မြသီလာသို့ အလွမ်းပြေ (၂)
mmtimes.com
|
2020-12-01



မြသီလာသို့ အလွမ်းပြေ (၂)


ယမန်နေ့မှအဆက်

ထိုသို့ ရွှေရတုပွဲ၌ နေ့ဘက်တွင် ပြခန်းများ၊ စာတမ်းဖတ်ပွဲများ၊ ဈေးရောင်းပွဲများသာမက ညဘက်တွင်လည်း ရွှေပွဲလာပရိသတ်များကို ပဒေသာကပွဲများ၊ အငြိမ့်ပွဲနှင့် ဂီတဖြေဖျော်ပွဲများ၊ ပြဇာတ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။ ပြည်လမ်း ဆေးတက္ကသိုလ်(၁) မြက်ခင်းပြင်၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဝိဇ္ဇာခန်းမဆောင် မြက်ခင်းပြင်နှင့် မန္တလေးကျောင်းဆောင်ရှေ့ မြက်ခင်းပြင်တို့တွင် ပဒေသာကပွဲနှင့် ပြဇာတ်များ၊ ပညာရေးတက္ကသိုလ် မြက်ခင်းပြင်တွင် အငြိမ့်ပွဲများ၊ စီးပွားရေးတက္ကသိုလ်မြက်ခင်းပြင်တွင် ဂီတဖြေဖျော်ပွဲများကို တင်ဆက်ဖြေဖျော်ခဲ့ကြသည်။

ဂီတပြိုင်ပွဲကိုလည်းကျင်းပရာ ဂီတပြိုင်ပွဲတွင် အမျိုးသားအဆို (ထောင်ရောင်နေ သီချင်း)၊ အမျိုးသမီးအဆို (ချစ်သမျှကို)၊စောင်း (ဆဒ္ဒန်အိုင်သာ)၊ မယ်ဒလင် (ခါနွေဆန်း)၊ တယော (သာဆန်းရဂုံဗွေ)၊ ဝါးပတ္တလား (ပန်းဟေဝန်) ကို သီဆိုတီးမှုတ်ယှဉ်ပြိုင်ကြသည်။ ရွှေရတု ဂီတအတီးပြိုင်ပွဲတွင် ပညာရေးတက္ကသိုလ်က ပတ္တလားပြိုင်ပွဲနှင့် စောင်းပြိုင်ပွဲတွင် ပထမစွဲသွားသည်။ တက္ကသိုလ်အသီးသီးက ကပြသော အငြိမ့်များမှာလည်း ပရိသတ်များကြိုက်နှစ်သက်ကြတာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက ကျောင်းသားကျောင်းသူများ၏ မွန်ရိုးရာ၊ ရခိုင်ရိုးရာ၊ ရှမ်းရိုးရာ၊ ကရင်ရိုးရာအကများမှာလည်း ပြိုင်ဆိုင်လှသည်။

နှစ်ပါးသွားသစ္စာထားအက၊ ထဘီနာ့ခတ်ယိမ်းအက၊ သုံးပန်လှအကတို့မှာ စည်းချက်ညီစွာက ပြိုင်နိုင်ကြသည်ကို တွေ့ရသည်။ ပြဇာတ်များတွင်လည်း 'ဝတ်လုံတော်ရ မောင်သောင်းဖေ' နှင့် 'အဓမ္မမင်္ဂလာ' ပြဇာတ်တို့မှာ တသောသောနှင့် ရယ်မောဖွယ်ပြဇာတ်များဖြစ်ကြသည်။

စာရေးသူ မိမိပါဝင်ဖြေဖျော်ရသည့် ဖြေဖျော်ရေးအဖွဲ့မှာ ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) ရွှေရတုအထိမ်းအမှတ် ဖြေဖျော်ပွဲစင်များတွင် လှည့်လည်၍ အဖွင့်သီချင်း သီဆိုရသည့်အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင် ၆ဝ ခန့်ရှိသည်။ ဘာသာစုံမှ ကျောင်းသားကျောင်းသူများ ပါဝင်ကြသည်။ သီချင်းသီဆိုသင်ကြားပေးသူမှာ မြန်မာစာဌာနက ဆရာဦးမြသိန်းဖြစ်သည်။

