အိမ်ပြေးသူများ
လမ်းတွေက ရှည်တာလား၊ ခြေထောက်တွေက ရှည်တာလား မသိပေမဲ့ အိမ်ပြေးသူတစ်ယောက်ရဲ့ ညတွေဟာ ရှည်ခဲ့တယ်။ အတ္တရဲ့အနက်ဟာ ဘယ်လောက်ထိလဲဆိုတာ သိဖို့၊ လမင်းကို ဖမ်းဖို့၊ ပိုက်ကွန်ရက်နေရတဲ့ ခရီးတစ်ခုအတွက် ကုလားအုတ်တွေရဲ့ဘို့ထဲက ရေလို ဆန္ဒကို တစ်ကိုယ်တည်းလင်းဖို့၊ အကြိမ်ကြိမ် ပွတ်ခတ်နေခဲ့တဲ့ ညတွေပေါ့။ ညတွဟော ပိုမှောင်မိုက်ပြီး နေ့တွေဟာလည်း ညတွေနဲ့တူတူလာတဲ့အခါ အိမ်ပြေးသူတစ်ယောက်မှာ အိမ်ဝေးသူ့တေးကို ဒဏ်ရာနဲ့ပြေးရင်း ဆိုခဲ့တယ်။
ငါတို့ဟာ အမြဲအိမ်ပြန်ချင်တယ်။ ပြန်စရာအိမ်မရှိသည့်တိုင်အောင် အမြဲအိမ်ပြန်ချင်တယ်။ ပြန်စရာအိမ်ဟာ အိမ်နဲ့မတူခဲ့သည့်တိုင်အောင် ငါတို့အိမ်ပြန်ချင်တယ်။ လမ်းတွေရဲ့ အရှည်ကို မသိခဲ့သည့်တိုင်အောင်၊ပန်းတိုင်ဟာ ဝေဝါးထွေပြားနေရင်တောင် ငါတို့ဟာ အမြဲအိမ်ပြန်ချင်တယ်။ ဒီလိုနဲ့မှားပြီလို့ ဒဏ်ရာရဲ့ အသံကိုကြားလို့ အိမ်ပြန်ချင်တယ်လို့ တွေးမိတော့ ငါတို့ဟာအိမ်နဲ့ အဝေးကြီးကို ရောက်နေခဲ့ပြီ။ ငါတို့လာခဲ့တဲ့လမ်းကို ဝေဝါးနေခဲ့ပြီ။ ငါတို့ဟာ အသက်တွေကြီးရင့်လို့။ ငါတို့အိမ်တွေမှာ စောင့်စားသူ လူတန်းစားတွေဟာ မျက်ရည်ရဲ့ တေးကို ဆိုနေကြပြီ။
အခုဆို ငါတြွို့ကက်သားတွေဟာ တင်းမာပြီး ဖုထစ်မနေတော့ဘူး။ငါတို့စိတ်တွေလည်း ပြတ်သားမာကျောမနေတော့ဘူး။ ငါတို့လမ်းတွေလည်း ဖြောင့်ဖြူးပြီး ပျော်ရွှင်ဖွယ် မကောင်းတော့ဘူး။ ငါတို့အခုအိမ်ပြန်ချင်လာပြီ။ ငါတို့ရှာဖွေတဲ့အရာတွေကို မတွေ့တာ ကြာလာတဲ့အခါ ငါတို့ရဲ့နားခိုရာဟာ အိမ်ဆိုတာ ရေးရေးလေး သဘောပေါက်လာကြပြီ။ ငါတို့ပြန်စဉ်းစားတာက အချိန်တွေကို ဘာအတွက်ပေးခဲ့တာလဲ။ ငါတို့ဘာပြန်ရခဲ့လဲ။ ငါတို့ အခုဘယ်နေရာမှာလဲ။ ငါတို့ ဘာဆက်လုပ်မှာလဲ။ မီးစာကုန်နေတဲ့ ရေနံဆီမီးခွက်ကြီးလို ခေတ်ရဲ့ ရှုပ်ထွေးမှုကြားမှာ ငါတို့ငူငူကြီးရပ်လို့။ မေတ္တာတရားမရှိတဲ့ အရပ်မှာ မြစ်ကျိုးအင်း တစ်ခုလို စီးဆင်းလို့။ ကိုယ့်အတ္တကိုယ် ကျည်ဖြည့်ပြီး ငါတို့ နားထင်ကို တေ့ထားခဲ့တဲ့ ထောပတ်သုတ်ညတွေ။ နည်းပညာ ကြားခံကုထုံးနဲ့ စက်လုပ်အပြုံးတွေ။ မရယ်ရတဲ့ ဟာသတွေ။ လမ်းဘေးနေထိုင်မှုဂီတနဲ့ ဝေဒနာကို မီးအတူညှိခဲ့သူတွေ။ ဒီလိုညတွေကြာလာလေ ငါတို့ဟာ အိမ်ပြန်ချင်လေပဲ။ ငါတို့ယုံကြည်ရာတွေ ပြိုကျပျက်စီးတဲ့အခါ၊ ငါတို့စိတ်တွေ နုတ်နုတ်စင်းခံခဲ့ရတဲ့အခါ၊ ငါတို့ထင်သလို အရာရာ ဖြစ်မလာတဲ့အခါ၊ ငါတို့ အိမ်ပြန်ချင်ခဲ့ကြတယ်။ အိပ်မက်ထဲက လန့်နိုးလာသူလို ငါတို့အိမ်ပြန်ချင်ခဲ့ကြတယ်။ ငါတို့ချစ်တဲ့သူတွေ ဝန်းရံထားတဲ့ဘဝကို ညတိုင်း စိတ်ကူးယဉ်လို့ ခေတ်ကိုဆန်ပြီး အိမ်မက်တူးကြသူငါတို့ဟာ အခုတော့ နိုးတစ်ဝက်နဲ့လန့်နိုးခဲ့ကြပြီ။ နောင်တရဲ့အရသာကို ငါတို့ခံနေကြရပြီ။ ညတွေရဲ့ခြောက်လှန့်မှုကို ငါတို့ ကြောက်နေရပြီ။
