ကျွန်တော်တို့အားလုံးနာကျင်ခဲ့ကြဖူးတယ်။ စိတ်ခံစားနာကျင်မှုတစ်စုံတစ်ရာလေးတောင်မရှိပဲ ကြီပြင်းရင့်ကျက်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား? ဟုတ်ပါတယ်၊ နာကျင်ဖူးကြပါတယ်။
ဒါပေမယ့် နာကျင်မှုတွေထဲမှာ ကိုယ့်ကိုနာကျင်အောင်လုပ်နေတဲ့အဖြစ်တွေက အနာကျင်ရဆုံးပဲမလား? ကျွန်တော်တို့ရဲ့ နာကျင်စရာအတိတ်တွေထဲက ပြေးထွက်ကြဖို့ ကြိုးစားပေမယ့် ထပ်ခါထပ်ခါ နာကျင်မှုတွေနဲ့ပြိုလဲနေကြရတယ်မလား?
ကဲ..နာကျင်မှုတွေထဲက ကျွန်တော်တို့ ဘယ်လိုလွတ်မြောက်နိုင်ကြမလဲ? အတိတ်ကိုအတိတ်မှာဘယ်လိုထားခဲ့နိုင်ကြမလဲဆိုတာနဲ့ပက်သက်ပြီး ကျွန်တေ့ာ်ရဲ့စာဖတ်သူပရိတ်သတ်တွေကိုမျှဝေပေးလိုက်ပါတယ်..ကျွန်တော်တို့ အဖြေအတူတူရှာကြတာပေါ့..
နာကျင်စရာအတိတ်ကလွတ်မြောက်နိုင်မယ့်နည်းလမ်း၅ခု
သင့်ရဲ့ဘဝမှာ အသစ်အသစ်သောပျော်ရွှင်စရာတွေနဲ့ဝမ်းသာစရာတွေကို ပြန်လည်လက်ခံနိုင်အောင်လုပ်နိုင်မယ့်တစ်ခုတည်းသောနည်းလမ်းကတော့ ဘဝထဲမှာ နေရာလွတ်တွေဖြစ်အောင်လုပ်ပေးဖို့ပဲဖြစ်ပါတယ်။
ဆိုလိုတာက သင့်နှလုံးသားထဲမှာ နာကျင်စရာတွေ၊ ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်မွန်းကြပ်နေရင် တခြားခံစာမှုအသစ်တွေဘယ်လိုဝင်လာလို့ရပါ့မလဲ? ကျွန်တော်ပြောတာလက်ခံရဲ့လား? ဒီတော့ နာကျင်ဝမ်းနည်းမှုတွေကို နည်းနည်းလောက်လျော့ချကြည့်ရအောင်ဗျာ…ကဲဘယ်လိုလျော့ချနိုင်မလဲကြည့်ကြရအောင်.
ဆုံးရှုံးခဲ့ပြီးပြီဆိုတာကိုလက်ခံလိုက်ပါတော့၊ဆုပ်ကိုင်မထားပါနဲ့တော့
ဒီစာကိုရေးနေတဲ့သူဟာလည်း မင်းတို့လိုပဲ နာကျင်ခံစားရမှုတွေထဲက လူးလဲရုန်းထွက်ခဲ့ရတယ်ဆိုတာယုံပါ။ တိတ်တိတ်လေးပြိုလဲခဲ့တဲ့ နေ့တွေညတွေထဲက နေ့သစ်ဆီပြန်လာချင်နေသူပေါ့၊ တချို့အရာတွေက သူတို့ဘာသာသူတို့မပျောက်ဆုံးသွားကြပါဘူး။
သူတို့ကို “ထွက်ခွာခွင့်”ပေးလိုက်ဖို့လိုအပ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့စိတ်ထဲကနေ ဒါဟာတစ်ကယ်ကို ဆုံးရှုံးခဲ့ပြီးပြီဆိုတာကို လက်ခံလိုက်ဖို့ပါ။
ရွှေရောင်အတိတ်တွေ၊ စွယ်တော်ရွက်ပုံပြင်တွေ မိုးရေထဲလမ်းလျောက်ခဲ့တာတွေကို မင်းခေါင်းထဲမှာ အချိန်တိုင်းတွေးနေပြီး မင်းပဲ အချိန်ပြည့် နာကျင်နေရတယ်မလား?
ဒါတွေကိုဆုပ်ကိုင်ထားပြီး ထွက်သွားခွင့်မပေးသမျှ စိုးရိမ်မှုတွေ၊ အလိုလိုစိတ်တိုမှုတွေ၊ ဘဝကိုမကျေနပ်မှုတွေ၊ အဓိပ္ပါယ်မဲ့သလိုခံစားနရတာတွေ၊ တစ်ကမ္ဘာလုံး ကိုယ့်အပေါ်ပြိုကျလာသလို ဝမ်းနည်းနာကျင်မှုတွေနဲ့ နေ့ရက်တိုင်းကိုဖြတ်သန်းနေရမှာပေါ့။
တချို့အရာတွေကကျွန်တော်တို့ ပြောင်းလဲလို့မရတော့ဘူး။ ပြောင်းလဲလို့မရတော့တဲ့အရာတွေကိုလက်ခံပစ်ရမယ်။ လက် ခံလိုက်ဖို့အတွက် အတိတ်ကို အတိတ်ပါပဲလို့ သိဖို့ လက်ခံလိုက်ဖို့ နံပါတ်တစ်ကြိုးစားကြည့်ပါ။
နာကျင်မှုတွေကို မဆုပ်ကိုင်ထားပါနဲ့တော့..ထွက်သွားခွင့်ပြုလိုက်ပါတော့..ကျွန်တော်ကချစ်ရပြီးကျွန်တော့်စာတွေကိုဖတ်တဲ့ချစ်ရသူတွေရယ်…နာကျင်စရာတွေကို ထွက်သွားခွင့်ပေးလိုက်ပါတော့….မင်းဘဝလေးပြန်လည်လန်းဆန်းလတ်ဆတ်လာမှာပါ။
မင်းနာကျင်မှုတွေနဲ့တာဝန်ယူနိင်စွမ်းတွေကိုပြလိုက်ပါ
ပြောင်းလဲလို့မရတော့တဲ့အရာတွေကို ငါတို့လက်ခံပြီးပြီ။ ငါဆုံးရှုံးသွားပါပီလား?”အတိတ်ဟာအတိတ်ပါပဲလေ”ဆိုတဲ့ လက်ခံနိုင်စွမ်းလေးရလာလို့ အနည်းငယ်ပေါ့ပါးသွားမှာမှန်ပေမယ့် မင်းနာကျင်နေရမှာငါသိပါတယ်။ ဒီတော့ ဒီလိုလုပ်ကြည့်ပါကွာ။
မင်းနာကျင်မှုတွေကို မင်းကိုအဆုံးအရှုံးတွေထဲပစ်သွားတဲ့သူကို မဖော်ထုတ်ပြပါနဲ့တော့။ သူကသူ့ဘဝနဲ့ အချစ်သစ်နဲ့ နေရာသစ်မှာ ပျော်နေလောက်ပါပြီ။
ဒီတော့ မင်းနာကျင်မှုတွေအကြောင်း၊ မင်းဘာတွေ ဘယ်လိုခံစားခဲ့ရတဲ့အကြောင်း၊ ဘယ်လောက်ထိမင်းပြိုလဲခဲ့တဲ့အကြောင်း၊ မင်းဘာတွေလိုချင်လဲ၊ ဘာတွေလိုအပ်နေလဲဆိုတဲ့အကြောင်း၊ မင်းရဲ့မည်းမှောင်နေတဲ့နေ့ရက်တွေအကြောင်း၊ မင်းရင်ဘတ်ကြီးနဲ့မဆန့်အောင်ဘယ်သူ့ကိုမှမပြောပြပဲ ပြွတ်သိပ်ထိုးထည့်ထားတဲ့ မင်းရဲ့မွကြေနေတဲ့နှလုံးသားတွေအကြောင်းမင်းချရေးပါ။
ပြီးရင် မင်းရဲ့အရမ်းချစ်ရတဲ့သူငယ်ချင်းဖြစ်ဖြစ်၊ မင်းတစ်ခါမှစာမပို့ဖူးတဲ့ လူတစ်ယောက်ယောက်ကို ဖြစ်ဖြစ်၊ နှလုံးသားရေးရာတွေရင်ဖွင့်လို့ရတဲ့ စာစောင်တစ်ခုခုကိုဖြစ်ဖြစ် ပို့လိုက်ပါ။ မင်းကို အနီးကပ်နားလည်နိုင်မယ့်သူတွေရှိရင် မင်းရင်တစ်ခုလုံးရှင်းလင်းထွက်သွားအောင် ဖွင့်ချပြီးငိုကြွေးပါ။
မင်းရင်ထဲကနာကျင်စရာတွေ လွှင့်စင်ထွက်ကျသွားအောင်ငိုကြွေးဖွင့်ချပစ်လိုက်ပါ၊ မင်းရင်ထဲမှာအနည်းငယ်ပေါ့ပါးသွားပြီဆိုရင်တော့ မင်းဘဝအတွက်ငါရှေ့ဆက်ဘာလုပ်ရမလဲဆိုတာတွေးပါ။
