ကျောင်းဖွင့်ရက် သတ်မှတ်ပြီးချိန်အထိ ပညာရေးတက္ကသိုလ်နှင့် ကောလိပ်ကျောင်းဆင်းများ အလုပ်ခန့်စာ မရသေး
mmtimes.com
|
2020-06-10



အခြေခံပညာ အထက်တန်းကောင်း ဗဟန်း အထက ၂ မှ ကျောင်းဆင်းလာသည့် ကလေးငယ်များအား ယမန်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- အောင်ဌေးလှိုင်/ မြန်မာတိုင်းမ်

ကျောင်းဖွင့်ရက် သတ်မှတ်ပြီးချိန်အထိ ပညာရေးတက္ကသိုလ်နှင့် ကောလိပ်ကျောင်းဆင်းများ အလုပ်ခန့်စာ မရသေး

ဇူလိုင်၂၁ရက်တွင် အခြေခံပညာ အထက်တန်းဆင့်များ စတင်တင်ဖွင့်လှစ်ရန် ကြေညာပြီးချိန်အထိ ပညာရေး ကောလိပ်၊ တက္ကသိုလ်ကျောင်းဆင်း ကျောင်းသားများနှင့် မူလတန်းဆရာအတတ်သင် သင်တန်း (PPTT)ဆင်းများ အလုပ်ခန့်အပ်စာ(Posting Latter)ပေးပို့ခြင်း မရှိသေးကြောင်း Posting Latterစောင့်ဆိုင်းနေသော ကျောင်းသားများက ဇွန် ၁၀ ရက်တွင် ပြောသည်။

ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ဘွဲ့ ကျောင်းသားများနှင့် PPTT သင်တန်းဆင်းကျောင်းသားများကို သက်ဆိုင် ရာမြို့နယ်အလိုက် ကျောင်းများ၌ တာဝန်ထမ်းဆောင်ရန် Posting Latter များအား နှစ်စဉ် မေလ မကုန်မီ ပေးပို့လေ့ရှိသော်လည်း ယခုနှစ်တွင် COVID-19ကပ်ရောဂါကြောင့် ကျောင်းဖွင့်ရက် သတ်မှတ်နိုင်ခြင်းမရှိ သေးသဖြင့် ယခုကဲ့သို၌ Posting Latter ပေးပို့ရက် ရွှေ့ဆိုင်းထားခြင်းဖြစ်ကြောင်း ပညာရေးကောလိပ်များ ကိုယ်စားပြုကော်မတီမှ ကိုညီညီဇင်ကပြောသည်။

ကိုညီညီဇော်သည် ယခုနှစ် ပညာရေးကောလိပ်ကျောင်းဆင်းတစ်ဦးတစ်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရန် Posting Latter စောင့်ဆိုင်းနေသူလည်းဖြစ်သည်။ အစိုးရဘတ်ဂျက်အခက်ခဲကြောင့် COVID-19အတွင်း အဆိုပါကျောင်းသားများအားလုံး လစာမယူဘဲ ကျောင်းဆရာတာဝန်များထမ်းဆောင်မည်ဖြစ်ကြောင်း ကိုညီညီဇင်က ဆက်ပြောသည်။

"ညွှန်ကြားရေးမှူးချုပ်ကို ဧပြီလကနေ ဒီကနေ့အထိ ဖုန်းဆက်ပြီးလှမ်း မေးတာလည်း သုံးကြိမ် မကတော့ဘူး။ အဲဒီတုန်းတော့ ကျောင်းဖွင့်ရက်မသတ်မှတ် သေးရလို့ ဆိုပြီးပြောပါတယ်။ ခုကကျောင်းဖွင့်ဖို့ သေချာတဲ့ အနေထား ရောက်နေပါပြီ လုပ်ငန်းခွင်ဝင်မယ့် ဆရာ၊ဆရာမတွေပြင်ဆင်လို့ရအောင် Order ထွက်ပေးနိုင်ဖို့ တိုက်တွန်းပါတယ်"ဟု ကိုညီညီဇင်ကပြောသည်။