ဆရာသည် 'နံ့သာယပ်တောင် လက်ဆောင်ပါးမယ်' သီချင်းဖြင့် လူသိများထင်ရှားသည့် အဆိုတော် 'မြသိန်း' ဖြစ်သည်။ စင်ပေါ်တွင် အုပ်စုလိုက်သီဆိုရသည့် သီချင်းဖြစ်သည်။ သီချင်းကို ဦးသိန်းဖေမြင့် ရေးစပ်ပေးသည်ဟု ကြားသိရသည်။ သီချင်းအပြည့်အစုံကို မမှတ်မိတော့။ အစပိုဒ်ကိုသာ မှတ်မိတော့သည်။

'နှစ်ပေါင်း (၅ဝ) စေ့ရောက် ပြည့်မြောက်ခဲ့ခြင်းကို ဖော်ညွှန်းမော်ကွန်းတင် ပြည်သူတို့တက္ကသိုလ်ကျောင်း သောင်းသောင်းဖျဖျ ပွဲတော်ကိုဆင်ယင် ရှေ့ဆောင်လုပ်သားပြည်သူများအတွက် အောင်ပွဲရွှေရတုသည် ကျောင်းသားကျောင်းသူ လူငယ်တိုင်းအတွက် အောင်ပွဲရွှေရတုသဘင်'

အဆိုပါသီချင်းကို စာသင်ပြီးချိန် နေ့လယ်တွင် အပန်းဖြေရိပ်သာရှိ တက္ကသိုလ်အနုပညာအသင်းတွင် သီချင်းတိုက်ကြရသည်။ ထိုအချိန်က အပန်းဖြေရိပ်သာထဲတွင် ပြဇာတ်တိုက်သူ၊ အကတိုက်သူ၊ အငြိမ့်တိုက်သူ၊ သီချင်းတိုက်သူ စသူတို့ဖြင့် သီချင်းသံ၊ စန္ဒရားသံ၊ ပတ္တလားသံ၊ တယောသံ၊ ဗုံသံ၊ ဆိုင်းသံများဖြင့် ညံစီ၍ နေသည်။

ရွှေရတုပွဲမတိုင်မီ တစ်ရက်တွင် ဖြေဖျော်ရေးတွင် ပါဝင်သူအားလုံး အင်းလျားလေးစခန်းတွင် ဝတ်စုံပြည့် အစမ်းတင်ဆက် ကပြကြရသည်။ မိမိ နောက်ထပ်ဖြေဖျော်ရေးအဖွဲ့တွင် ပါဝင်သည့်အဖွဲ့မှာ ပြဇာတ်အဖွဲ့ဖြစ်သည်။ ပဒေသာကပွဲတွင် လူကြိုက်အများဆုံးပြဇာတ်မှာ ဆရာကြီးဒေါက်တာကျော်စိန်၏ ကိုလိုနီပညာရေးဆန့်ကျင်သည့် ပြဇာတ်ဖြစ်သော ၁၃ဝဝ ပြည့် အရေးတော်ပုံပြဇာတ်ဖြစ်သည်။ ဗိုလ်အောင်ကျော်အဖြစ် သရုပ်ဆောင်ရသူမှာ ကိုကျော်ဇေယျ ဖြစ်သည်။ ယခု ရှေ့နေကြီးနှင့် စာရေးဆရာကြီးဖြစ်ပြီး စာအုပ်များစွာ ရေးသားထုတ်ဝေနေသူ ဦးကျော်ဇေယျဖြစ်သည်။

