အမျိုးသားပဲဖြစ်စေ အမျိုးသမီးပဲဖြစ်စေ တစ်လင်တစ်မယားကျင့်ဝတ်ကိုလျစ်လျူရှုပြီး တပြိုင်တည်း နှစ်ယောက်သုံးယောက် အတူတူပေါင်းသင်းနေထိုင်တာမျိုးကိုဘယ်လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် လူတွေကလိုလိုလားလားလက်မခံချင်ကြပါဘူး။ ဒါပေမဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ relationship မျိုး အထူးသဖြင့် အိမ်ထောင်ရေးမျိုးမှာဆိုရင် နှစ်ယောက်သုံးယောက်ကို တပြိုင်တည်းပေါင်းသင်းနေတာ မျိုးကို နားလည်မှုတို့ ချစ်ခြင်းမေတ္တာတို့နဲ့ လက်ခံပေးလေ့ရှိကြပါတယ်။ အခုလည်း မလေးရှားနိုင်ငံက စုံတွဲတစ်တွဲဆိုရင် ထူးထူးဆန်းဆန်းပဲ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်ကိုနောက်ထပ်မိန်းမ ထပ်ယူဖို့လိုလိုလားလားခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
Ahuzatul Atiqah နဲ့ Samuel Dzul တို့ဇနီးမောင်နှံဟာ ၂၀၁၁ခုနှစ်ကတည်းက လက်ထပ်ပေါင်းသင်းခဲ့ပြီးအခုဆိုရင် အိမ်ထောင်သက် ၁၁နှစ်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ Ahuzatul Atiqah ဟာအခုအချိန်မှာကိုယ်ဝန်ဆောင်ဖို့ရှိနေပြီး အဲဒီလို သူမ ကိုယ်ဝန်ဆောင်ချိန်မှာ ခင်ပွန်းဖြစ်သူအပေါ် မယားဝတ္တရားပျက်ကွက်မှာကိုစိတ်ပူနေပါတယ်။
ဒါကြောင့် သူမကိုယ်ဝန်ဆောင်ချိန်မှာ ခင်ပွန်းဖြစ်သူကို ဂရုစိုက်စောင့်ရှောက်ပေးမယ့် နောက်ထပ် အမျိုးသမီးတစ်ယောက်ကိုလက်ထပ်ယူဖို့ ကြည်ကြည်ဖြူဖြူပဲတိုက်တွန်းခဲ့ပါတယ်။
မုန့်ကိုသာဝေစားမယ် အချစ်ကိုတော့ ဝေမစားဘူးဆိုတဲ့စကားအရ ကိုယ့်ရဲ့ခင်ပွန်းသည်ဆီမှာ နောက်ထပ် မိန်းမတစ်ယောက်ရှိနေမှာကို ဘယ်မိန်းမမှ မလိုချင်ကြပါဘူး။ နောက်ပြီးတော့ မိန်းမတွေဟာ ကိုယ်ကပေးဆပ်ချစ်ရမယ်ဆိုရင်တောင် ကိုယ်တစ်ယောက်တည်းပဲပေး ဆပ်ချစ်ချင်ကြလေ့ရှိပါတယ်။ မိမိခင်ပွန်း၊ မိမိချစ်သူဆီမှာ ကိုယ်မဟုတ်တဲ့နောက်လူရှိနေတာကိုလည်း သေချာပေါက်စိတ်နာမုန်းတီးမိမှာပါပဲ။ ဒါပေမဲ့ Atiqah ကတော့အဲဒီလိုတွေးပုံမရပါဘူး။
သူမရဲ့အိမ်မှာ နောက်ထပ်အမျိုးသမီးတစ်ယောက်ရှိလာမယ်ဆိုရင် အဲဒီအမျိုးသမီးကသူမအတွက် ကူဖော်လောင်ဖက်ရမယ်လို့ယုံကြည်နေပါတယ်။ နောက်ပြီး ခင်ပွန်းဖြစ်သူရဲ့ ဒုတိယဇနီးဖြစ်လာမယ့် ဒီအမျိုးသမီးဟာ သူမနဲ့အတူခင်ပွန်းဖြစ်သူကိုသာမက ကလေးတွေကိုပါစောင့်ရှောက်ပေးနိုင်မယ် လို့လည်း ဆိုပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က Nur Fathonah