
ဦးမန်းငွေဝင်း။ ဓာတ်ပုံ • ဖိုးဝ
ဘီလူးကျွန်းသားတစ်ဦးဖြစ်သည့် ဦးမန်းငွေဝင်းက ၇၁ နှစ်ဟူသည့်အသက်နှင့်မလိုက်အောင် သန်မာသောလက်များဖြင့် သူရည်ရွယ်သည့် ရုပ်သွင်တစ်ခုပုံပေါ်လာရေးအတွက် သစ်သားတုံး၏မလိုအပ်သည့်အစိတ်အပိုင်းများကိုထွင်းကာ ဖယ်ရှားလိုက်သည်။
နှစ် ၁၀ဝ ကျော် သက်တမ်းရှိပြီးဖြစ်သည့် ကုက္ကိုသားသစ်တုံးကြီးကို နာမည်ကျော် ရာမာယနဇာတ်တော်ထဲက ခေါင်းဆယ်လုံးရှိသည့်အချစ်ရှုံးသမားကြီး ဒဿဂီရိဘီလူးကြီး၏ ဦးခေါင်းပုံစံဆေးတံအဖြစ် ထုဆစ်နေခြင်းဖြစ်ပြီး ထိုဆေးတံမှာ ဘီလူးကျွန်း၏ဂုဏ်ကိုဆောင်သည့် ကမ္ဘာ့အကြီးဆုံး ဆေးတံဖြစ်လာမည့်အတွက်အထူးစိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
"အချစ်ရှုံးသမားကြီး ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးပုံ ဖြစ်ပါတယ်၊ ဘီလူးမျက်လုံးတိုင်းကနေအခိုးအငွေ့တွေ ထွက်နေမှာပါ၊ ပြီးရင် သူ့ရဲ့ ဒေါသတွေကို ပြွိုကလာစေဖို့ မီးတွေလည်း ဆင်မယ်" ဟု ဦးမန်းငွေဝင်းက သူ့စိတ်ကူးထဲတွင်ရှိသည့် ဒဿဂီရိဘီလူးဆေးတံအိုးပုံကို ပုံဖော်ပြီး ဆိုသည်။
ဒဿဂီရိဘီလူးဦးခေါင်းပုံ ဆေးတံအငယ်စားမှာ သူ၏ပြောင်မြောက်သည့်လက်ရာအဖြစ်အများကအသိအမှတ်ပြုကြပြီး ယင်းနှင့်ပုံစံတူ ကမ္ဘာ့အကြီးဆုံးဆေးတံတစ်ခု ပေါ်ထွန်းလာရေးအတွက်အစွမ်းကုန်အားထုတ်နေခြင်းဖြစ်သည်။
ဦးမန်းငွေဝင်းမှာ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာတွင် နေထိုင်သည့် (၅၅၅) ဆေးတံလုပ်ငန်းပိုင်ရှင်ဖြစ်ပြီး သူ၏ နှစ် ၇၀ ကျော် သက်တမ်းတစ်လျှောက်ပြုလုပ်ခဲ့သည့် လက်ရာမြောက်သည့်ဆေးတံများ ကြောင့် နာမည်ကျော်ကြားသူတစ်ဦးဖြစ်သည်။
ဒဿဂီရိဆေးတံအပြင် နိုင်ငံတကာတွင် နာမည်ကောင်း (သို့မဟုတ်) နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကမ္ဘာ့ခေါင်းဆောင်များ၏ မျက်နှာများကို ဆေးတံအိုးပေါ်တွင်အသွင်တူအောင် ထုလုပ်နိုင်သည့်အတွက် ကမ္ဘာ့လှည့်ခရီးသွားများ၏ စိတ်ဝင်စားမှုကို ရရှိလာခဲ့သူဖြစ်သည်။