မိမိက ကိုလိုနီပညာရေးကို ဆန့်ကျင်သည့်ဆန္ဒပြပွဲတွင် ပုလိပ်များရိုက်နှက်မှုကြောင့် လဲကျဒဏ်ရာရသူများတွင် တစ်ဦးအဖြစ် ပါဝင်ရသည်။ နောက်ပြဇာတ်မှာ 'မိမာယာ' ပြဇာတ်ဖြစ်သည်။ အဓိက သရုပ်ဆောင်ရသူမှာ မြန်မာစာဌာနက ကျောင်းသူ သန္တာခင်ဖြစ်သည်။ ဒါရိုက်တာ ဦးဆန်းလွင်ရိုက်ကူးသည့် 'မျက်နှာငယ်ရမှာက မောင့်ချစ်ဦး' ဇာတ်ကားတွင် သရုပ်ဆောင်မင်းသမီး ဖြစ်သည်။ မိမိမှတ်မိသည့်အခန်းမှာ မိမာယာကိုဖမ်းဆီးကာ နန်းတော်သို့ ခေါ်ဆောင်သွားရသည့် ဘုရင့်တပ်သားအဖြစ် သရုပ်ဆောင်ရခြင်း ဖြစ်သည်။

ဖြေဖျော်ရေးဇာတ်စင်များတွင် အဖွင့်သီချင်းကို အဦးဆုံးသီဆိုကြရ၍ မိမိတို့ အဖွင့်သီချင်းရေးအဖွဲ့ကို ဖြေဖျော်ရေးစင်များရှိရာသို့ ကားဖြင့်လိုက်ပို့ပေးသည်။ ကပွဲစင်ကြီးများက ရန်ကုန်တက္ကသိုလ်နယ်မြေအပြင် တခြားတက္ကသိုလ်များ၌လည်းရှိကြ၍ မိမိတို့အဖွဲ့သည် တစ်စင်ပြီးတစ်စင် လိုက်လံဆိုကြရသည်။

သို့သော် 'ဒီဇင်ဘာမိုး' ဟုခေါ်ဆိုရမည့် အခါမဲ့ဆောင်းတွင်းလက်ကျန် မိုးဖွဲဖွဲက ရွှေရတုအထိမ်းအမှတ်ပွဲ စတင်ခဲ့သည့် ဒီဇင်ဘာလ ၁ ရက်မှ ၂ ရက်အထိ ရွာနေသဖြင့် ညပိုင်း ဖြေဖျော်ရေးကပွဲများမှာ မကဖြစ်ဘဲ ရှိခဲ့သည်။ မိမိတို့အဖွင့်သီချင်းသီဆိုကြမည့်သူများ၊ က,ချင်၊ ကြည့်ချင်သူများသည် မိုးအတိတ်ကို စောင့်ကြသော်လည်း မိုးကားတိတ်မသွားပေ။ စက်ပစ္စည်းများ၊ တီးမှုတ်သည့် တူရိယာပစ္စည်းများမှာ ရေထိ၍မရပေ။ တာလပတ်များဖြင့် ဖုံးထားကြရသည်။

ဒီဇင်ဘာ ၃ ရက် ညကျမှ မိုးလေကင်းသွား၍ ဖြေဖျော်ပွဲများကို ပြုလုပ်နိုင်ခဲ့ကြသည်။ ပွဲကြည့်ပရိသတ်များမှာ မြက်ခင်းပြင်အပြည့် များပြားလှသည်။ မိမိသည် ရွှေရတုပွဲတော်ပွဲ ဖြေဖျော်ရေးစင်များတွင် သီချင်းလိုက်ဆိုလိုက်၊ ပြဇာတ်ကလိုက်၊ စိတ်ပညာအသင်းရန်ပုံငွေ မုန့်ဆိုင်တွင် မုန့်ကူရောင်း၊ စားပွဲထိုး၊ ပန်းကန်ဆေး၊ ဆိုင်သိမ်း၊ ဆိုင်စောင့်စသည်ဖြင့် လုပ်အားပေးနေရာ မောရပန်းရမှန်းမသိ ပျော်ရွှင်နေမိသည်။

