
လှပတဲ့ မနက်ဖြန်တွေ ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်း(၅) ခု
ကျွန်တော်တို့တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်ပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေကိုအမြဲတမ်းလိုလိုရှာဖွေနေကြရပါတယ်။ ဒါ့ကြောင့် မနက်ဖြန်တိုင်းမှ ပိုမိုပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်း(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ တိုးတက်လိုစိတ်အကြောင်းရင်းကိုအမြဲအမှတ်ရပါ။ သင်ဘာကြောင့် တိုးတက်ချင်ရတာလဲဆိုတဲ့အကြောင်းရင်းကိုအမြဲသတိရအောက်မေ့နေတာက သင့်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါမှာဆိုရင် ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် တွေးသင့်ပါတယ်။ သင့်ရဲ့အကြောင်းရင်းဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်နေရတဲ့အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် သင့်ဘဝရဲ့ရည်မှန်းချက်ကို စိတ်ထဲမှာအမြဲထည့်ထားနိုင်ပြီဆိုရင် မနက်ဖြန်တိုင်းဟာအားအင်အသစ်တွေနဲ့ ပြည့်စုံသွားမှာဖြစ်ပါတယ်။
၂။ ကျန်းမာကြံ့ခိုင်နေဖို့ ဂရုစိုက်ပါ။ သင့်ရဲ့ကျန်းမာရေးကို ဦးစားမပေးတာဟာအကြီးဆုံးအမှားတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘဝမှာအောင်မြင်တိုးတက်ချင်ကြသူအများစုဟာ ဘဝတစ်လျှောက်လုံးနေထိုင်သွားရမယ့် ခန္ဓာကိုယ်ကျန်းမာရေးထက် ငွေကြေးဂုဏ်ဒြပ်တွေကိုပဲ ဦးစားပေးလေ့ရှိပါတယ်။ တကယ်တော့ သင့်ရဲ့ကျန်းမာရေး ပြည့်စုံကောင်းမွန်နေမယ်ဆိုရင် သင်ရည်မှန်းချက်တွေကို ပိုပြီးတော့အဆင်ပြေပြေအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပြီး လှပတဲ့မနက်ဖြန်တွေကိုအမြဲတမ်းပိုင်ဆိုင်နိုင်မှာပါ။
၃။ လက်ရှိဘဝကို ကျေနပ်စွာအသိအမှတ်ပြုပါ။ မနက်ခင်းမှာပဲဖြစ်ဖြစ်၊ ညနေခင်းမှာပဲဖြစ်ဖြစ် တစ်နေ့တာရဲ့အဆင်ပြေတဲ့အချိန်မှာ မိနစ်(၂၀)လောက်အချိန်ပေးပြီးအနီးအနားဝန်းကျင်ကို လမ်းလျှောက်ထွက်ပါ။ လမ်းစလျှောက်ပြီဆိုတာနဲ့ လက်ရှိသင့်ဘဝမှာ ပိုင်ဆိုင်ထားတဲ့အရာအားလုံးကိုအသိအမှတ်ပြုပြီး ဒီလိုပိုင်ဆိုင်နေရတာက ကျေနပ်စရာဖြစ်တယ်ဆိုတာကို တွေးတောဆင်ခြင်ပါ။ တစ်ခုချင်းစီတွေးကြည့်ပြီးတိုင်းမှာအသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ သင့်ရဲ့ဘဝကအရမ်းကြီးမဆိုးဘူးဆိုတာကို ခံစားလာရပါလိမ့်မယ်။ ဒါ့အပြင် စိတ်ခံစားမှုပိုင်းမှာလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပြီး ဘဝအရည်အသွေးလည်း တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။
၄။ ဘဝကိုပြောင်းလဲစေမည့် ရည်မှန်းချက်ပန်းတိုင်ဆီကို လျှောက်လှမ်းပါ။ လူတိုင်းမှာ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်မယ့် ရည်မှန်းချက်ပန်းတိုင်ရှိဖို့ လိုပါတယ်။
ဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိချိန်မှာ သင့်ဘဝက လုံးဝပြောင်းလဲသွားမယ့် ပန်းတိုင်မျိုးဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်တစ်ခု ချမှတ်ပြီးပြီဆိုတာနဲ့ ရောက်အောင်သွားဖို့ပဲ ကျန်ပါတော့တယ်။ ရည်မှန်းချက်ရဲ့ စေ့ဆော်မှုကြောင့် မနေ့ကထက် ပိုမိုပြင်းထန်တဲ့စိတ်ဓာတ်နဲ့ နိုးထလာနိုင်မှာဖြစ်ပြီးအမြင့်ဆုံးစွမ်းဆောင်ရည်ကိုလည်း ရရှိလာမှာဖြစ်ပါတယ်။
၅။ စိတ်ခွန်အားရှိစေမယ့် စာအုပ်တွေ ဖတ်ပါ။အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်နေဖို့ လိုပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုပေါ်မှာ မူတည်ပြီးအောင်နိုင်သူနဲ့ ရှုံးနိမ့်သူဆိုပြီး ကွဲပြားသွားရတာဖြစ်ပါတယ်။ ဒါ့ကြောင့် လူကြီးလူငယ်အရွယ်မရွေးအားလုံး စိတ်ခွန်အားရှိစေမယ့်စာအုပ်တွေဖတ်ရှုသင့်ပါတယ်။
Ref biography
Ref mmgm