ငါတို့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေဟာ ပျော်ရွှင်လိမ့်မယ်ဆိုတဲ့ အတွေးနဲ့ တောင်ထိပ်ကို ငါတို့တက်လာခဲ့တာပဲ။ ဒါပေမဲ့ တောင်ထိပ်ကို ရောက်တဲ့အခါ ငါတို့ ထပ်ပြီး တက်စရာ တောင်တွေအများကြီး ကျန်ရှိနေမှန်း သိလိုက်ရတယ်။ မိသားစုဆိုတာ ဘယ်တော့မှ ရွေးချယ်လို့မရဘူးတဲ့။ ဒါပေမဲ့ မိသားစုနဲ့ ဘယ်လိုနေထိုင်မလဲဆိုတာတော့ ငါတို့သင်ယူလို့ရတယ်။ အချိန်မလွန်ခင် နေမဝင်ခင် ရောင်နီမခန်းခင် အိမ်မက်တွေပွေ့ပြီး ငါတို့အိမ်ပြန်နိုင်ပါ့မလား။ အိမ်ပြေးသူဆိုပေမဲ့ ငါတို့ဟာ အမြဲအိမ်ပြန်ချင်နေခဲ့တာပဲ မဟုတ်လား။ အိမ်တွေဟာ လုံခြုံမှုကိုပေးတယ်။ အိမ်တွေဟာ ခမ်းနားဖို့ လိုတယ်ဆိုပေမဲ့ မိသားစုနဲ့ အတူတူဆိုရင် တဲအိမ်အိုလေးဟာလည်း အိမ်ပဲ။ ငါတို့ အတူရှိနေမယ့် နေရာတိုင်းဟာ ငါတို့အိမ်ပဲ။ ငါတို့အိပ်မက်တွေကို ရှာဖွေရလို့ မောလာရင် ငါတို့အနားယူဖို့ရာ အိမ်တွေရှိသင့်တယ်။ အိပ်မက်တူးသူ အိမ်ပြေးသူတွေအတွက် အိမ်တွေဟာ ပိုပိုဝေးလာခဲ့ပေမဲ့ စိတ်ထဲမှာတော့ ငါတို့ဟာ အမြဲအိမ်ပြန်ချင်တယ်။ အိမ်ပြန်ဖို့ဆိုပြီး ပိုကြိုးစားလေ အိမ်နဲ့ဝေးလေ။ ငါတို့ရဲ့ တစ်ကိုယ်တည်း ညတွေဟာ ဝပ်ကျင်းမရှိတဲ့ ဥတွေလို အေးစက်မာကျောလို့။ အခန်းတွေအားလုံး မှောင်နေပြီး တစ်ခန်းတည်း ညလုံးပေါက်လင်းနေတဲ့ တစ်ဖက်တိုက်ခန်းမှာလည်း အိမ်လွမ်းသူတေးကို ကြားနေရခဲ့။ ငါအိမ်မပြန်ဖြစ်သေးဘူးဆိုတဲ့ စကားကိုငါတို့ဟာ မျက်ရည်နဲ့ပြောရင်း စောင့်စားသူလူတန်းစား။ ငါတို့ မေတ္တာတရားအိမ်သူများကို ငါတို့ညာရင်းလိမ်ရင်း၊ အဆင်ပြေတယ်လို့ ပြောရင်း၊အိမ်မပြန်ချင်သေးဘူးလို့ အော်ရင်း၊ ရုပ်မြင်သံကြားထဲက မိသားစုထမင်းဝိုင်းကိုငေးရင်း၊ အင်္ကျီတွေကိုယ်တိုင် လျှော်ရင်း၊ အထီးကျန်စွာ နိုးထရင်း ငါတို့လမ်းတွေကို ငါတို့အတ္တနဲ့ ရှည်စေခဲ့ပြီ။ ဘယ်လောက်ပဲလမ်းတွေရှည်ရှည်၊ ခရီးတွေရှည်ရှည်၊ ငါတို့ဘယ်လောက်ပဲ အိမ်ကနေပြေးပြေး တစ်နေ့နေ့တစ်ချိန်ချိန်ကျ ငါတို့အိမ်ပြန်ချင်ကြတာပဲ။ ပြန်စရာအိမ်မရှိသည့်တိုင်အောင်။ အိမ်ဟာ အိမ်နဲ့မတူခဲ့သည့်တ
တူခဲ့သည့်တိုင်အောင်ပေါ့။