ရန်ကုန်၌ ရာသီဥတုအခြေအနေမကောင်း၍ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်များက ကပြဖြေဖျော်နိုင်ခြင်း မရှိသော ပဒေသာကပွဲများ၊ အငြိမ့်ပွဲနှင့် ဂီတဖြေဖျော်ပွဲများအတွက် ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ်ကျင်းပရေးဗဟိုကော်မတီက ပွဲတော်ရက်ကို ဒီဇင်ဘာလ ၄ ရက်မှ ၅ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။ သို့သော် မော်လမြိုင်ကောလိပ်က စတင်၍ဖြစ်ပွားသော ကျောင်းသားလှုပ်ရှားမှုကြောင့် ဒီဇင်ဘာလ ၅ ရက်၊ နေ့လယ်တွက် ဆိုင်ခန်းများ၊ ပြခန်းများကို ချက်ချင်းသိမ်းခိုင်းကာပွဲကို ဖျက်လိုက်ရသည်။

မုန့်ဆိုင်၊ စားသောက်ဆိုင်များက ပိုနေသောမုန့်နှင့် စားဖွယ်ရာများကို လဲလှယ်စားကြသည်။ နောက်နေ့တွင် တက္ကသိုလ်နှင့် ကောလိပ်အားလုံး ပိတ်လိုက်ကြောင်း ကြေညာချက်ထွက်လာသည်။ ထိုအချိန်က ၁၉၇ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ပွဲကို ၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသားသပိတ်ဆိုသည့် တကယ့်အနှစ်သာရ သွတ်သွင်းသင့်သည်ဟုယူဆခဲ့ကြသည့် သမိုင်းအမှန်ကို လိုလားခဲ့ကြသည့် ကျောင်းသားအများအပြားက မကျေနပ်ခဲ့ကြပေ။

အဖွင့်မိန့်ခွန်း ပြောကြားသည့် ပညာရေးဝန်ကြီး၏ မိန့်ခွန်းတွင်လည်း လွတ်လပ်ရေးတိုက်ပွဲ၏ ရှေ့တော်ပြေးဖြစ်သည့် ၁၉၂ဝ ကာလ တက္ကသိုလ်တွင် ကျွန်ပညာရေးကိုဆန့်ကျင်ခဲ့သည့် အမျိုးသားပညာရေးကျောင်းသားသပိတ်ကြီး၏ အခန်းကဏ္ဍကိုလည်း အတိအကျဖော်ညွှန်းထားခြင်းမရှိဘဲ ဖုံးကွယ်ထားခဲ့ကာ ပညာရေးမှာ ကိုယ်လိုချင်သလို ပုံသွင်းလာသည့် ပညာရေးစနစ်နှင့် ယနေ့အထိ ကျောင်းသားများအတွက် သိပ္ပံနည်းကျ အမျိုးသားပညာရေး၊ ဒီမိုကရေစီပညာရေးစနစ်များ ရရှိခြင်း ရှိမလာသေးသည့်အချက်တို့ကို ဖုံးကွယ်ထားခဲ့သည်ဟု သမိုင်းအမှန်ကို လိုလားသည့် ကျောင်းသားအများအပြားသည် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အစုအဖွဲ့နှင့် ကိုယ်လက်ကမ်းစာများကို ကျောင်းသားထုထဲတွင်ဖြန့်ဝေကာ လှုံ့ဆော်မှုများပြုလုပ်လာကြသည်။

သို့သော် အစိုးရဘက်က ထောင့်စေ့အောင် အဆင့်ဆင့်ထိန်းချုပ်ထား၍ မကျေနပ်မှုများ ပေါက်ကွဲလောက်သည့်အခြေအနေ မရောက်ခဲ့ပေ။ ရန်ကုန်တက္ကသိုလ် ရွှေရတုကျောင်းသားလှုပ်ရှားမှုသည် ရန်ကုန်တက္ကသိုလ်အောက်မှာရှိသည့် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်ကောလိပ်များအထိ ကူးစက်ပျံ့နှံ့သွားသည်။ ရန်ကုန်တက္ကသိုလ်တွင် မပေါက်ကွဲခဲ့သည့် ရွှေရတုသဘင် ကျောင်းသားလှုပ်ရှားမှုသည် မော်လမြိုင်ကောလိပ်တွင် အကြီးအကျယ် ပေါက်ကွဲသွားခဲ့သည်။

