ဘုရားကြီးပြန်ဖွင့်ဖို့မျှော်နေတဲ့ ရွှေတိဂုံဘုရားက ဈေးသည်
mmtimes.com
|
2020-08-19



COVID-19 ကြောင့် ခေတ္တပိတ်ထားသော ရွှေတိဂုံစေတီတော်၏ မြောက်ဘက်စောင်းတန်းဝင်ပေါက်ကိုတွေ့ရစဉ်။ ဓာတ်ပုံ − အောင်ဌေးလှိုင်/မြန်မာတိုင်းမ်

ဘုရားကြီးပြန်ဖွင့်ဖို့မျှော်နေတဲ့ ရွှေတိဂုံဘုရားက ဈေးသည်

ပလက်ဖောင်းပေါ်ထိ နေရာယူထားတဲ့ ပန်းသည်တွေ၊ လူသွားလမ်းကို ပိတ်ပြီးခင်းထားတဲ့ နိဗ္ဗာန်ကုန်ဆိုင်တွေရဲ့ ခွေးခြေခုံပုတွေမှာထိုင်ပြီး ဘုရားဆင်းတုတွေကို စိတ်တိုင်းကျရွေးချယ် ဈေးဆစ်နေတဲ့ ဈေးဝယ်သူတွေနဲ့ ဗဟန်းဈေးလေးဟာ ခါတိုင်းလိုပဲ စည်ကားလျက်ရှိနေပါတယ်။

ဒီမြင်ကွင်းဟာ ကိုဗစ်—၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားရတဲ့ ရွှေတိဂုံ စေတီတော်ရဲ့ မှောင်မည်းတိတ်ဆိတ်နေတဲ့ အရှေ့ဘက်မုခ်စောင်းတန်းကြီးကိုလှောင်ပြုံး ပြုံးနေသယောင်ရှိနေပါတယ်။ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ ဘုရားစောင်းတန်းတစ်လျှောက်က ပန်းပုရုပ်တွေ၊ ဘုရားဆင်းတုတွေနဲ့ ကလေးကစားစရာ စက္ကူရုပ်တွေကိုရောင်းချသူ ဈေးသည်တွေအတွက် နှစ်ပေါင်းများစွာ မှီခိုဝမ်းစာရှာတဲ့နေရာဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ − အောင်ဌေးလှိုင်/မြန်မာတိုင်းမ်

လက်ရှိချိန်မှာတော့ကပ်ဆိုးကြောင့် ဈေးသည်တွေဟာ ဘုရားစောင်းတန်းကိုကျောခိုင်းလို့ ဘုရားပုရဝုဏ်ဝန်းကျင်က နေအိမ်အသီးသီးမှာနေထိုင်ရင်း ရွှေတိဂုံဘုရားကြီး ပြန်လည်ဖွင့်မယ့်ရက်ကို မျှော်လင့်နေကြရပါတယ်။ မျှော်နေသူတွေထဲမှာ အရှေ့ဘက်မုခ်စောင်းတန်းမှာ နိဗ္ဗာန်ကုန်ရောင်းချနေတဲ့ ဆာရာလည်း အပါအဝင်ဖြစ်ပါတယ်။

''ကျွန်မတို့က ဘုရားစောင်းတန်းက ဆိုင်လေးကိုပဲ မှီခိုပြီးစားရတဲ့အတွက် အခက် အခဲတော့ တော်တော်ဖြစ်ပါတယ်။ တိုက်ခန်းက သုံးလွှာမှာနေတဲ့အတွက်လည်း ဆိုင်ကပစ္စည်းတွေယူပြီး ဖွင့်ဖို့အခက်အခဲဖြစ်တယ်''လို့ ဆာရာက ပြောပါတယ်။