ဆိုတဲ့ စင်ဂယ်မားသားအမျိုးသမီးတစ်ယောက်ကို ဆိုရှယ်မီဒီယာကနေတစ်ဆင့်ချိတ်ဆက်မိပြီး ခင်ပွန်းဖြစ်သူ Samuel Dzul ရဲ့ဒုတိယဇနီးနေရာမှာနေဖို့ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးမှာတော့ Atiqah ရဲ့အကြံပေးမှုနဲ့ စင်ဂယ်မားသား Nur Fathonah ဟာ Samuel Dzul နဲ့လက်ထပ်ပြီး ဒုတိယဇနီးနေရာကိုခံယူခဲ့ပါတယ်။
အခုဆိုရင် ပထမဇနီး Ahuzatul Atiqah နဲ့ဒုတိယဇနီး Nur Fathonah တို့ဟာ သူတို့ရဲ့ခင်ပွန်းဖြစ်သူSamuel Dzul နဲ့သာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးကိုထူထောင်ထားနိုင်ပြီလို့ဆိုပါတယ်။ ပထမဇနီး Atiqah ရဲ့ပြောပြချက်အရ သူမရဲ့ ယောက္ခထီးဖြစ်သူဟာ ဇနီးသုံးယောက်အထိလက်ထပ်ယူထားပြီး အဆင်ပြေတဲ့အိမ်ထောင်တစ်ခုကိုထူထောင်ထားတယ်လို့သိရပါတယ်။
ပထမဇနီး Atiqah ဟာတစ်ခါက ပြင်းပြင်းထန်ထန်ဖျားနာဖူးခဲ့ပြီး သူမရဲ့ကျန်းမာရေးအခြေအနေဟာ တိုးတက်မလာခဲ့ပါဘူး။ အိမ်ထဲမှာတစ်နေရာနဲ့တစ်နေရာသွားလာဖို့ကိုတောင် ဝှီးချဲအသုံးပြုရတဲ့အထိ သူမရဲ့ကျန်းမာရေးကဆိုးရွားခဲ့ဖူးတယ်လို့သိရပါတယ်။ Atiqahကသူမရဲ့ ကျန်းမာရေးသာ ပြန်ကောင်းမလာခဲ့ဘူးဆိုရင် သူမမိသားစုကိုထိန်းသိမ်းစောင့်ရှောက်မယ့်သူလိုအပ်လာ မယ်လို့ဆိုပါတယ်။ ဒါကြောင့် သူမချစ်ရတဲ့ ခင်ပွန်းနဲ့ မိသားစုဝင်တွေအတွက် အခုလိုဆုံးဖြတ်လိုက်တယ်လို့ Atiqahကကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာ ကနေတစ်ဆင့်ပြောပြခဲ့ပါတယ်။
Atiqah ရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ပတ်သက်ပြီး လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာထင်မြင်ချက် အမျိုးမျိုးပေးခဲ့ကြပေမယ့် လူအများစုကတော့ ပထမဇနီး Atiqah ရဲ့ ဉာဏ်အမြော်အမြင်ကြီးမား မှုကိုထောက်ခံအားပေးခဲ့ကြပါတယ်။ ဇနီးတစ်ယောက်အနေနဲ့ရော မိခင်တစ်ယောက်အနေနဲ့ ပါ သူမမိသားစုအပေါ်တာဝန်ကျေလွန်းတဲ့အမျိုးသမီးလို့လည်း မှတ်ချက်ပေးခဲ့ကြပါတယ်။
တကယ်တော့ Ahuzatul Atiqah ဟာလင်ပြိုင်မယားပြိုင်စနစ်ကိုသူမ ဘဝတစ်လျှောက်လုံး ဆန့်ကျင်ရှုံ့ချခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူမနေထိုင်မကောင်းဖြစ်ချိန်မှာ ဒီစနစ်ဟာ အလုံးစုံ ပြစ်ချက်ရှိတဲ့စနစ်မဟုတ်ဘူးဆိုတာနားလည်သွားခဲ့ပြီး ချစ်ခြင်းမေတ္တာကိုသာ အရင်းခံထားမယ်ဆိုရင် အိမ်ထောင်ဖက်များများရှိခြင်းကနေလည်း ကောင်းကျိုးတွေရနိုင်တယ်လို့ သူမကပြောပါတယ်။