ထိုသို့ထုဆစ်နိုင်ရန်အတွက် ကမ္ဘာ့ခေါင်းဆောင်များ၏မျက်နှာကို မျက်စိတွင် တွေးလိုက်တိုင်းပေါ်ရန် မှတ်သားကာအလွတ်သဘော ထုဆစ်နိုင်သည်အထိ နှစ်ပေါင်းများစွာအပင်ပန်းခံ ကြိုးစားအားထုတ်ခဲ့ ရကြောင်း သူက ဆိုသည်။
"ကမ္ဘာ့အကျော်ကြားဆုံး ပုဂ္ဂိုလ်တွေထဲမှာအိုင်းစတိုင်းမျက်နှာက ထုဆစ်ဖို့အခက်ဆုံးပဲ၊အင်မတန် လက်ဝင်တယ်" ဟု ဦးမန်းငွေဝင်းက သူ၏အတွေ့အကြုံကို မွန်သံဝဲဝဲဖြင့် ပြောသည်။ ကမ္ဘာ့ခေါင်းဆောင်များ၏ပုံစံတူဆေးတံများမှာ သူ၏ရောင်းအကောင်းဆုံး ဆေးတံများဖြစ်ပြီး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပုံတူဆေးတံများကတော့ ထုဆစ်သမျှ ရောင်းကုန်ကြောင်း သူက ဆိုသည်။
နိုင်ငံတကာက ထင်ရှားသောခေါင်းဆောင်များ၏ မျက်နှာပုံ
များ ထုလုပ်ထားသော ဆေးတံအိုးများအတွက် ပြည်ပအမှာစာ
များပင် ရရှိခဲ့သဖြင့် ဦးမန်းငွေဝင်းတို့အသက်ရှူချောင်လာခဲ့
ဆေးတံကို သက်တမ်းရင့်ပိတောက်သား၊ ပျဉ်းမသားနှင့်အခြား သက်တမ်းရင့်သစ်မာများဖြင့် ပြုလုပ်ပြီး ပုံမှန်အားဖြင့် ဆေးတံတစ်ခုကို ရက်ပိုင်းအနည်းငယ်အတွင်း ပြုလုပ်နိုင်ကြသည်။
"ဆေးတံအစ ဦးညွန့်က၊ ဆေးတံအစ ရွာလွတ်က" ဟူသည့် စကားပုံ ရှိသည့်အတိုင်း ထူးထွေဆန်းပြားသည့် ဆေးတံအမျိုးမျိုးကို ဦးမန်းငွေဝင်း၏အဘိုးဖြစ်သူ ဘီလူးကျွန်း၊ ရွာလွတ်ကျေးရွာသားတစ်ဦးဖြစ်သည့် ဦးညွန့်က ကိုလိုနီခေတ်တွင် Made in Ywar Lut တံဆိပ်ဖြင့် စတင် ထုဆစ်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်မှ ရွာလွတ်ကျေးရွာတစ်ရွာလုံးအိမ်ပေါက်စေ့ ဆေးတံလက်မှု လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
"အဘိုးကြောင့် ရွာလွတ်ရွာကနေ ဆေးတံရွာဆိုပြီးအမည်တွင်ခဲ့တာ လေ" ဟု ဦးမန်းငွေဝင်းက ဂုဏ်ယူစွာ ပြောသည်။
ဦးညွန့်သည် သစ်သားဆေးတံများ ပြုလုပ်ရန်အတွက် တောထဲက သစ်ဥသစ်ဖုများကို လိုက်လံရှာဖွေ၍အပွေးလှသောသစ်များကို ဆေးတံပုံစံသွင်းပြီး ကျွဲချိုကို လက်ဖောက်ဆူးဖြင့်အပေါက်ဖောက်ကာအရိုးတပ်ခြင်းဖြင့် ပထမဆုံး သစ်သားဆေးတံကို တီထွင်ခဲ့သည်။