မော်လမြိုင်ကောလိပ်ကျောင်းသားများ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင့် ပူးပေါင်းရန် မီးရထားဖြင့်လာရာ လမ်းခရီးတွင်ရပ်ခိုင်းကာ ကျောင်းသားများကို ဖမ်းဆီးလိုက်သည်။ ထိုညမှာပင် ရန်ကုန်တက္ကသိုလ်ကို ခေတ္တပိတ်လိုက်ကြောင်း ရေဒီယိုမှ ကြေညာခဲ့ခြင်းဖြစ်သည်။ ရွှေရတုပွဲကြီး ပြီးစီးသွားသော်လည်း မိမိမှာအနားမယူနိုင်သေး။ စာမေးပွဲကြီးက ကပ်နေသည်။ စာပြန်ကျက်ရဦးမည်ဖြစ်သည်။ ရွှေရတုပွဲအတွက် ကျောင်းပျက်ရက်များသဖြင့် စာများကို သူငယ်ချင်းများကကူးပေး၍ သူတို့ကို ကျေးဇူးတင်မိသည်။

ရွှေရတုသဘင်ပွဲ ဖြေဖျော်ရေးအဖွဲ့တွင်ပါဝင်ခဲ့သဖြင့် မိမိအား ရန်ကုန်တက္ကသိုလ် နှစ် (၅ဝ) ပြည့် ရွှေရတုအထိမ်းအမှတ် ကျင်းပရေးဗဟိုကော်မတီက ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါက်တာညီညီ လက်မှတ်ဖြင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် စိတ်ပညာအသင်းကလည်း အသင်းဥက္ကဋ္ဌ ဒေါက်တာကျော်စိန်လက်မှတ်ဖြင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့သည်။

၁၉၇၂ ခုနှစ်တွင် မိမိဘွဲ့ရ၍ ကျောင်းမှထွက်ခွာခဲ့ရသည်။ သို့သော် ကျောင်းကြီးနှင့် အဆက်မပြတ်ခဲ့။ မကြာခဏ ရောက်ရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ စတင်ဖွင့်ချိန်မှာတော့ မိမိတက္ကသိုလ်သို့ပြန်လည်ရောက်သွားခဲ့ရာ မိမိချစ်မြတ်နိုးသော မြသီလာရင်ခွင်တွင် တစ်ကျော့ပြန်လည် ခိုဝင်ကာ သုံးနှစ်သုံးမိုး ပညာရင်နို့သောက်စို့ပြီး ဒီပလိုမာဘွဲ့များ ရယူခဲ့သည်မှာ မကြာသေးပေ။

မိမိ၏ ဘဝတစ်သက်သာတွင် တစ်ကြိမ်သာဆင်နွှဲခွင့်ရရှိခဲ့သည့် ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ရွှေရတုသဘင်ပွဲ၊ တက္ကသိုလ် (၇၅) နှစ် စိန်ရတုပွဲ၊ စိတ်ပညာရှင် နှစ် (၅ဝ) ရွှေရတု အထိမ်းအမှတ်ပွဲတို့ကို မေ့၍ရနိုင်တော့မည်မဟုတ်ပါ။ တက္ကသိုလ်စိန်ရတုအထိမ်းအမှတ်ပွဲ၊ စိတ်ပညာ နှစ် (၅ဝ) ရွှေရတုပွဲတို့တွင် မိမိသည် ဝန်ထမ်းဘဝရောက်နေပြီးဖြစ်သည်။ သို့သော် ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဖြေဖျော်ရေးပွဲများတွင် တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ပေးခဲ့သည်။