ငါဘာတွေလုပ်ခဲ့တာလဲ၊ ငါဘာတွေဖြစ်နေခဲ့တာလဲ၊ ငါဘယ်တွေရောက်နေခဲ့တာလဲ? တော်သင့်ပြီ၊ အတိတ်ဟာအတိတ်ပဲ..အနာဂါတ်ဆီငါသွားမယ် ငါသွားရမယ်..ရရှိခဲ့တဲ့အတွေ့အကြုံတွေကိုဆုပ်ကိုင်ပြီး တာဝန်ယူမှုအပြည့်နဲ့ငါသွားမယ်ဆိုတာဆုံးဖြတ်ပါ။
ကဲငါပြောတာတွေများသွားပြီ.မင်းနံနက်အိပ်ရာထတိုင်း မြင်ရမယ့်နေရာ၊ မင်းအလှပြင်ရင် ကြည့်တဲ့မှန်ရှေ့မှာ ငါပြောမယ့်စာတမ်းလေး ရေးထားလိုက်ပါ။
Finally,my heart is pure.Dear past,thanks for ur lessons..Dear Future,I,m ready..ငါ့နှလုံးသားဟာ နောက်ဆုံးမှာ သန့်စင်ကြည်လင်ခဲ့ပြီ..ချစ်ရပါသောအတိတ်ရေ မင်းပေးခဲ့တဲ့ သင်ခန်းစာတွေအတွက် ငါကျေးဇူးတင်ပါတယ်..ချစ်ရပါသောအနာဂါတ်ရေ ငါမင်းဆီလာဖို့ အသင့်ဖြစ်ပြီ။ ဒါလေးကို ခနခနကြည့်ပေးပါ၊ ဒါကမင်းကို ခွန်အားတွေပေးပါလိမ့်မယ်။
အခြားလူတွေကိုအပြစ်တင်တာတွေလုပ်မနေပါနဲ့တော့
မင်းက ထူးခြားတဲ့လူပါ။ မင်းခံစားချက်တွေ အတွေးတွေ ဟာကမ္ဘာကြီးကိုကောင်းမွန်အောင် အများကြီးလုပ်လို့ရပါတယ်။ တခြားလူတွေကို အပြစ်တင်နေရတာ ပင်ပန်းပါတယ်။ ဘဝကို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ဖြတ်သန်းသွားဖို့ ရှုပ်ထွေးတဲ့အရာတွေကို ဘဝထဲ အဝင်မခံပါနဲ့တော့၊ တခြားလူတွေရဲ့ အမြင်တွေကို ဂရုမစိုက်ပဲ အတတ်နိုင်ဆုံး ကောင်းတဲ့အမြင်ဘက်က ကြည့်ပါ။
ဘဝကိုအေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်လေးဖြတ်သန်းသွားချင်ရင် လူတွေကို အရေးစိုက်နေမယ့်အစား ငှက်က လေးတွေကို အစာကျွေးပါ၊ သီချင်းချိုချိုလေးတွေနားထောင်ပါ၊ ကလေးငယ်လေးတွေကို ယုယပါ၊ နွမ်းပါးသူတွေကို ကူ ညီပါ..ဒါတွေဟာ မင်းကိုမင်းမယုံနိုင်လောက်အောင် အေးချမ်းသွားစေပြီး ပြောင်းလဲမှုတွေကို ခံစားရေစမှာပါ။
ပစ္စုပန်ကိုအာရုံစိုက်တော့
ကဲ..ဒီလောက်ဆို မင်းစိတ်လေး နည်းနည်း နေသားကျသွားလောက်ပါပြီ.။ တစ်ကယ်က အတိတ်ဆိုတာ အတိတ်တိတ်ပါပဲ.။ အနာဂါတ်ဟာလည်း မလာသေးတဲ့အရာပဲမလား?ဒိတော့ ငါတို့ ဘာကို အာရုံစိုက်ဖို့ကျန်နေလဲ? လက်ရှိအချိန်ပဲမလား? ဒီတော့ လက်ရှိကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ်ရထားတဲ့အချိန်လေးကို အာရုံစိုက်ပါ။
တစ်ချိန်က ပူဆွေးမှုသောကတွေနဲ့အတိတ်ရဲ့အဆိပ်တွေထဲက မရုန်းထွက်နိုင်ခင်မှာ မင်းလျစ်လျူရှုထားတဲ့ မင်းကိုချစ်တဲ့ ခင်တဲ့သူတွေရှိပါတယ်။ သူတို့ကို မြင်အောင်ကြည့်ပါ။ မင်းရဲ့ချစ်ခြင်းတွေပြန်ပေးပါ။
တစ်ခါတစ်လေ ငါတို့ဟာ ဆုံးရှုံးပီးသားအရာတွေအတွက် ငါတို့လက်ထဲမှာရှိနေတဲ့ ပျော်ရွှင်စရာလေးတွေ၊ ဂရုစိုက်မှုနဲ့ချစ်ခြင်းမေတ္တာပေးတဲ့အရာတွေကို ထပ်ဆုံးရှုံးရတတ်ပါတယ်။ ဒါဆို ငါတို့၂ခါရှုံးဖြစ်ပြီပေါ့၊ မင်းစဉ်းစားလေ တန်ပါ့မလား။
