အာရှတိုက်ရဲ့ ရွေးချယ်ချင်စရာအကောင်းဆုံး သတို့သား
shweinnlay.com
|
2018-11-25




အာရှရဲ့ ရွေးချယ်ချင်စရာအကောင်းဆုံး သတို့သားကို သိကြလား။ သူ့ရဲ့ လူနေမှုဘဝပုံစံ၊ ခမ်းနားကြီးကျယ်တဲ့အသုံးအဆောင်တွေနဲ့ ချောမောလှပတဲ့ ရုပ်ရည်တို့က သူ့ကိုအာရှတိုက်ရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘဝကို ရောက်စေခဲ့တော့တာပဲ။ သူကတော့ တခြားတော့
မဟုတ်ဘူး၊ ဘရူနိုင်းနိုင်ငံက မင်းသားပါ။ Mateen လို့အမည်ရတဲ့ မင်းသားလေးက သူ့ရဲ့အင်စတာဂရမ်ပေါ်က ဓာတ်ပုံတွေကြောင့်အားလုံးရဲ့ စိတ်ဝင်စားမှုကို သိမ်းကျုံးယူငင်နိုင်တော့တာပါပဲ။




ဘရူနိုင်းဘုရင်မှာက သားသမီး စုစုပေါင်း (၁၂)ဦးတောင် ရှိသဗျ။ ယောကျ်ားလေးက (၅)ယောက်၊ မိန်းကလေးက (၇)ယောက်ပါတဲ့ဗျာ။ Mateen က ယောကျ်ားလေး (၅)ဦးထဲက တစ်ဦးပေါ့။ ဘရူနိုင်းက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဆိုတာ ပြောပြစရာ လိုမယ်မထင်ပါဘူး။ ဘရူနိုင်း ဘုရင်ရဲ့ ကြွယ်ဝမှုက ဒေါ်လာဘီလျံ (၂၀)လောက်ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ ဒီအတွက်ကြောင့်လည်း Mateen ရဲ့ ဘဝက လိုလေသေးမရှိ ပြည့်စုံနေတော့တာပေါ့။ သူက ခဏခဏ ပိုလိုဆော့တတ်သူလို့ ထင်ရှားတယ်။ ပြီးတော့ ကိုယ်ပိုင်လေယာဉ်နဲ့ ကမ္ဘာလှည့်ပြီး ခရီးသွားနေတာ။ ကျော်ကြားတဲ့ ကမ်းခြေတွေဆိုရင်လည်း Mateen က ရောက်ပြီးသားပဲ။ သူက ကျား၊ ကျားသစ်တို့လို တိရစ္ဆာန်တွေကိုတောင်မှ သူ့အိမ်ထဲမှာ မွေးထားသေးသတဲ့။ တော်တော်လေးတော့ မိုက်တယ်နော်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကအင်တာဗျူးတစ်ခုမှာ Mateen က လက်ရှိဘဝကို ငြီးငွေ့နေတယ်လို့ ပြောဖူးတယ်။ သာမာန်လူတွေလိုမျိုး ဘဝကို ဖြတ်သန်းချင်ပြီး နေ့စဉ်လူမှုဘဝတွေကို ရင်ဆိုင်ဖြတ်သန်းချင်စိတ်တွေ ဖြစ်နေတယ်လို့ ပြောခဲ့တာပါ။ လူ့သဘာဝအရ ဖြစ်တတ်တဲ့ သဘောပါပဲ။ မတူညီတဲ့ ဘဝတွေကို စိတ်ဝင်စားပြီးအတွေ့အကြုံသစ်တွေကို လိုချင်တဲ့ ဆန္ဒပေါ်လာတာ ဖြစ်မှာပါ။ သူ့ရဲ့အိပ်ခန်းထဲမှာ ကျားသစ်တွေ မွေးထားပြီးအတူတူအိပ်စက်လေ့ရှိပါတယ်။ ကျားသစ်တင်မဟုတ်ပဲ တခြားအကောင်ဗလောင်တွေလည်း မွေးပြီးတော့ နီးနီးကပ်ကပ်နေတတ်တယ်။ သူ့ရဲ့ ပင်ကိုယ်စိတ်ရင်းက ကြင်နာတတ်ပြီး နူးညံ့တတ်မယ်ထင်ပါရဲ့။




Patek Phillippe ဆိုတဲ့ ဆွစ်ဇာလန်ထုတ် နာရီကို ဝတ်ဆင်လေ့ရှိပါတယ်။ တန်ဖိုးအားဖြင့် တော်တော်လေးမသေးငယ်လှတဲ့ နာရီပါ။အကောင်းစားပစ္စည်းတွေကို နှစ်ခြိုက်သူလို့ သုံးသပ်ရပါတယ်။ နာမည်ကျော် ဖာရာရီကားတွေကို ဝယ်ယူစီးနေသလို တခြားနာမည်ကျော် တန်ဖိုးကြီး ဇိမ်ခံကားတွေလည်းအများကြီး ဝယ်ထားသေးတယ်။ သူ့ကိုယ်သူတော့ Tigers of Father လို့ နာမည်ပေးထားပါတယ်။အဲဒါက ကျား၊ ကျားသစ်ပေါက်လေးတွေ မွေးထားတဲ့အတွက် ဒီနာမည်ပေးထားတာ ဖြစ်မှာပါ။ မြင်းပုလေးတွေ၊ ကြောင်လေးတွေလည်း သူက မွေးထားပြီး တိရစ္ဆာန်လေးတွေကို တော်တော်ချစ်ပုံရပါတယ်။