ထိုသစ်သားဆေးတံကိုပင် ကိုလိုနီခေတ် မော်လမြိုင်မြို့ရှိ မိုင်ဒါကွင်းတွင် ပြုလုပ်သည့် မွန်ယဉ်ကျေးမှုနေ့တွင် သွားရောက်ပြသ ခဲ့ရာအင်္ဂလိပ်မင်းထံမှ ဂုဏ်ထူးဆောင်လက်မှတ်ကို ချီးမြှင့်ခြင်းခံခဲ့ ရပြီး နောင်တွင် ဆေးတံလုပ်ငန်း တွင်ကျယ်လာစေမည့်အကြောင်း တရားတစ်ခုဖြစ်ခဲ့ကြောင်း ဦးမန်းငွေဝင်းကအိမ်နံရံတွင် ချိတ်ဆွဲ ထားသည့်အဘိုးဖြစ်သူ၏ ပုံတူပန်းချီကားချပ်ကို ကြည့်ကာ ဆိုသည်။
ဦးညွန့်သည် သူတတ်မြောက်ထားသည့် ဆေးတံလက်မှုပညာ မတိမ်ကောစေရေးအတွက် တပည့်များစွာ လက်ဆင့်ကမ်း သင်ကြားပေးခဲ့ရာ သူ၏မြေးတစ်ဦးဖြစ်သူ ဦးမန်ငွေဝင်းလည်းအပါအဝင် ဖြစ်ခဲ့သည်။
ဦးမန်းငွေဝင်းသည် ခြောက်တန်းပညာသင်ယူပြီးနောက် ကျောင်းထွက်ကာ ဆေးတံလက်မှုပညာကို သူ၏အဘိုးဖြစ်သူထံတွင် ကျားကုတ်ကျားခဲ သင်ယူခဲ့သည်။
သင်ယူခါစကအခက်အခဲများစွာရှိခဲ့သော်လည်း နဂိုက လက်မှုပညာတွင် စိတ်ဝင်စားရင်းစွဲရှိသည့်အလျောက် ဆေးတံတစ်ခုကို ရက်အနည်းငယ်အတွင်း ပြုလုပ်လာနိုင်ခဲ့ကြောင်းသူက ပြောသည်။
သို့သော်လည်း မူးယစ်ဆေးဝါးပြဿနာများစွာနှင့် ရင်ဆိုင်နေရ သည့်ဒေသတွင် ဆေးတံလုပ်ငန်းလုပ်ကိုင်သည့်သူတစ်ယောက်အနေဖြင့် စိန်ခေါ်မှုများစွာကို ဦးမန်းငွေဝင်း ရင်ဆိုင်ခဲ့ရသည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေသည် ဟူသည့် ဆောင်ပုဒ်အရလည်း သူ၏လက်မှုဆေးတံထုတ်လုပ်နေခြင်းအပေါ်တွင်အများ၏ဝေဖန်မှုများ ရှိနေပြီး ဆေးတံလုပ်ငန်းလုပ်ကိုင် သည့် လုပ်ဖော်ကိုင်ဖက်အချို့ပင် ထိုသို့ဝေဖန်ခံရသဖြင့်အလုပ်ပြောင်းသွားကြရသည်။

ဒဿဂီရိဘီလူးခေါင်းဆေးတံအိုးကို ထုလုပ်နေသော ဦးမန်းငွေဝင်းကို စက်တင်ဘာလဆန်းပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ • ဖိုးဝ
ထိုသို့ဝေဖန်ခံရလျှင် သူ၏လုပ်ငန်းမှာ ဆေးလိပ်ပိုမိုသောက်သုံးရန်အားပေးသည့်လုပ်ငန်းမဟုတ်ဘဲ ဆေးလိပ်သောက်သုံးရန်အသုံးပြုသည့် ပစ္စည်းကို လက်မှုပညာအသုံးပြု၍အလှဆင်ကာအဖိုးအခ တစ်ခုယူပြီး ရောင်းချနေသည့် လုပ်ငန်းသာဖြစ်ကြောင်း ဝေဖန်သူ များကို ဦးမန်းငွေဝင်းက ရှင်းပြတတ်သည်။