သူတို့မိသားစုရဲ့ ဆိုင်လေးဟာ ဘိုးဘေးလက်ထက် အရှေ့ဘက်စောင်းတန်းကြီး မပြုပြင်ခင်ကတည်းက လက်ဆင့်ကမ်း ဖွင့်လာတာဖြစ်ပြီး သူ့ဖခင်ဟာလည်း ရွှေတိဂုံ ဘုရားအရှေ့ဘက် စောင်းတန်းလေးမှာပဲမွေး၊ စောင်းတန်းလေးမှာပဲ ကြီးပြင်းခဲ့ပြီး နိဗ္ဗာန်ကုန်ဆိုင်လေးကို အသက် ၁၉ နှစ်အရွယ်ကတည်းက အမွေဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ခုတော့ သူ့ဖခင်ဟာ အသက် ၆ဝ အရွယ် ရောက်ပြီဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်မြတ် အရှေ့ဘက်စောင်းတန်းမှာ ဈေးဆိုင် ၁၅ဝ ဝန်းကျင်ရှိပြီး စောင်းတန်းလေးသွယ်က ဈေးဆိုင်ရှင် အတော်များများဟာ ဘုရားကြီးတစ်ဝိုက်က ရပ်ကွက်တွေမှာ နေထိုင်ကြပါတယ်။ တစ်နေ့ကို ရွှေတိဂုံစေတီတော်ကြီးကို လာရောက် ဖူးမျှော်သူတွေက ထောင်ချီရှိတာကြောင့် စောင်းတန်းက ဈေးသည် တွေရဲ့ဝင်ငွေလည်း ကောင်းမွန်ခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ တစ်ကမ္ဘာလုံးကူးစက်မှုမြန်ဆန်လာတဲ့ အချိန်ကစလို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ စောင်းတန်းလေးသွယ်က ဈေးသည်တွေဟာ အချိန်ပိုင်းသာ ရောင်းချနေရာကနေ ဧပြီလအစောပိုင်းမှာတော့ ဆိုင်တွေ ပိတ်လိုက်ကြရပါတယ်။

COVID-19 မတိုင်ခင်က ထုရိုက်သံများဖြင့်ညံစီခဲ့တဲ့ ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်းကပန်းပုတန်း။ ဓာတ်ပုံများ − အောင်ဌေးလှိုင်/မြန်မာတိုင်းမ်

''ကိုဗစ်မဖြစ်ခင်က တစ်နေ့ကို ပျမ်းမျှ ကျပ်ငါးသောင်းလောက်တော့ ဝင်တယ်။ ကိုဗစ်စဖြစ်တဲ့အချိန်မှာ အချိန်နဲ့ရောင်းရတဲ့အတွက် လုံးဝမရောင်းရတော့ဘူး။ တစ်နေ့တစ်နေ့ ဈေးဦးမပေါက်တဲ့ နေ့လည်းရှိတယ်။ တစ်ထောင်၊ နှစ်ထောင်နဲ့အိမ်ပြန်ရတဲ့ နေ့တွေလည်း ရှိပါတယ်။ အဲဒီတုန်းက မိသားစု နေလို့တော့ ရသေးတယ်''လို့ ဆာရာက ငြီးတွားလိုက်ပါတယ်။သူအပါအဝင် စောင်းတန်းမှာ ဆိုင်ဖွင့်ထားသူတချို့ဟာ ဘုရားပစ္စည်းတွေကို အွန်လိုင်းပေါ်မှာ ဓာတ်ပုံတင်ပြီး ရောင်းချနေပေမယ့် ထင်သလောက်တော့ အလုပ်မဖြစ်ကြပါဘူး။

''ဘုရားပစ္စည်းတွေက တွေ့မှကြိုက်မှ ဝယ်တာများကြပါတယ်။ ဘုရားပလလင် ဆိုရင်လည်း ဘုရားဉာဏ်တော်ကို ကြည့်ပြီး ဆုံးဖြတ်ရတယ်။ အွန်လိုင်းကနေ ကြည့်ပြီးဝယ်မယ်ဆို အိမ်မှာရှိတဲ့ ဘုရားရဲ့ဉာဏ်တော် ဘယ်လောက်ရှိသလဲဆိုတာ အိမ်ရှင်လည်း သိချင်မှသိတာပါ။ ဒါကြောင့် ဘုရားပစ္စည်းတွေက အွန်လိုင်းကနေ ရောင်းချရတာ ခက်တယ်''လို့ ဆာရာက ဆိုပါတယ်။