သူ့ရဲ့အနှစ်ခြိုက်ဆုံး ဝါသနာတစ်ခုက ပင်လယ်ထဲမှာ မြင်းစီးရတာကို နှစ်သက်တာပါတဲ့။အင်္ဂလန်မှာ နေထိုင်နတာဖြစ်ပြီး သူက ဘရူနိုင်းစစ်တပ်မှာ ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေတယ်လို့လည်း သိရပါတယ်။ သူ့ဘဝရဲ့အကြီးကျယ်ဆုံးအလုပ်က ဘရူနိုင်းစစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့်ရတာလို့ မကြာခဏ ဂုဏ်ယူပြောလေ့ရှိပါတယ်။အင်္ဂလန်မှာရှိတဲ့ Royal Military Academy Sandhurst ကောလိပ်ကနေ ဘွဲ့ရခဲ့တာဖြစ်ပြီး သူ့အသက် (၁၈)နှစ်ကတည်းကအဲဒီမှာ ကျောင်းတက်ခဲ့တာပါ။အသက်အငယ်ဆုံးကျောင်းသားအဖြစ်တောင် သူက မှတ်တမ်းဝင်ခဲ့သေးတယ်။ သြော်..မေ့နေလို့.. Mateen ကို ၁၉၉၁ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးခဲ့တာပါ။အခုဆို (၂၇)နှစ်ပြည့်ပြီးသွားပြီပေါ့။အင်္ဂလန်က နာမည်ကျော်ကျောင်းတချို့ကနေလည်း သူကအနုပညာဘာသာရပ်နဲ့ မာစတာဘွဲ့ယူပြီးပြီလို့လည်း သတင်းတွေက ဖော်ပြပါတယ်။





ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့ စံပြပုဂ္ဂိုလ်လို့ ဝန်ခံဖူးတယ်။ မယုံကြည်စရာကောင်းအောင် ခန့်ညားတဲ့အမျိုးသားလို့ ဘက်ခမ်ကို သူက မှတ်ချက်ချခဲ့ဖူးပါတယ်။ မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ဘရူနိုင်းမှာဆိုရင် သူက AM Gunnersအသင်းမှာ ကစားသမားအဖြစ် ကစားနေပါသေးတယ်။ ထူးခြားချက်တစ်ခုက သူက ကျင်းပပြီးစီးခဲ့တဲ့ မလေးရှားဆီးဂိမ်းမှာ ဘရူနိုင်းနိုင်ငံ ကိုယ်စားပြု ပိုလိုအားကစားနည်းမှာ ပါဝင်ပြီးတော့ ယှဉ်ပြိုင်ခဲ့ဖူးတာပါပဲ။ ရုပ်လေးက ချောမောနေလို့အထင်တော့မသေးနဲ့နော်၊ ကိုယ်ခံ
ပညာပေါင်းစုံပြိုင်ပွဲ (MMA) ၊ လက်ဝှေ့ နဲ့ မွေထိုင်းတို့ကိုလည်း ဝါသနာပါပြီး လေ့ကျင့်ထားသေးတယ်လို့ ဆိုတယ်။အထင်သေးမိရင်တော့ ဒုက္ခရောက်မှာ သေချာတယ်။





လေယာဉ်ကလည်း မောင်းတတ်သေးတယ်။ ဂစ်တာဆိုလည်း တော်တော်လေးကို တီးနိုင်တယ်လို့ သူ့ သူငယ်ချင်းတွေက ပြန်ပြောပြတယ်။ သူ့အတွက်အားနည်းချက်က မိသားစုရဲ့ လွှမ်းမိုးမှုကို လွန်ဆန်လို့မရတာဆိုပြီး ညည်းညူပြောဖူးပါတယ်။ သူ့ရဲ့အစ်ကိုတစ်ယောက်၊
အစ်မနှစ်ယောက်နဲ့သာ ပိုပြီးရင်းရင်းနှီးနှီးနေဖြစ်တယ်လို့ သိရပါတယ်။ မာနမကြီးဘူး၊ မမောက်မာဘူးလို့ သူ့နိုင်ငံမှာ ကျော်ကြားပြီး ပြည်သူတွေကြားထဲမှာလည်း လွတ်လွတ်လပ်လပ် သွားလာတတ်သူပါ။ ဒါပေမယ့် မင်းသားတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ဆင်ဆင်ခြင်ခြင် နေနေရတယ်လို့ သူက ဝန်ခံခဲ့ပါသေးတယ်။အခုချိန်ထိတော့ လူပျိုဘဝမှာပဲ ရှိတုန်းဆိုတော့ နှုတ်ခမ်းနီမလေးတွေရဲ့အိပ်မက်မင်းသားဖြစ်နေဆဲပါပဲ။ စမတ်ကျတဲ့ ဝတ်စားမှု၊ ချမ်းသာကြွယ်ဝမှု နဲ့အရည်အချင်းပြည့်ဝမှုတွေကြောင့်အာရှတိုက်ရဲ့ရွေးချယ်ချင်စရာအကောင်းဆုံး သတို့သားတစ်ဦးလို့ နာမည်ကြီးနေတာက ကြီးသင့်ပါပေရဲ့။




Some text some message..