သမိုင်းကိုပြောနေဦးမည့် ဘုရားကြီးက ရှေးဟောင်းအမွေ
mmtimes.com
|
2020-10-29



ရတနာပုံခေတ် ပန်းချီဆရာဦးကြီးနှင့်အဖွဲ့က ရေးဆွဲထားသည့် နံရံပန်းချီ။ ဓာတ်ပုံများ - ဦးမျိုးဝင်းနိုင်

သမိုင်းကိုပြောနေဦးမည့် ဘုရားကြီးက ရှေးဟောင်းအမွေ

မန္တလေး မဟာမုနိဘုရားကြီးရဲ့ ပိဋကတ်တိုက်ထဲက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ရှေးဟောင်း ပေစာ၊ ပုရပိုက်၊ ကမ္မဝါ၊ ပေထုပ်ကြိုးများ နဲ့ ဘုရားစောင်းတန်းက နံရံဆေးပန်းချီများကို ထိန်းသိမ်းမှတ်တမ်းတင်နေပါတယ်။ဒီလိုထိန်းသိမ်းမှုတွေကို ကိုဗစ်ကာလ မတိုင်ခင်ကတည်းက မဟာမုနိဘုရားဂေါပကအဖွဲ့က ပြုလုပ်နေကြတာပါ။

“ပေစာ၊ ပုရပိုက်တွေနဲ့ ကမ္မာဝါစာတွေက တန်ဖိုးရှိတယ်။ နံရံဆေးရေး ပန်းချီတွေလည်း တန်ဖိုးရှိတယ်။ အဲဒါတွေကို ပြန်လည် ထိန်းသိမ်းဖို့ စီစဉ်နေတာ ကြာပါပြီ။ သို့သော်လည်း ကိုဗစ်ကာလက ဘုရားဖူးတွေမရှိတော့ ဝန်ထမ်းတွေက နည်းနည်းအားလပ်တယ်။ စောင်းတန်းတွေက နံရံပန်းချီတွေ မှတ်တမ်းတင်တယ် ဆိုတာကလည်း ဖြတ်သွားဖြတ်လာ နည်းတဲ့အချိန်ဆိုတော့ ဒီကာလမှာ ကျွန်တော်တို့ အားသွန်ခွန်စိုက် လုပ်ဖြစ်တယ်” လို့ မဟာမုနိဘုရား ဂေါပက အဖွဲ့ဥက္ကဌ ဦးစိုးလင်းကပြောပါတယ်။

နံရံပန်းချီးများကို ဓာတ်ပုံမှတ်တမ်းတင်နေစဉ်။

မဟာမုနိဘုရားရဲ့ပြတိုက် (မြန်မာ့လက်မှုအနုပညာ၊ ဗုဒ္ဓဝင်ပြခန်း၊ ပဋိကတ်တိုက်ပြခန်း စတာတွေပါဝင်တဲ့ ပြတိုက်) မှာ ဝိနည်း၊ သုတ္ကံ၊ အဘိဓမ္မာ၊ သဒ္ဒါ၊ လောကနီတိ၊ သမိုင်း နဲ့ ဆေးကျမ်း စတာတွေပါတဲ့ ပေစာထုပ်ပေါင်း ၂၅၉၂ ထုပ်ရှိပြီး နှစ်သက်တမ်း ၁၀၀ ကျော်ရှိပြီလို့ မသူသူလှိုင် (ပြခန်းမှုး) ကပြောပါတယ်။

၃၁ ဘုံကို ပန်းချီရေးဆွဲထားသော ရှားပါးရောင်စုံ ပုရပိုက် အပါအဝင် ပုရပိုက် ၇၅ ထုပ်နဲ့ အင်းဝခေတ် ကမ္မဝါ၊ ရွှေရေးဖြင့် အလှဆင်ထားသော ကျမ်းဖုံးကမ္မဝါထုပ် နှင့် ဆင်စွယ် ကမ္မဝါအပါအဝင် ကမ္မဝါ ၁၉ ထုပ် ပါရှိပါတယ်။ ထိန်းသိမ်းတဲ့ထဲမှာ ရိုးရာရက်ကန်းထွက် လက်မှုပစ္စည်း တစ်ခုဖြစ်တဲ့ စာစည်းကြိုးခေါ် ပေထုပ်ကြိုးတွေလည်း ပါဝင်ပါတယ်။

ရဟန်းတွေအတွက် ပေစာတွေ လှုဒါန်းတဲ့အခါ အဲဒီပေစာတွေကို စည်းဖို့အတွက် အနုစိပ်လှပတဲ့ ပေထုပ်ကြိုး ခေါ် စာစည်းကြိုးကို ရက်လုပ်ကြပါတယ်။ ဒီလို စာစည်းကြိုး ရက်လုပ်တဲ့ပညာဟာ အခုအခါ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။