ဒါကြောင့် တတ်နိုင်သူတွေက ဗဟန်းနားတစ်ဝိုက်မှာ မြေညီထပ်တွေကို ငှားသူကငှား၊ ဝယ်နိုင်သူတွေက ဝယ်လိုက်ကြပြီးကိုယ်ပိုင်ဆိုင်ဖွင့်လာသူတွေလည်းရှိကြပါတယ်။ တချို့ကတော့ ဘုရားက ဆိုင်ခန်းတွေကိုပြန်အပ်ပြီး ဗဟန်းဈေးရုံနဲ့ ရေတာရှည်လမ်းထဲက ဆိုင်ခန်းတွေနားမှာကပ်ပြီး ဆိုင်ဖွင့်ကြပါတယ်။ခုတော့ ဆိုင်တွေပိတ်ထားရတာ လေးလနီးပါးလောက် ဖြစ်လာတဲ့အတွက် သူလို ဆိုင်ခန်းမငှားနိုင်သူတွေရဲ့ တောင့်ခံထားနိုင်တဲ့ရေချိန်ကလည်း အားလျော့လို့လာပါပြီ။

''အဖေက စောင်းတန်းမှာပဲမွေး၊ စောင်းတန်းမှာပဲ ကြီးတဲ့အတွက် အပြင်အလုပ်လုပ်ဖို့ ယုံကြည်မှုမရှိခဲ့ပါဘူး။ ဘုရားကြီးပြန်ဖွင့်ဖို့ပဲ စောင့်နေတာ။ ကျွန်မတို့က လူငယ်တွေ ဖြစ်တဲ့အတွက် အပြင်မှာ အလုပ်လုပ်နေလို့ရပေမယ့် မိဘတွေအတွက်ကျတော့ ဒီဆိုင်လေးပဲ ရှိတာပေါ့။ ဘုရားဖူးကိုပဲ မျှော်ရတယ်''လို့ သူက ဆိုပါတယ်။သြဂုတ်လကုန်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီး ပြန်ဖွင့်မယ်လို့ နိဗ္ဗာန်ကုန်ဆိုင်တွေက သတင်းသဲ့သဲ့ကြားနေပေမယ့် စေတီတော်ရဲ့ ဂေါပကအဖွဲ့ကိုတော့ သြဂုတ် ၁၇ ရက်ထိ အထက်က ညွှန်ကြားချက်တစ်ခုခုပေးတာမျိုး မရှိသေးဘူးလို့ ဂေါပကအဖွဲ့ဝင် တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ရွှေတိဂုံဘုရားမြောက်ဘက်က ပန်းပုတန်းလို့ လူသိများတဲ့မုန့်ဈေးတန်းလမ်းမှာ ပန်းပုဆိုင် ၄ဝ ကျော်ရှိပြီး အရှေ့ဘက်မုခ် က မုန့်ဈေးတန်းလမ်းမှာလည်း ပန်းပုဆိုင်ဖွင့်သူနဲ့ ပန်းပုထုလုပ်သူ ၁ဝဝ ဝန်းကျင်ခန့် ဘုရားကြီးကို အမှီပြုပြီး ဝမ်းစာရှာဖွေကြပါတယ်။ ပိတ်ထားရတဲ့ ဆိုင်တွေထဲမှာ ဒီဈေးတန်းနှစ်ခု လည်းပါဝင်ပါတယ်။

