ရတနာပုံတက္ကသိုလ်(အဝေးသင်) ကျောင်းအပ်လက်ခံရန်နှင့် သင်ကြားရေးပိုင်း ဆောင်ရွက်ရန် တင်ပြထား
ရတနာပုံတက္ကသိုလ်(အဝေးသင်)ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံရန်နှင့် သင်ကြားရေးပိုင်းဆောင်ရွက်ရန် လုပ်ငန်းများကို အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြထားကြောင်း ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။
လက်ရှိအချိန်သည် အဝေးသင်တက္ကသိုလ်ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် အဆိုင်းမန့်ထုတ်ယူခြင်းတို့ကို ဆောင်ရွက်ရချိန်ဖြစ်သော်လည်း ကိုဗစ်ကာလဖြစ်သောကြောင့် ယင်းလုပ်ငန်းကိစ္စရပ်များကို ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။
“အဝေးသင်တွေကို ဘယ်တော့ ကျောင်းအပ်လက်ခံမယ်၊သင်ကြားမယ်ဆိုတာ မပြောနိုင်ဘူး။ပညာရေးဝန်ကြီးဌာနတစ်ခုတည်း ဆုံးဖြတ်လို့မရဘူး။ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီရဲ့သဘောတူညီချက်၊လမ်းညွှန်ချက် ကိုယူရတယ်။သင်ကြားဖို့ရော ကျောင်းသားလက်ခံဖို့ရော နည်းလမ်းမျိုးစုံ စဉ်းစားပြီး အဆင့်မြင့်ပညာဦးစီးဌာနကို တင်ပြထားတာပါ” ဟု ၎င်းက ပြောသည်။
အဝေးသင်တက္ကသိုလ်ကျောင်းသားကျောင်းသူပေါင်း ၄၀ ဝဝဝ ကျော်ရှိရာ ကျောင်းမအပ်ရသေးသူ၂၃ ဝဝဝ ကျော်ရှိနေကြောင်း၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအရ အဆိုပါကျောင်းသားများကို ယခင်ကဲ့သို့ တစ်ပြိုင်တည်း ကျောင်းအပ်လက်ခံရန် ခေါ်ယူ၍မရသောကြောင့် နှစ်အလိုက်ခွဲ၍ သီးသန့်လက်ခံသွားရန် စီစဉ်ထားကြောင်း သိရသည်။
“ကိုဗစ်မတိုင်မီနဲ့ ကိုဗစ်ပြီးသင်ကြားသင်ယူမှုပုံစံက လုံးဝပြောင်းလဲသွားမှာပါ။အွန်လိုင်းနဲ့လည်း ရောစပ်သင် ရမှာပေါ့။မျက်နှာချင်းဆိုင်သင်ခဲ့တဲ့ ကိုဗစ်မတိုင်မီနည်းလမ်းကို အပြည့်အဝ မသုံးနိုင်တော့ဘူး။ လူစုလူဝေးဖြစ်မှာစိုးလို့ အားလုံးကို တစ်ပြိုင်နက်ခေါ်လို့မဖြစ်ဘူး။ကျောင်းအပ်လက်ခံခဲ့ရင် တစ်ရက်ကို တစ်ထောင်လောက်ခေါ်ရင် ငွေလက်ခံတာနဲ့ ရုံးလုပ်ငန်းမှာ အဆင်ပြေမလားဆိုတဲ့ အစီအစဉ်တွေ ရေးဆွဲတင်ပြထားတယ်”ဟု ၎င်းက ပြောကြားသည်။
ရတနာပုံတက္ကသိုလ်သည် အထက်မြန်မာပြည်ရှိ တက္ကသိုလ်များတွင် ကျောင်းသားဦးရေ အများဆုံးဖြစ်ပြီး နေ့သင်တန်းတက်ရောက်နေသော ကျောင်းသားကျောင်းသူ ၂၀ဝဝဝ ကျော်နှင့် အဝေးသင်တက်ရောက်နေသူ ၄၀ဝဝဝ ကျော် စုစုပေါင်း ၆၀ဝဝဝ ကျော်ရှိကြောင်း သိရသည်။