ရှေးဟောင်း ပေစာထုပ် ထိန်းသိမ်းထားပုံ။

မဟာမုနိဘုရားကြီးရဲ့ တောင်ဘက်နဲ့ အနောက်ဘက် စောင်းတန်းက ရတနာပုံခေတ် နံရံပန်းချီတွေကိုတော့ ဓာတ်ပုံမှတ်တမ်းတင်ခဲ့ပြီး မိုးမယိုပဲနဲ့ ပုံမပျက်အောင် ထိန်းသိမ်းထားတယ်လို့ ဦးစိုးလင်းက ပြောပါတယ်။ နံရံပန်းချီတွေကတော့ ၁၈၉၂ ခုနှစ်က မန္တလေး၊ ညောင်ပင်ဈေး အရပ်မှာနေတဲ့ ပန်းချီဆရာကြီး ဦးကြီးနဲ့ အဖွဲ့က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

မဟာမုနိဘုရားကြီး ပဋိကတ်တိုက်က ယဉ်ကျေးမှု အမွေအနှစ် ကြီးမားလှတဲ့ ပေစာ၊ ပုရပိုက် နဲ့ ကမ္မဝါတွေကို နောက်ဆုံး ထိန်းသိမ်းခဲ့တဲ့အချိန်နဲ့ လှုဒါန်းခဲ့တဲ့အလှုရှင် မှတ်တမ်းမှတ်ရာ မရှိခဲ့ဖူးလို့ ဦးစိုးလင်းက ပြောပါတယ်။ ထိန်းသိမ်းတဲ့နေရာမှာလည်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ အကြံပြုချက်အတိုင်း ထိန်းသိမ်းခဲ့ပါတယ်။

ရိုးရာရက်ကန်းထွက် လက်မှုပစ္စည်းတစ်ခုဖြစ်တဲ့ စာစည်းကြိုးခေါ် ပေထုပ်ကြိုး။

“ကျွန်တော်တို့ စပြီး တာဝန်ထမ်းဆောင်ကတည်းက ဒါတွေကို သတိထားမိတယ်။ ပေစာတွေက ကိုင်လိုက်လို့ရှိရင် ဆတ်ပြီး ကျိုးကျတယ်။ အဲဒါတွေကို သန့်ရှင်းရေး ပြန်လုပ်ပြီး စပါးလင်ဆီနဲ့ ပြန်သုတ်တယ်။ သုတ်ပြီး သန့်ရှင်းရေး ပြန်လုပ်ပြီး အခြောက်ခံပါတယ်။ စပါးလင်ဆီက ပျော့ပြီး စာရွက်များလို မူလအရည်အသွေး ပြန်ဖြစ်တာပေါ့။ ပြီးတော့ စာမျက်နှာပြန်ထပ်၊ အကြောင်းအရာတွေကို ကောက်ယူပြီး တိုက်ပိုင်နံပတ်သွင်းတယ်” လို့ သူကပြောပါတယ်။

၁၉၇၂ ခုနှစ်က ထုတ်ဝေတဲ့ 'The Journey of Myanmar Libraries' စာအုပ်မှာ ဒေါက်တာသန်းထွန်း ရေးသားချက်အရ ၁၈၈၅ ခုနှစ်တုန်းက မန္တလေးနန်းတော်ထဲကို ဗြိတိသျှ စစ်တပ်တွေ ဝင်ရောက်ပြီး ပေစာထုတ်နဲ့ ပုရပိုက်တွေ ထည့်သိမ်းထားတဲ့ သေတ္တာတွေထဲကို အဖိုးတန် ကျောက်သံတွေ တွေ့လိုတွေ့ငြား မွှေနှောက် ရှာဖွေခဲ့ပါတယ်။

စာအုပ်ထဲမှာ မျက်မျက်သက်သေများရဲ့ တွေ့ရှိချက်ကို ထည့်ရေးထားပြီး မျက်မြင်သက်သေတွေမြင်တာက အဲဒီလို မွှေနှောက်ရင်း ပေ၊ ပုရပိုက်တွေက ဟိုတစ ဒီတစ ပျံ့ကျဲသွားပြီး တော်တော်များများကို အမှိုက်လို မီးရှို့လိုက်ကြတယ်လို့ ရေးသားထားပါတယ်။

