ဆိုရှယ်မီဒီယာမှာလူတိုင်း ကိုယ့်ရဲ့အလှဆုံး၊ အကောင်းဆုံးပုံတွေကိုပဲ တင်ချင်ကြမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ပုံဆိုးပန်းဆိုးပုံတွေကို သူငယ်ချင်းဖြစ်သူက ခွင့်ပြုချက်မတောင်းပဲ ဖေ့ဘွတ်မှာတင်လိုက်တဲ့ အတွေ့အကြုံကိုလည်း လူအတော်များများ ကြုံဖူးကြပါလိမ့်မယ်။ ယခုလို ဒေါသထွက်စရာကောင်းတဲ့ အခြေအနေမျိုးကို ကြုံလာခဲ့ရင် သင်ဘယ်လိုဖြေရှင်းလေ့ရှိပါသလဲ။ ဂလဲစားချေတဲ့အနေနဲ့ သူ့ရဲ့ဆိုးဝါးတဲ့ snapshot တွေကို ပြန်တင်လေ့ရှိသလား ဒါမှမဟုတ် ပိုစ့်ကိုပြန်ဖျက်ခိုင်းလေ့ရှိသလား။ တခါတလေမှာတော့ သင့်ရဲ့သူငယ်ချင်းက ဘာမှရည်ရွယ်ချက်မရှိပဲ သင့်ရဲ့အနေအထားမကျတဲ့ပုံကို တင်တာ သို့မဟုတ် သိသိလျက်နဲ့ တမင်ဆေးထိုးချင်လို့ တင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံထဲမှာသင်က ကြည့်မကောင်းပဲ ပုံပျက်နေတာကိုက သူ့အတွက် ပိုပြီးကြည့်ကောင်းနေတယ်လို့ သူတို့ကယုံကြည်လို့ပါပဲ။
သင့်ရဲ့ပုံကို သင့်ရဲ့ခွင်ပြုချက်မရပဲတင်ခြင်းဟာ သူ့ရဲ့အမှားသာဖြစ်ပြီး ဒီလိုအခြေအနေမျိုးကို သူ့ရဲ့ပုံတွေပြန်တင်ပြီး ဂလဲ့စားချေခြင်းထက် နောက်ထပ်မလုပ်အောင် တာဆီးဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ပိုစ့်အောက်မှာ ကွန့်မန့်ပေးပြီး တားဆီးခြင်းထက် ဖုန်းဆက်ပြီးပြောတာတွေ လူချင်းတွေ့ပြီးပို့စ်ကို ပြန်ဖျက်ခိုင်းတာတွေ ပြုလုပ်ခြင်းက ပိုပြီးထိရောက်ပါလိမ့်မယ်။ သူ့ရဲ့ပိုစ့်အောက်မှာ ကွန့်မန့်ပေးခြင်းဟာ အခြားသူတွေရဲ့အမြင်မှာ သင့်ကို အရမ်း sensitive ဖြစ်တယ်လို့တောင် ထင်နိုင်သလို အခင်အမင်ပျက်မှာစိုးလို့ မပြောပဲမြိုသိပ်ထားတာတွေလည်း မလုပ်ပါနဲ့။ သင်မကြိုက်တာကို သူသိအောင်တော့ ဖွင့်ပြောဖို့လိုအပ်ပါတယ်။ မဟုတ်ရင် နောက်ထပ်သင့်ရဲ့ပုံတွေ ထပ်ပြီးတင်နေနိုင်ပါတယ်။
သင့်ရဲ့ပုဂ္ဂိုလ်ရေးနဲ့ ပတ်သတ်တာတွေကို သင့်ရဲ့သူငယ်ချင်းဖြစ်သူက ဘယ်လောက်ပဲခင်ပါစေ လေးစားဖို့တော့ ကောင်းပါတယ်။ သူ့ဖက်က သင့်ကိုရည်ရွယ်ချက်ရှိရှိနဲ့ တင်တာမဟုတ်ပဲ ရိုးရိုးသားသားပဲ ဒီအတိုင်းတင်လိုက်တာလည်း ဖြစ်နိုင်တဲ့အတွက် သူ့ကိုမုန်းတီးစရာတော့မလိုပါဘူး။ သင့်ဖက်က အဆင်မပြေကြောင်းကိုသာ ကောင်းကောင်းမွန်မွန်နဲ့ ပြောပြပြီး ပို့စ်ကို ပြန်ဖြုတ်ချခိုင်းလိုက်ပါ။ သင့်ရဲ့စိတ်ထဲမှာ မကျေနပ်တာကို မြိုသိပ်ထားမယ်ဆိုရင် သူငယ်ချင်းအချင်းချင်း အဆင်မပြေတာတွေ စိတ်အနှောက်အယှက်ဖြစ်တာတွေကို သင်ပဲခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ပုံက သူ့အမြင်မှာ လှပတယ်လို့ ခံစားရရင်တောင်မှ သူငယ်ချင်းကောင်းတစ်ယောက်ဆိုရင် သင့်ရဲ့ခံစားချက်ကို နားလည်ပြီး ပိုစ့်ကိုပြန်ဖျက်ပေးပါလိမ့်မယ်။
အခြားသူတွေရဲ့ အားနည်းချက်ကို တမင်ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်နေရတာကို အရသာတွေ့နေတတ်တဲ့ သူတွေလည်း ရှိပါတယ်။
ဒီလိုသူငယ်ချင်းတွေရဲ့ ရန်ကရှောင်ဖို့အတွက် သူနဲ့ဓါတ်ပုံအတူတူရိုက်တာတွေရှောင်သင့်သလို သင်မသိအောင်လည်း ခိုးရိုက်နိုင်တဲ့အတွက် အထူးသတိထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူငယ်ချင်းတွေ အတူတူအမှတ်တရ ဆယ်ဖီရိုက်တာမျိုး ဆိုရင်တော့ ဓါတ်ပုံရိုက်ပြီးတာနဲ့ ဖေ့ဘွတ်မှာတင်မှာလားဆိုတာကို မေးပါ။ ရိုက်ထားတဲ့ပုံကို စစ်ဆေးပြီး သင်မကြိုက်ပါက ဖျက်ခိုင်းပြီးပြန်ရိုက်ပါ။ သင့်ရဲ့ ဖေ့ဘွတ် privacy setting ကိုလည်း ကျွမ်းကျင်စွာအသုံးချပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင်က tag တွဲတာကို ပိတ်ထားမယ်ဆိုရင် သူတင်လိုက်တာနဲ့ သင့်ပုံပါလာရင် သင့်ဆီမှာ အရင်ဆုံး notification အရင်တက်လာမှာ ဖြစ်တာကြောင့် သင်ဖက်ကလက်ခံမှသာ ပို့စ်ကိုတင်လို့ရပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar