ထက်တဲ့ထဲမှာပါတယ်။ Independent ဖြစ်တယ်။ ဒါပေမယ့် ယောကျာ်းဆိုတာက သူတို့ကို ကာကွယ်ဖို့အတွက် Family တစ်ခုမှာ လိုအပ်တယ်လေ။ ခင်ပွန်းတစ်ယောက်က အိမ်ထောင်တစ်ခုမှာ မရှိမဖြစ်လိုအပ်တယ်လို့ အစ်ကိုထင်တယ်။ နွေးထွေးမှုလည်း ပေးနိုင်တယ်။ ကာကွယ်မှုလည်းပေးနိုင်တယ်။ လုံခြုံမှုလည်းပေးနိုင်တယ်။
Q : ယောကျာ်းတစ်ယောက်ရဲ့ ကြင်နာမှုကရော အိမ်ထောင်တစ်ခုကို ဘယ်လောက်အထိ အကျိူးသက်ရောက်မှုရှိတယ်လို့ ထင်လဲ။
A : အများကြီး အကျိုးသက်ရောက်မှုရှိတယ်။ ယေဘုယျအားဖြင့် အမျိုးသားတော်တော်များများက အေးအေးဆေးဆေးနေတတ်ကြတယ်။ ချစ်တာကို သိပ်မပြတတ်ကြဘူး။ ရုံးသွားတယ်။ အိမ်ပြန်တယ်။ မိသားစုကို အချိန်ပေးတာနည်းတယ်။ နွေးနွေးထွေးထွေးနေတတ်တဲ့ ယောကျာ်းဆိုရင်တော့ မိသားစုပိုပြီး နွေးထွေးတယ်လို့ အစ်ကိုထင်တယ်။ တချို့အဖေတွေဆိုလည်း အဲ့လိုပဲ ချစ်တာကို မပြတတ်ကြဘူး။ ဒါကြောင့် သားသမီးတွေနဲ့ အနေဝေးသွားကြတယ်လို့ အစ်ကို ထင်တယ်။ နွေးနွေးထွေးထွေးနေတတ်တယ်ဆိုရင် မိသားစုတွေ ပိုပြီးသာယာလှပမယ်လို့ ထင်ပါတယ်။
Q : အစ်ကိုနဲ့ အစ်မရဲ့ marriage journey ကို ဘယ်လိုလျှောက်ခဲ့ရလဲ။
A : အစ်တို့နှစ်ယောက်က စကြိုက်ကတည်းက တစ်ယောက်နဲ့ တစ်ယောက်က pressure သိပ်မပေးဘူး။ ယူမှာလား မယူဘူးလား သိပ်ပြီးမစဉ်းစားဖြစ်ဘူး။ Go with the Flow လေးသွားတယ်။ နှစ်ယောက်လုံး Serious ဖြစ်တဲ့အချိန်ကျတော့လည်း နှစ်ယောက်လုံးပြိုင်တူ Serious ဖြစ်တယ်။ အစ်မကို လက်ထပ်ခွင့်တောင်းပြီးတဲ့အချိန်ကျတော့ အစ်ကိုတို့နှစ်ယောက်လုံး အစစအရာရာ တိုင်ပင်ပြီး Plan လုပ်ထားတာပေါ့နော်။ မယူခင်တစ်နှစ်လောက်ကတည်းက အစ်ကိုတို့နှစ်ယောက်လုံး ကိုယ့်ပိုင်ဝင်ငွေရှိအောင် အလုပ်တူတူလုပ်တယ်။ အခု အလုပ်ကလည်း အောင်မြင်တယ်။ အစ်ကိုတို့နှစ်ယောက်က အစစအရာရာတိုင်ပင်ပြီး plan လုပ်ထားသလားတောင်ထင်ရတယ်။ အစစအရာရာအဆင်ပြေပါတယ်။
Q : အောင်မြင်ပျော်ရွှင်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ကွယ်မှာ သူတို့ကိုချစ်ခြင်းမေတ္တာအပြည့်အဝ ပေးထားတဲ့ ခင်ပွန်းကောင်းရှိနေတယ်လို့ ပြောကြတယ်။ ဒီအပေါ်အမြင်လေးပြောပြပေးပါဦး။