"ဆေးလိပ်သောက်တဲ့လူက ဘယ်လိုတားတား သောက်နေတာပဲ၊ မသောက်တဲ့လူကလည်း ဘယ်လိုအားပေးအားပေး မသောက်ဘူး။ ဒီလက်မှုဆေးတံတွေကြောင့် ဆေးလိပ်သောက်သူဦးရေ မတိုးသွား သလို လျော့မသွားပါဘူး၊ လက်မှုဆေးတံတွေက ဆေးလိပ်သောက် ခြင်းအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုမရှိခဲ့ပါဘူး" ဟု ဦးမန်းငွေဝင်းက ဆိုသည်။
သံလွင်မြစ်ဝတွင် တည်ရှိသည့် ဘီလူးကျွန်းသို့လာရောက်ရန် တံတားတစ်စင်းမျှ မရှိခြင်းကြောင့် ကျွန်းပေါ်ရှိလက်မှုပစ္စည်းများကို လူသိနည်းခဲ့ပြီးအရောင်းအဝယ်ပါးခဲ့သဖြင့် လက်မှုလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် မလွယ်ကူခဲ့ပေ။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်းအစိုးရသစ်တက်လာပြီး ချိန်တွင် ရွာလွတ်ကျေးရွာ၏ဆေးတံလုပ်ငန်းမှာ ပြည်တွင်းခရီးသွားများအပြင် နိုင်ငံခြားသားခရီးသွားများ၏ စိတ်ဝင်တစားလည်ပတ်မှုများ ကြောင့် ပြောင်းလဲတိုးတက်လာခဲ့သည်။
ထို့အပြင် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်းကိုဆက်သွယ်သည့် တံတားတစ်စင်းကို စတင် တည်ဆောက်နေချိန်ဖြစ်သည့်အတွက် ဘီလူးကျွန်းရှိ လက်မှုလုပ်ငန်းများ တစ်ဖန်ထင်ရှားလာစေရန်၊ ရွာလွတ်ကျေးရွာကို လာရောက်လည်ပတ်သူ ပိုမိုများပြားလာစေရန် ဦးမန်းငွေဝင်းက သူတတ်ကျွမ်းသည့်ပညာရပ်ဖြင့် ရွာအတွက်အမှတ်အသားတစ်ခုပြုလုပ်ရန် စိတ်ကူးခဲ့သည်။ ၎င်းမှာအဘိုးဖြစ်သူ ဦးညွန့်၏Made in Ywar Lutအမှတ်တံဆိပ်ကို ကမ္ဘာသို့ထိုးဖောက်နိုင်မှုနှင့် ဆေးတံရွာကို ဂုဏ်ပြုမှုအဖြစ် ကမ္ဘာ့အကြီးဆုံးဆေးတံကိုပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလဆန်းတွင် ရွာလယ်၌ ထားရှိခဲ့ခြင်းဖြစ်သည်။
ထိုဆေးတံမှာအရွယ်အစားအားဖြင့်အမြင့် သုံးပေခွဲ၊ လုံးပတ် ခြောက်ပေနှင့်အရှည်ခြောက်ပေရှိကာ မွန်တို့အမှတ်တံဆိပ်ဖြစ်သည့် ဟင်္သာသုံးကောင်က ဆေးတံကို နံဘေးက ခြံရံထားသည့်ပုံစံမျိုးဖြင့် ရွာလယ်တွင် တည်ဆောက် ထားရှိသည်။
ထိုဆေးတံကို တပ်ဆင်ပြီးချိန်မှစ၍ ရွာလွတ်ကျေးရွာမှာ လူအများ၏စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားဖွင့်ခဲ့သည့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစတင်၍ ရွာလွတ်ကျေးရွာသို့ လာရောက်လည်ပတ်သူ များပြားခဲ့သလို ဆေးတံများကိုအမှတ်တရဝယ်ယူမှုများပင်မက နိုင်ငံတကာက ထင်ရှားသောခေါင်းဆောင်များ၏ မျက်နှာပုံများ ထုလုပ်ထားသော ဆေးတံအိုးများအတွက် ပြည်ပအမှာစာများပင် ရရှိခဲ့သဖြင့် ဦးမန်းငွေဝင်းတို့အသက်ရှူ ချောင်လာခဲ့သည်။