'စိတ်ပညာရွှေရတုမဂ္ဂဇင်းကို အောင်မြင်စွာထုတ်ဝေနိုင်ခဲ့ကာ 'တစ်ခါတုန်းက တက္ကသိုလ်' ရန်ပုံငွေဂီတပွဲကြီးကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ယခုအခါ ရန်ကုန်တက္ကသိုလ် နှစ် (၁ဝဝ)ပြည့် အထိမ်းအမှတ်ပွဲကို ကျင်းပနေပြီဖြစ်ရာ မိမိသည် ဘဝတစ်သက်တာ၌ တက္ကသိုလ် ရွှေရတုပွဲ၊ စိန်ရတုပွဲနှင့် ရာပြည့်ပွဲ သုံးခုစလုံးကို ဆင်နွှဲခွင့်ကြုံခဲ့ရသူတစ်ဦးအဖြစ် ဂုဏ်ယူရပေမည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် အကြိုအဖြစ်လည်း ရန်ကုန်တက္ကသိုလ်နယ်မြေတွင် ကျင်းပခဲ့ရာ အချို့ပွဲများသို့ မိမိတက်ရောက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ၌ နှစ်(၁ဝဝ)ပြည့် အကြိုအဖြစ် တက္ကသိုလ်နှင့်ပတ်သက်သည့် သီချင်းသီဆိုပွဲသို့ မိမိတက်ရောက်ကာ သီချင်းသီဆိုခဲ့သည်။ အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့က တီးခတ်ပေးကာ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားဟောင်းများသာမက ဆရာကြီး၊ ဆရာမကြီးများပါ တက်ရောက် သီဆိုအားပေးကြသည်။ ပါမောက္ခချုပ်၊ ပါမောက္ခအချို့ တက်ရောက်ခဲ့ကြသည်။

တောင်ငူဆောင် မြန်မာစာဌာန၌ ကျင်းပသော ရန်ကုန်တက္ကသိုလ် ကလောင်အသင်း (၁၉၅၈-၆၂) အမှုဆောင်ဟောင်းများ စီစဉ်သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် 'အလွမ်းရိပ်လည်ပြန်' ကဗျာစာအုပ် မိတ်ဆက်ပွဲသို့လည်း တက်ရောက် အားပေးခဲ့သည်။ ကဗျာပေါင်းချုပ်စာအုပ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၉ဝ ကျော် ကဗျာများမှစ၍ ၂ဝ၁၇ ခုနှစ်အထိ ရေးဖွဲ့ခဲ့သော ရန်ကုန်တက္ကသိုလ်ပုံရိပ်များ ထင်ဟပ်သည့် ကဗျာများကို စုစည်းတင်ပြထားရာ မိမိရေးဖွဲ့ခဲ့သောကဗျာလည်း ပါဝင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂကသစ်ပုတ်ပင်ကြီးအောက်တွင် ကြီးမှူးကျင်းပသည့် ကဗျာရွတ်ပွဲသည်လည်း ထူးခြားသည့် ရာပြည့်ကြိုပွဲတစ်ခုဖြစ်သည်။ မိမိတို့ စိတ်ပညာအသင်းကလည်း စိတ်ပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်တက္ကသိုလ်နယ်မြေ သစ်ပုတ်ပင်အောက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ညစာစားပွဲတွင် ချိုပြုံး၊ မေဆွိ၊ စိန်ဝင်းထွန်း စသည့် နိုင်ငံကျော်အဆိုတော်များက ဖြေဖျော်ခဲ့ကြသည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့်အကြို မြန်မာနိုင်ငံ စိတ်ပညာအသင်းမဂ္ဂဇင်းကိုလည်း ယင်းနှစ် မတ်လတွင် အောင်မြင်စွာထုတ်ဝေနိုင်ခဲ့သည်။ မိမိလည်း ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အကြိုအထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ရန်ကုန်တက္ကသိုလ်နယ်မြေသို့ မကြာခဏရောက်ရှိလေရာ လွန်ခဲ့သောနှစ် (၅ဝ)က မြကျွန်းညိုညိုတက္ကသိုလ်တွင် ကျင်လည်ပျော်ရွှင်ခဲ့ရသည်များကို ပြန်လည် ရင်ခုန်ခံစားရသည်။