A : အစ်ကိုထင်တာတော့ အောင်မြင်တဲ့အမျိုးသားနောက်မှာလည်း အမျိုးသမီးကောင်းရှိသလို အောင်မြင်တဲ့ အမျိုးသမီးနောက်မှာလည်း အမျိုးသားကောင်းရှိတာပေါ့နော်။ လူတိုင်းက လွယ်လွယ်နဲ့ အောင်မြင်မှု့ကို မရတတ်ကြဘူးလေ။ အောင်မြင်တယ်ဆိုတာ ထက်မြက်ရမယ်။ ကြိုးစားရမယ်။ နေရာတစ်ခုကို ရပ်တည်နိုင်ရမယ်။ ကိုယ်က ယောကျာ်းပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် ကိုယ့်ကို နောက်ကနေ ပံ့ပိုးပေးတဲ့ လူက အပြည့်အဝ ပံ့ပိုးပေးရမယ်ပေါ့နော်။ အစ်ကိုထင်တာတော့ အစ်ကိုတို့နှစ်ယောက်က အလုပ်လည်း တူတူလုပ်နေကြတာဆိုတော့ နှစ်ဖက်လုံးအပြန်အလှန် Support လုပ်နေကြတာပေါ့။
Q : အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးတွေရဲ့ အိမ်တွင်းမှုလုပ်ငန်းတွေမှာ အမျိုးသားတွေရဲ့ ကူညီမှုကို အစ်ကို ဘယ်လိုမြင်လဲ။
A : အစ်ကိုတို့နှစ်ယောက်လုံးက အလုပ်တူတူလုပ်ကြတာဆိုတော့ အိမ်မှုကိစ္စတွေကို သိပ်မလုပ်ဖြစ်ဘူး။ ဒါပေမယ့် ခရီးသွားတဲ့အခါကျရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အတူတူလုပ်ဖြစ်ကြတယ်။ ဥပမာ ခရီးသွားလို့ တစ်ခုခုချက်စားကြမယ်ဆိုရင် အစ်ကိုကဟင်းချက်ဝါသနာပါတော့ အစ်ကိုက ဟင်းချက်တယ်။ ခိုင်က ပန်းကန်ဆေးပေးတယ်။ဈေးဝယ်ပေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီတူညီမျှလေး ကူညီကြတယ်။ အခုလိုခေတ်ကြီးမှာ မိန်းမက အိမ်မှာပဲ နေရမယ်ဆိုတာ မရှိတော့ဘူးပေါ့နော်။ ကလေးနဲ့ဆိုလည်း ဒီတိုင်းပဲ။ နှစ်ယောက်လုံးက မောင်တစ်ထမ်း မယ်တစ်ရွက်တော့ လုပ်နေကြတာပဲပေါ့နော်။
Q : ဇနီးရဲ့ စိတ်ခံစားချက်က ကိုယ့်အတွက် ဘယ်လောက်အထိအရေးပါလဲ။
A : အိမ်ထောင်ရေးတစ်ခုမှာက ကိုယ်ပျော်အောင်ချည်းပဲ နေလို့မရဘူး။ အိမ်ထောင်ရေးဆိုတာက တစ်ယောက်စိတ်ကို တစ်ယောက်လေ့လာမယ်။ သူပျော်ရဲ့လား။ မပျော်ဘူးဆိုရင် ကိုယ်ဘာလုပ်ပေးနိုင်မလဲ အဲ့လိုလေးဂရုစိုက်ရမယ်ပေါ့နော်။ တစ်ယောက်ကတော့ အဆင်ပြေတယ်။ နောက်တစ်ယောက်ကတော့ စိတ်ညစ်နေတယ်ဆိုရင် ဒီအိမ်ထောင်ရေးက ကြာလာရင် အဆင်ပြေမှာမဟုတ်ဘူး။ ကိုယ်ပြောချင်တဲ့အဓိကအချက်ကတော့ အိမ်ထောင်ရေးတစ်ခုမှာ သူအဆင်ပြေရဲ့လား ကိုယ်အဆင်ပြေရဲ့လားဆိုတာ အမြဲတမ်း တိုင်တိုင်ပင်ပင်နေသင့်တယ်လို့ ထင်ပါတယ်။