မန္တလေးနန်းတွင်းက မပျက်ဆီးပဲ ကျန်ရစ်ခဲ့တဲ့ ပေ ပုရပိုက် တွေဟာ ဘားနတ်စာကြည့်တိုက် (၁၉၅၂ ခုနှစ်တွင် အမျိုးသား စာကြည့်တိုက်အဖြစ် အမည်ပြောင်းလဲ)နဲ့ ထိုင်းဘုရင်ရဲ့ စုဆောင်းမှုနဲ့ လန်ဒန်မှာရှိတဲ့ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန်ရုံးက စာကြည့်တိုက်တွေဆီကို အသီးသီး ရောက်ရှိသွားပါတယ်။

မဟာမုနိဘုရား စောင်းတန်းရှိ နံရံပန်းချီလက်ရာတစ်ခု။

ကမ္မဝါတွေကို ကြေး၊ ဆင်စွယ်၊ သရိုးမကျဉ်းစေ့ အပြင် ကွယ်လွန်သွားသူတွေရဲ့ အရိုး နဲ့ သူတို့ ဝတ်ဆင်ခဲ့တဲ့ အဝတ်တွေနဲ့တောင် ပြုလုပ်ကြပြီး ဘုန်းတော်ကြီးများ ကမ္မဝါ ရွတ်ဖတ်ဖို့ လှုဒါန်းတဲ့ဓလေ့ရှိခဲ့ပါတယ်။ မန္တလေးမှာတော့ ကမ္မဝါ ပြုလုပ်သူတွေ ရှိနေကြပေမယ့် ရန်ကုန်မှာတော့ ထိုလက်မှု အတတ်ပညာ လုပ်တတ်သူ အနည်းငယ်သာ ကျန်တော့ပြီး အခုခေတ်မှာတော့ ဘုန်းတော်ကြီးတွေဟာ ပလတ်စတစ်လောင်းထားတဲ့ ကတ်ပြားတွေကိုသာ ရွတ်ဖတ်ဖို့ အသုံးပြုကြပါတော့တယ်။

“ပြင်ပမှာ ကျန်ရစ်နေတဲ့ ပေပုရပိုက်တွေဟာ ထိန်းသိမ်းမှု အားနည်းတာကြောင့် အလျင်အမြန် ပျောက်ဆုံးနေကြပါတယ်။ ရာသီဥတု နဲ့ အင်းဆက်တွေ ကိုက်ဖြတ်တာကြောင့်လည်း ပျက်ဆီးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ က ပေပုရပိုက်တွေဆို လုံးဝမကျန်တော့ သလောက်ပဲ” လို့ သမိုင်းပညာရှင် ဦးသော်ကောင်းက ပြောပါတယ်။ ဆရာကြီး ဦးသော်ကောင်းဟာ ရန်ကုန်စာကြည့်တိုက်နဲ့ တက္ကသိုလ်များ စာကြည့်တိုက်မှာ ပေပုရပိုက် ထိန်းသိမ်းတဲ့ အလုပ်ကို နှစ်ပေါင်း ၄၅ နှစ်ကြာအောင် လုပ်ကိုင်ခဲ့ပါတယ်။

သူတာဝန်ထမ်းဆောင်စဉ်က စာကြည့်တိုက်မှုးတွေ နဲ့ ပါဋိ ဘာသာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပေပုရပိုက်ထိန်းသိမ်းသူ တွေက မွန်ပြည်နယ်၊ သထုံ၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း ဒေသကြီးက ဘုန်းတော်ကြီးကျောင်းတွေမှာ ထိန်းသိမ်းတဲ့ အလုပ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။

ပေပုရပိုက်ထိန်းသိမ်းဖို့သွားတဲ့ ပုဂံခရီးစဉ်တစ်ခုမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ မိုးယိုနေတဲ့ ခေါင်မိုးအောက် တည့်တည့်က ကြမ်းပြင်ပေါ်မှာ ပေပုရပိုက်တွေကို ပစ်ထားတာ တွေ့လိုက်ရပါတယ်။ ဒါက ပေပုရပိုက်တွေကို ထိန်းသိမ်းရာမှာ ပိုမိုအားထုတ်ဖို့ လိုအပ်နေတာကို ပြသတာလည်း ဖြစ်တယ်လို့ သူကပြောပါတယ်။

“ဥပဒေအရ နှစ်သက်တမ်း ၁၀၀ ပြည့်ရင် ရှေးဟောင်းအရာဝတ္ထုပစ္စည်း လို့ သတ်မှတ်ပါတယ်။ ဒါက နှစ်၁၀၀ ကျော်က လုပ်ခဲ့တဲ့ ပစ္စည်းတွေ အရမ်းတန်ဖိုးရှိပါတယ်။ ခုခေတ်မှာ ဒါမျိုး လုပ်တတ်တဲ့ သူလည်း မရှိတော့ပါဘူး” လို့ ဦးမြင့်ဇော် (ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန မန္တလေး) က ပြောပါတယ်။




Some text some message..