ငါတို့ကိုနာကျင်စေခဲ့တဲ့ အရာတွေကို ဆုပ်ကိုင်ထားလို့ ငါတို့ကို ချစ်ခင်တွယ်တာတဲ့သူတွေကို ထပ်ပီး အဆုံးရှုံးခံသင့်သ လား။ ဒီတော့ လက်ရှိအချိန်လေးမှာ ကိုယ့်ကို အလေးထား ဂရုစိုက်တဲ့သူတွေကို ပြန်ကြင်နာပေးပါ။ မင်းရဲ့ဖြတ်သန်းရမယ့်နေ့ရက်တွေကို မင်းကို ကောင်းတဲ့အမြင်တွေနဲ့ ကြင်နာမှုတွေပေးမယ့် လူတွေနဲ့ဖြတ်သန်းပစ်လိုက်စမ်းပါ။
သူတို့နဲ့မင်းကိုမင်းခွင့်လွှတ်ပေးလိုက်ပါ
ဒါကတော့ ဘယ်သူမှ လွယ်လွယ်နဲ့လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းထက် ကောင်းတဲ့ လက်စားချေခြင်းဆိုတာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ ပျော့ညံမှုတစ်ခုမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ မြင့်မြတ်မှု ကြံခိုင်မှု သဘောထားကြီးမှုတွေ ပေါင်းစပ်ထားတဲ့အရာတစ်ခုပါ။
ဆိုလိုတာက မင်းတို့ ငါ့ကိုနာကျင်အောင်ဘယ်လောက်လုပ်ခဲ့လုပ်ခဲ့ ငါ့ဘဝကို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် ငါရှေ့ဆက်နိုင်ပါတယ်ဆိုတာကို မင်းကပြလိုက်တာပါ။ သူတို့ကို ခွင့်လွှတ်ပေးပြီးသလိုပဲ မင်းကိုမင်းလည်း ခွင့်လွှတ်ပေးလို က်ပါ။ လူတွေဟာ အမှားတွေနဲ့လိမ်းကျံပြီး လမ်းမှန်တစ်ခုပေါ် လမ်းတက်လျောက်နေကြတဲ့သူတွေပါပဲ။
လူတိုင်းမှားဖူးကြပါတယ်.အစက ငါပြောခဲ့သလိုပဲ။ တချို့အရာတွေက ငါတို့ပြောင်းလဲလို့မရတော့ဘူး။ ပြောင်းလဲလို့မရတော့တဲ့အရာတွေကို လက်ခံပစ်လိုက်ဖို့လိုတယ်။လက်ခံပစ်ရမယ်။
အဲ့ဒီလိုပဲ ငါတို့ပြောင်းလဲနိုင်သေးတဲ့ အရာတွေလည်း ရှိပါသေးတယ်၊ ပြောင်းလဲလို့ရသေးတဲ့အရာတွေပေါ့၊အဲ့ဒီအရာတွေအတွက် ငါတို့ခွန်အားလိုတယ်၊ ရဲစွမ်းသတ္တိလိုအပ်တယ်မလား? ဒါတွေကိုရဖို့အတွက် ငါတို့ကိုယ်ငါတို့နဲ့ငါတို့ကို နာကျင်အောင်လုပ်ခဲ့သူတွေကို ငါတို့ ခွင့်လွှတ်ပေးပြီး အေးဆေးတည်ငြိမ်တဲ့စိတ်နှလုံးနဲ့ရှေ့ဆက်ကြရမယ်မလား?
ငါတို့ဒီလို နာကျင်စရာတွေကို ထွက်ခွာခွင့်ပေးလိုက်ပြီးရင် မင်းတချိန်က မလုပ်ဖြစ်ခဲ့တဲ့ ပျော်စရာကောင်းတာတွေဟာ မင်းလုပ်စရာမလိုပဲ နဲ့မင်းဘဝထဲကကို သည်းသည်းထန်ထန်ရွာတဲ့မိုးတွေလို ရွာချလာပါလိမ့်မယ်…ကဲ.ဒီလောက်ဆို ငါတို့ နာကျင်မှုတွေကို ထွက်ခွာခွင့်ပေးဖို့ မင်းမှာ ခွန်အားနဲ့ညဏ်ပညာတွေရရှိသွားမယ်လို့ ငါမျှော်လင့်ပါတယ်..
#Lifestyle_Myanmar
#Mg_Htet