Q : ကိုယ့်ကိုကိုယ် စကားလုံးတစ်လုံးနဲ့ ဖော်ပြပေးပါဆိုရင် ဘာဖြစ်မလဲ။ ဘာကြောင့်လဲ။
A : HAPPY လို့ ပြောလို့ရတယ်။ ပျော်ပျော်နေတတ်တယ်။ ပွင့်ပွင့်လင်းလင်းနေတတ်တယ်။ ဟန်မဆောင်တတ်ဘူး။ အရမ်းချစ်တတ်တယ်။
Q : အစ်ကို့တို့ရဲ့ Business life ကိုရော ဘယ်လိုတည်ဆောက်ထားလဲ။
A : အစ်ကိုတို့ရဲ့ နှစ်ဖက်မိဘက ပိုက်ဆံရှိသင့်သလောက်ရှိတယ်။ ဒါပေမယ့် အစ်ကိုတို့က ရည်မှန်းချက်ကြီးတယ်။ နှစ်ယောက်လုံးဖြစ်ချင်တာက အိမ်ထောင်ကျပြီးရင် မိဘဆီက ပိုက်ဆံပြန်တောင်းရမှာ အရမ်းကြောက်တယ်။ အစ်ကို သူ့ကို လက်ထပ်ခွင့်တောင်းပြီးကတည်းက အစ်ကိုတို့နှစ်ယောက် အလုပ်တစ်ခု အတူတူလုပ်ကြတယ်။ ကုမ္ပဏီတစ်ခုစထောင်တယ်။ အခုဆိုရင် ၄နှစ်လောက်ရှိပြီ။ MDS Fashion ဆိုတဲ့ စင်ကာပူ Brand ကို franchise အနေနဲ့ လုပ်တယ်။ လာမယ့် နိုဝင်ဘာဆို ဆိုင် ၅ဆိုင်ဖြစ်ပြီ။ ဒါ့အပြင် Convience store တွေ Supermarket တို့လို ဆိုင်တွေမှာ ပစ္စည်းတွေတင်တဲ့ စင်တွေအားလုံးက အစ်ကိုပဲ ရောင်းတာပေါ့။ ကုမ္ပဏီနာမည်က RBS Myanmar ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ရရင် ရသလိုတော့ ကိုယ့်မိဘအလုပ်ကိုလည်း ပြန်ကြည့်ပေးကြပါတယ်။
Q : MDS ရဲ့ အစကို ပြောပြပေးပါဦး။
A : MDS ရဲ့ အစက အစ်မက MDS အကျီတွေကို ဟိုးအရင်ကတည်းက ဝတ်တယ်။ အရင်က အစ်ကို့မိဘအလုပ်နဲ့ အစ်ကိုက စင်ကာပူကို လတိုင်းနီးပါးသွားရတယ်။ သွားတိုင်းလည်း အစ်မက အမြဲ အစ်ကိုနဲ့လိုက်တယ်။ Shopping ထွက်တယ်။ တစ်ရက်ကျတော့ အစ်ကိုက သူဝတ်ထားတဲ့ အကျီကို ဈေးကြီးမယ်ထင်လို့ အရမ်းလည်းလှတော့ ဒီအကျီဘယ်လောက်ပေးရလဲ လို့ မေးလိုက်တဲ့အခါ အကျီနဲ့ စကပ်ပေါင်းမှ စင်ကာပူဒေါ်လာ ၁၀၀ တောင်မပြည့်ဘူးပေါ့။ ကြည့်လိုက်ရင်တော့ အကောင်းစားနဲ့ အရမ်းတူတယ်။ အဲ့တော့မှ အစ်မက ပြောတာ ဒါကို ရန်ကုန်မှာ လုပ်ချင်နေတာ ကြာပြီပေါ့။ ခိုင်ပြောနေတာတော့ ကြာပြီ။ အစ်ကိုတို့ ယောကျာ်းတွေက တစ်ခါတစ်လေ Attenction သိပ်မပေးတတ်ဘူး။ မှတ်တော့မှတ်မိတယ်ပေါ့။ အဲ့တော့ သူလုပ်ချင်တယ်ဆိုတော့ နှစ်ယောက်တိုင်ပင်ပြီး စလုပ်ဖြစ်ကြတယ်။ ကုမ္ပဏီစထောင်တာကအစ ကိုယ်တို့ တူတူလုပ်ခဲ့ကြတယ်။ ကုမ္ပဏီ Registration သွားတင်တော့ အစ်ကိုတို့နှစ်ယောက်တူတူသွားတင်ကြတယ်။ အစကတည်းက နှစ်ယောက်တည်း စခဲ့ကြတယ်။