ဦးမန်းငွေဝင်းသည် လက်ရှိအချိန်တွင် ဆေးတံပုံစံလက်ရာအမျိုးမျိုးအပြင် သစ်သားအလှတုတ်ကောက်များ၊ သစ်သားဘောပင်များအပါအဝင် သစ်ဖြင့်ပြုလုပ်သော လက်မှုဒီဇိုင်းအမျိုးအစား ၅၀ ခန့် ထုတ်လုပ်ရောင်းချနေပြီ ဖြစ်သည်။
ဆေးတံများကို ပျမ်းမျှ မြန်မာငွေကျပ် သုံးသောင်းခွဲမှစကာ ရခိုင်နှင့် ထားဝယ်ဒေသသို့အများဆုံး တင်ပို့ရောင်းချနေပြီး ပြည်ပနိုင်ငံများတွင် ဆော်ဒီအာရေဗျ၊ ဥရောပနှင့်အာရှနိုင်ငံအချို့ကလည်းအများဆုံး ဝယ်ယူကြကြောင်း သိရသည်။
ထို့အပြင် ကျေးရွာအတွင်းရှိအခြားလက်မှုလုပ်ငန်းများဖြစ်သည့် ကျောက်သင်ပုံး၊ ဝါးခမောက်၊ သစ်သားတုတ်ကောက်နှင့် သစ်သားလက်မှုပစ္စည်းများအမျိုးမျိုးအပြင် ကျေးလက်အစားအစာများလည်း ရောင်းချလာနိုင်ပြီး ရွာ၏အသေးစားလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၁၈ ခုနှစ်တွင် မွန်ပြည်နယ်အစိုးရထံမှ တစ်ပြည်နယ်လုံးကိုယ်စားပြု စက်မှုလက်မှုထူးချွန်မှုဂုဏ်ထူးဆောင် ဆုကို ပထမဦးဆုံး ရရှိခဲ့လေသည်။
မွန်ပြည်နယ်အတွင်းရှိအသေးစားလက်မှုလုပ်ငန်းများအောင်မြင်စေရေးအတွက်SME ချေးငွေများထုတ်ချေးပေးရန်လည်း သတင်းကြားနေသောကြောင့် ဆေးတံလုပ်ငန်း ဦးမော့လာစေရေးအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီဖြစ်ကြောင်း သူက ဆိုသည်။
"ဝန်ကြီးချုပ်နဲ့ သုံးလေးခါ တွေ့ပြီးပြီ၊ သူက ချေးငွေတွေ ပေးမယ်လို့ပြောတယ်၊ သူတို့ပေးရင် လုပ်ငန်းတိုးချဲ့နိုင်ပြီ၊ ဆေးတံလည်း ဒီထက် ကမ္ဘာကျော်အောင် လုပ်လို့ရပြီ" ဟု ဦးမန်းငွေဝင်းက သူ၏စိတ်ကူးကိုပြောသည်။
ယခုလည်း ဘီလူးကျွန်းဂုဏ်ဆောင် ဦးခေါင်းဆယ်လုံးပါ ဒဿဂီရိ၏မျက်နှာပုံဖြင့် ယခင်ဆေးတံထက်ကြီးသည့် ကမ္ဘာ့အကြီးဆုံး ဘီလူးခေါင်းဆေးတံအိုးတစ်ခု ထားရှိနိုင်ရေး သူစီစဉ်နေပြီဖြစ်သည်။