ခြေထောက်ကိုချိတ်ပြီး မာန်ပါပါထိုင်နေတဲ့ ဘိုးမင်းခေါင်နဲ့ဘိုးဘိုးအောင်ရုပ်တုတွေကို မျက်နှာစာမှာ ခင်းကျင်းရောင်းချ လေ့ရှိတဲ့ ပန်းပုဆိုင်တန်းတွေမှာ သစ်သားကို ဆောက်နဲ့ထွင်းထု ရိုက်လို့ထွက်ပေါ်လာတဲ့ 'တစ်တုတ်တုတ်' မြည်သံတွေ တိတ်ဆိတ်သွားခဲ့တာ သုံးလကျော်ကြာမြင့်ခဲ့ပြီလို့ ရက္ခပူရ-ဓညဝတီ မြန်မာ့လက်မှုပန်းပုနဲ့ မှန်စီရွှေချ နိဗ္ဗာန်ကုန်ဆိုင်က ကိုအောင်မင်းသိန်းက ပြောပါတယ်။

''ဆိုင်က ပိတ်ထားတာ သုံးလလောက်ရှိပါပြီ။ အိမ်မှာပဲ အော်ဒါ လေးတွေပဲ လုပ်ရတယ်။ ပန်းပုဆရာတွေလည်း အလုပ်မရှိကြတော့ ဝင်ငွေလည်း မရှိကြဘူး''လို့ သူက ပြောပါတယ်။ဟိုးတုန်းကတော့ ပန်းပုဆိုင်တွေမှာ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် စတဲ့ သာသနာပြုဘိုးတော်ရုပ်တုတွေကို လာအပ်သူတွေနဲ့ စည်ကားနေတတ်ပြီး ပျက်စီးသွားတဲ့ ဘုန်းတော်ကြီး ပုံတူပန်းပု၊ ဘုရားရုပ်ပွားတော်များကိုလည်း ပြင်ဆင်ပေးရတတ်ပါတယ်။

ပန်းပုဆိုင်တွေကို အမှီသဟဲပြုနေရတဲ့ ပန်းပုဆရာဦးရေ ရာကျော်ရှိပြီး လှိုင်သာယာ၊ သာကေတစတဲ့ မြို့နယ်တွေက လာကြတာဖြစ်ပါတယ်။ကလေးတွေနှစ်သက်တဲ့ ရောင်စုံစက္ကူရုပ်မျိုးစုံကို ပြုလုပ်ရောင်းချတဲ့ 'လမင်း' မျက်နှာဖုံးနဲ့ ကျေးလက်ရုပ်စုံလုပ်ငန်းကတော့ အလုပ်ရပ်နားထားပြီး အော်ဒါတွေကိုပဲအားပြုနေရပါတယ်။

'လမင်း' မျက်နှာဖုံးနဲ့ ကျေးလက်ရုပ်စုံလုပ်ငန်းက ဗဟန်း (၃) လမ်းထဲမှာရှိပြီး မြန်မာမှုစက္ကူရုပ်မျိုးစုံကို ပြုလုပ်နေတာ ၁၅ နှစ်ခန့် ကြာပြီဖြစ်ပါတယ်။ လက်ရှိမှာကိုဗစ်က ဆယ်စုနှစ်တစ်စုကျော် ဖြတ်သန်းခဲ့တဲ့လုပ်ငန်းကို ပြင်းပြင်းထန်ထန်ထိုးနှက်နေပါတယ်။

''အလုပ်တွေကတော့ နားထားရတာ သုံးလပိုင်းကတည်းကပါ။ အော်ဒါလေး အနည်းအကျဉ်းတော့ လုပ်နေရတယ်။ အခု အလုပ်ရပ်ထားတော့ ဝန်ထမ်းတွေကို လစာမပေးနိုင်ဘူး။ ကျွေးတော့ ကျွေးထားနိုင်ပါတယ်။ အရင်က ဝန်ထမ်း ၁၅ ယောက်မှာမှ ဒဏ်ခံနိုင်တဲ့သူက ငါးယောက်လောက်ပဲကျန်တယ်။ ကျန်တဲ့သူတွေက တော့ တခြားအလုပ်ပြောင်းလုပ်ကြတယ်''လို့ 'လမင်း' မျက်နှာဖုံး နဲ့ ကျေးလက်ရုပ်စုံလုပ်ငန်းက ဒေါ်သန်းသန်းနုက ပြောပါတယ်။




Some text some message..