Q : MDS ရဲ့ အောင်မြင်မှုက အစ်ကိုတို့နှစ်ယောက်ရဲ့ မှတ်တိုင်လို့ ပြောလို့ရလား။
A : ပြောလို့ရပါတယ်။
Q : နိုဝင်ဘာမှ အသစ်ဖွင့်မယ့် MDS Opening အကြောင်း ပြောပြပေးပါဦး။
A : နိုဝင်ဘာ ၂ရက်နေ့မှာ Junction Square ပထမထပ်မှာ ဖွင့်ပါတယ်။ အစ်ကိုတို့ရဲ့ ၅ ဆိုင်မြောက်ပေါ့။
Q : သမီးလေးကိုရော ဘယ်လိုချစ်ခြင်းမေတ္တာတွေနဲ့ ကြီးပြင်းစေချင်လဲ။ သမီးလေးအတွက် ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြပေးပါဦး။
A : သမီးလေးက ရုပ်ရော၊ စိတ်ရော အစ်ကိုနဲ့ တူတယ်။ ပျော်ပျော်နေတတ်တယ်။ ခိုင်က သိမ်မွေ့တယ်။ အေးအေးဆေးဆေးနေတတ်တယ်။ ပေါ့ပျက်ပျက်မနေတတ်ဘူး။ အစ်ကို့ရဲ့ character လေးတွေ ကေဘေဘေးမှာ တွေ့ရတယ်။ အစ်ကိုက စိတ်ညစ်စရာရှိရင်တောင်မှ အဲ့လိုစိတ်ညစ်စရာတစ်ခုကို တစ်ချိန်လုံးစဉ်းစားပြီး စိတ်ညစ်မခံဘူး။ အကောင်းပဲ စဉ်းစားတယ်။ ပျော်ဖို့က အဓိကပဲ။ ကေဘေဘေးက အစ်ကိုနဲ့တူတော့ အမေအရမ်းကပ်တယ်။ သူ့အမေမှ အမေပဲ။ ခိုင့်ကို အမြဲပြောတယ်။ အစ်ကိုနဲ့ ရုပ်ရော စိတ်ရောတူလို့ အမေကိုကပ်တာဆိုပြီး ခိုင့်ကို အမြဲစတယ်။ အစ်မက ကေဘေဘေးလေးကို ချစ်တာအရမ်းပြတယ်။ ကြီးလာရင်လည်း ကေဘေဘေးလေးက အစ်မကို ပွင့်ပွင့်လင်းလင်းတိုင်ပင်မယ်လို့ ထင်တယ်။ အစ်ကိုကတော့ ဖခင်တစ်ယောက်အနေနဲ့ ထိန်းသင့်တာထိန်းပေးရင်း အစ်မနဲ့ တူတူပြုစုပျိုးထောင်သွားမှာပါ။ နောက်တစ်ခုက သမီးကို ကိုယ့်အသိစိတ်နဲ့ ကိုယ်ဖြစ်စေချင်တယ်။ ပတ်ဝန်းကျင်းက ဘယ်လောက်ပြောပြော ကိုယ့်အသိစိတ်မရှိရင် လူက ပြင်လို့မရဘူး။ သူများပြောလို့ ခနလုပ်ရင်လုပ်လိုက်မယ်။ ကိုယ့်အသိစိတ်က မရှိဘူးဆိုရင် ပြင်လို့မရဘူး။ အစ်ကိုဖြစ်စေချင်တာကတော့ သူ့ကို ကိုယ့်အသိစိတ်လေးနဲ့ကိုယ် လိမ်လိမ်မာမာလေးရှိမယ့် အမျိုးသမီးကောင်းလေး ဖြစ်စေချင်တယ်။
Editor : Lin Lin