ဘီလူးခေါင်းဆေးတံအိုးမှာအမြင့်အားဖြင့် လေးပေခွဲ၊ လုံးပတ် ခြောက်ပေခွဲနှင့်အရှည်ခြောက်ပေရှိမည်ဖြစ်ပြီး နောက်နှစ်မိုးမကျမီတွင် ရွာလွတ်ကျေးရွာ၌ ထားရှိနိုင်ရန် ဦးမန်းငွေဝင်းက မျှော်လင့်သည်။ သို့သော် သိန်း ၄၀ နီးပါး ကုန်ကျမည်ဟု ခန့်မှန်းထားသောကြောင့် ငွေကြေးအကျပ်အတည်း ကြုံတွေ့နေရကြောင်း သူက ဆိုသည်။
"အရင်ဆေးတံအိုးကတော့ ရန်ပုံငွေရတယ်၊အခုဟာကတော့ ကိုယ်ပဲ စိုက်ကုန်မလား ဘယ်လိုလာဦးမလဲ မသိသေးဘူး၊ ရွာက ဆရာတော်နဲ့လည်း တိုင်ပင်ကြည့်ရဦးမယ်" ဟု ဦးမန်းငွေဝင်းက ဆိုသည်။
သို့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် တဖြည်းဖြည်း ကျဆင်းခဲ့သော ဆေးတံလုပ်ငန်းသည် ယခင်အိမ်တိုင်းတွင်ကျယ်စွာလုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင်အိမ်ငါးအိမ်ခန့်သာ ကျန်ရှိတော့ပြီး ယင်းအရေအတွက်ကနေ လျော့ကျတော့မည်ကိုပင် စိုးရိမ်နေရကြောင်း ဦးမန်းငွေဝင်းက ပြောသည်။
ဦးမန်းငွေဝင်းက သူတတ်ကျွမ်းသည့် ပညာများကို လက်ဆင့်ကမ်း လိုသော်လည်းအခြေအနေအရ ရွာသူ၊ ရွာသားများက နေရာဒေသသစ်များသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်နေ ကြခြင်း၊ ရှိသည့်လူများကလည်း ဆေးတံပညာအပေါ်တွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊ ဘဝရပ်တည်ချက်ခိုင်မာပြီး ပို၍ဝင်ငွေကောင်းသည့်အလုပ်များကို သာလုပ်ကိုင်လိုကြခြင်းတို့ကြောင့် ဆေးတံပညာဆက်ခံမည့် မျိုးဆက်အလွန်ရှားပါးနေကြောင်း သူက ပြောသည်။
"ဆေးတံအစ ဦးညွန့်ကလို့ပြောခဲ့ပြီး ဆေးတံအဆုံး မန်းငွေဝင်းမှာ ဆိုတာမျိုး မဖြစ်ချင်ဘူး။ ဒါကြောင့် ပညာကို လက်ဆင့်ကမ်းချင် တယ်" ဟု ဦးမန်းငွေဝင်းက သူ၏အာသီသကို ထုတ်ပြောသည်။
ဆေးတံပန်းပုပညာမှာအမှန်တကယ်တတ်မြောက်လိုသူများအတွက်အချိန်များစွာယူရန်မလိုဘဲ တစ်နှစ်ခန့်ကြိုးကြိုးစားစားသင်ယူလျှင် တတ်မြောက်ဖို့အာမခံနိုင်ကြောင်းလည်း သူကဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ်Made In Ywar Lut ဆိုတဲ့အမှတ်တံဆိပ်က ဦးမရှိလည်း ကမ္ဘာမှာ ဆက်လက်ရှင်သန်စေရမယ်" ဟု ဦးမန်းငွေဝင်းက သူ၏ဆန္ဒကို ခပ်မာမာထုတ်ပြောလိုက်သည်။