လုပ်ငန်းခွင်ဝင်မည့် ပညာရေးကောလိပ်၊တက္ကသိုလ်နှင့် PPTT သင်တန်းဆင်းများမှာ ၁သောင်းကျော်ရှိပြီး ပညာရေးတက္ကသိုလ်နှင့်ကောလိပ်ဘွဲ့ရကျောင်းဆင်းများ တန်းပြကာလ(လုပ်ငန်းခွင့်အကြို ) ဝင်ရောက်ရန် COVID ကြောင့် မသေချာတော့ကြောင်း ၎င်းကဆက်ပြောသည်။

"အော်ဒါချပေးဖိုပြောနေတာက တန်းပြ ကာလတွေလည်း အရင်လိုမရှိတော့ဘူး။ ဒါကြောင့် အော်ဒါတွေခုချိန်မှာ ရ ထားမှ တာဝန်ထမ်းဆောင်မည့် ဆရာ၊ဆရာမတွေ ပြင်ဆင်လို့ရမှာပါ။ကိုဗစ်ကြောင့် တာဝန်ထမ်းဆောင်မည့်သူ ၉၀ရာခိုင်နှုန်းက အစိုးရလစာကို တစ်လ ၊နှစ်လ လောက်မယူဘူးဆိုပြီး သဘောထားပေးပါတယ်"ဟု ကိုညီညီဇင် ကပြောသည်။

ဝန်ထမ်းဉပဒအရ အော်ဒါလက်ခံရရှိပြီးသူသည် တာဝန်ထမ်းဆောင်မည့်စာသင်ကျောင်း၊ရာထူးနှင့်လစာ စသည့်အချက်များပါဝင်ပြီးဖြစ်သောကြောင့် လစာမယူဘဲ တာဝန်ထမ်းဆောင်ခြင်းမှာ မဖြစ်နိုင်ကြောင်း PPTT အမှတ်စဉ် ၆/၁၉သင်တန်းပတ်စဉ်မှ ကျောင်းကောင်စီဝင်အတွင်းရေးမှူး ကိုငြိမ်းချမ်းအောင်ကပြောသည်။

ပညာရေးဝန်ကြီးဌာနအတွင်း ရှိပြီးသား တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ၊ဆရာမများ ကိုပင် ရာထူးတိုးနှင့်ပြောင်းရွှေ့ စာရင်းများ အပြီးသတ်ကြေညာနိုင်ခြင်း မရှိသေးသဖြင့် အသစ်ဝင်ရောက်မည့် ဆရာ၊ဆရာမလောင်းများကို အလုပ်ခန့်အပ်လွှာ ပေးပို့ရန် ယခုကဲ့သို့နောက်ကျခြင်းဖြစ်ပြီး ရာထူးတိုးနှင့် ပြောင်းရွှေ့စာရင်းများကြေညာပြီးမှ Order ထွက်မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင် မောင်ဝင်းက ပြောသည်။

"ဒီကြားထဲမှာ ပြောင်းတာတွေ၊ တိုးတာတွေဆောင်ရွက်နေပါတယ်။ အနီးစပ်ဆုံးပြောရရင် ဒီလထဲမှာ ဖြစ်နိုင်လိမ့် မယ်"ဟုဒေါက်တာ တင်မောင်ဝင်းကပြောသည်။

ခုတစ်ပတ်အတွင်း အထက်တန်းပြရာထူးတိုးနှင့်ပြောင်းရွှေ့စာရင်းများ ထုတ်ပြန်ပေးနေပြီး အလယ်တန်း၊ နှင့်မူလ တန်းပြများ အဆင့်လိုက် ထုတ်ပြန်ပြီးပါက ကောလိပ်ကျောင်းဆင်းများကို လက်လပ်သောနေရာများတွင် ဦးစားပေးခန့်ထားရန်ပြင်ဆင်နေပြီး ယခုနှစ်အစိုးရကျောင်းများတွင် ဆရာ၊ဆရာမ ၁၄ဝဝဝကျော်ခန့် ထားရန်ရှိကြောင်း ဒေါက်တာ တင်မောင်ဝင်းကဆက်ပြောသည်။




Some text some message..