စနိုက်ကြော်ချင်သူတိုင်း သတိထားရမယ့် အချက်များ
trend.com.mm
|
2020-02-13

ခိုးစားရတဲ့ အသီးက ပိုချိုတယ်ဆိုသလိုပဲ ချစ်သူရှိနေလျက်နဲ့ နောက်တစ်ယောက်ကို ရင်ခုန်မိတာ၊ နှစ်ယောက်ပြိုင်တွဲတာမျိုးက စိတ်လှုပ်ရှားစရာကောင်းပြီး ညို့ငင်ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ဒီလိုခြေရှုပ်ဖောက်ပြန်တာက ဒုက္ခဖြစ်နိုင်စရာတွေ အများကြီးရှိတယ်ဆိုတာတော့ သေချာပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ချစ်သူရည်းစား ဒါမှမဟုတ် အိမ်ထောင်ရှိလျက်နဲ့ နောက်တစ်ယောက်နဲ့ ခြေရှုပ်ဖို့ အလားအလာရှိနေမယ်ဆိုရင် ဒီအချက်တွေကို ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။


၁။ ဘာတွေ ပေးဆပ်ရဖို့ ရှိလဲ
နောက်တစ်ယောက်နဲ့ဖောက်ပြန်တာကို မိသွားမယ်ဆိုရင် ဘာတွေဆုံးရှုံးရမလဲ၊ ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ ဆိုတာကို အရင်ဆုံးစဉ်းစားကြည့်ဖို့ လိုပါတယ်။ လက်ရှိ Relationship ကို ပျက်စီးသွားလည်း ကိစ္စမရှိဘူးဆိုရင်တောင် လက်ရှိ ချစ်သူ ဒါမှမဟုတ် ဇနီးမယားကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်အတွက်ရော၊ လက်ရှိပါတနာအတွက်ပါ ပေးဆပ်ရမယ့် တန်ဖိုးတွေကို သေချာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။


၂။ ဘဝနှစ်မျိုးရှင်သန်ဖို့ အဆင်ပြေနိုင်မလား
ချစ်သူရှိလျက်နဲ့ နောက်တစ်ယောက်နဲ့ ခြေရှုပ်ပြီဆိုတာနဲ့ ဒီတစ်ယောက်နဲ့တစ်မျိုး၊ ဟိုတစ်ယောက်နဲ့ တစ်မျိုး ပြောဆိုဆက်ဆံရတော့မှာဖြစ်ပါတယ်။ ဒါထက်အရေးကြီးတာက ထိန်းသိမ်းထားရမယ့်၊ ကွယ်ဝှက်ထားရမယ့် လျို့ဝှက်ချက်တွေ များလာတာကလည်း စိုးရိမ်သောကတွေကို များပြားစေပါတယ်။ တဖြည်းဖြည်းနဲ့ မစခဲ့မိရင်ကောင်းသားဆိုတဲ့ အတွေးဝင်လာပြီး စိတ်ဖိစီးမှုတွေလည်း ရှိလာနိုင်ပါတယ်။ တချိန်တည်းမှာ တစ်ဖက်သားမသိအောင် အကွက်ရွှေ့ရတာ၊ လိမ်ညာနေရတာတွေက အရမ်းစိတ်ဖိစီး၊ စိတ်ပူပန်မှုဖြစ်ရပါတယ်။ ဒါတွေကို ရင်ဆိုင်နိုင်မလားဆိုတာ စဉ်းစားပါ။


၃။ တစ်ခုခုမှားသွားရင် ဘယ်လိုလုပ်မလဲ
လူအများစုက သစ္စာဖောက်ခံရတဲ့အခါမှာ သူတို့ရဲ့ အဆိုးဆုံးအကျင့်စရိုက်တွေနဲ့ စိတ်ဓာတ်တွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ သင်ကိုယ်တိုင်အတွက်ရော၊ လက်ရှိချစ်သူအတွက်ရော၊ အသစ်တစ်ယောက်အတွက်ပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အစွဲအလမ်းကြီးလွန်းသူတစ်ယောက်ပါဝင်ခဲ့ရင် အနည်းဆုံး စိတ်ညစ်စရာတွေ ကြုံရနိုင်ပြီး အများဆုံး အရှက်တကွဲအကျိုးနည်းဖြစ်လောက်တဲ့အထိ အန္တရာယ်များပါတယ်။


၄။ ဒီအခြေအနေက ရုန်းထွက်လို့ရနိုင်မလား
သင့်အနေနဲ့ တတိယလူဆီကနေ ကြင်နာမှုတွေ၊ အာရုံစိုက်မှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေ ရရှိနေတယ်ဆိုရင်လည်း ဒါတွေအားလုံးဟာ ခဏတာ သာယာမှုတွေပဲဆိုတာကို နားလည်ထားဖို့ပါတယ်။ အမြဲတမ်းဆုံးရှုံးသွားမှာက လက်ရှိချစ်သူ ဒါမှမဟုတ် ဇနီးမယားရဲ့ ယုံကြည်မှုနဲ့ စိတ်အေးချမ်းတည်ငြိမ်မှုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ခြေရှုပ်သူအများစုဟာ အရှုပ်ထဲကနေ ရုန်းထွက်ချင်တတ်ကြပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လက်ရှိ ချစ်သူ ဇနီးမယားကို အရိုးသားဆုံးဝန်ခံပြောကြားပြီး ရုန်းထွက်နိုင်အောင် အကူအညီတောင်းသင့်ပါတယ်။ သင့်ရဲ့ လက်ရှိချစ်သူ ဒါမှမဟုတ် မိသားစုရဲ့ တည်ငြိမ်အေးချမ်းမှု၊ ပျော်ရွှင်မှု၊ ဂုဏ်သိက္ခာတွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်တယ်ဆိုရင်တော့ အစကတည်းက ခြေမရှုပ်မိအောင် ဆင်ခြင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ အကြံပြုလိုက်ပါတယ်။

Ref; cheatingfacts




Some text some message..