မိမိသည် တတိယအရွယ်ကိုပင် ကျော်လွန်ရောက်ရှိနေပြီ ဖြစ်သော်လည်း နှလုံးမွေ့လျော်ဖွယ် တက္ကသိုလ်ဝင်းအတွင်း ရောက်ရှိသည်နှင့် မိမိသည် ငယ်စိတ်ငယ်သွေးတွေဝင်ကာ ငယ်ဘဝအရွယ်သို့ ရောက်ရှိသွားသည်ဟု ထင်မှတ်မှားနေမိသည်။ လွန်ခဲ့သော နှစ်(၅ဝ)က မြသီလာရင်ခွင်၌ ပျော်ရွှင်စွာ ပညာရင်နို့ သောက်စို့ခဲ့သည်ကို သတိရ လွမ်းဆွတ်နေမိသည်။

ရန်ကုန်တက္ကသိုလ် နှစ်(၅ဝ)ပြည့် ရွှေရတုပွဲ ကျင်းပခဲ့သည့် လသည် ဒီဇင်ဘာလဖြစ်၍ နှစ် (၁ဝဝ)ပြည့် အခမ်းအနားကိုလည်း ဒီဇင်ဘာလ ၁ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယင်းအချိန်သည် တက္ကသိုလ်၏ အလှဆုံး ရာသီကာလပင်ဖြစ်သည်။ မြက်ခင်းစိမ်းနုနုပေါ်တွင် နှင်းပွင့်နှင်းစက်ကလေးများ ခိုမှီနေကြကာ နံနက်ခင်းနေခြည်ကြောင့် အရောင်လဲ့နေကြသည်ကို မြင်တွေ့ရသည်မှာ ကြည်နူးဖွယ် ကောင်းလှသည်။ သို့သော် ယခု မြက်ခင်းစိမ်းပေါ်က နှင်းစက်များကား ရှိနိုင်တော့မည် မဟုတ်တော့။

ထို့အတူ ရာမညဆောင်ထောင့်က လှမ်းမျှော်ကြည့်လျှင် တွေ့ရသည့် ငှက်ပျောပင်အုပ်ကြားက ဦးချစ်လက်ဖက်ရည်ဆိုင်သည်ပင် မရှိတော့။ ပြောင်းလဲသွားကုန်ပြီ။ နှစ်ကာလတွေ ကြာညောင်းသွားသော်လည်း မြကျွန်းညိုညိုတက္ကသိုလ်၏ ဂုဏ်သရေကို ဆောင်နေကြသည့် ဘွဲ့နှင်းသဘင် အဆောက်အအုံ၊ အဓိပတိလမ်း၊ သစ်ပုတ်ပင်၊ ဂျပ်ဆင်မျှော်ခင်း၊ တက္ကသိုလ်စာကြည့်တိုက်၊ ပုဂံလမ်း၊ စစ်ကိုင်းလမ်း၊ ရေတမာပင်တန်း၊ ကံ့ကော်တောအုပ်၊ အင်းလျား၊ သီရိဆောင်၊ ရတနာဆောင်၊ မာလာဆောင်၊ ပဲခူးဆောင်၊ အင်းဝဆောင်၊ ပင်းယဆောင်၊ မန္တလေးဆောင်၊ အမရဆောင်၊ ရာမညဆောင်၊ တောင်ငူဆောင် စသည့်အဆောင်များသည်ကား ဘာမျှပြောင်းလဲသွားခြင်းမရှိပေ။ မြသီလာ၏ အလှဂုဏ်ကို ဆောင်နေဆဲပင်ဖြစ်သည်။

နှစ်(၅ဝ) မှ နှစ်(၁ဝဝ)ပြည့်သည် စိတ်ထဲတွင် သိပ်မကြာလိုက်ဟု ထင်ရသည်။ သို့သော် ဆယ်စုနှစ် ငါးကြိမ်တိုင်ခဲ့ပေပြီ။ နှစ်(၅ဝ)ပင် ကြာခဲ့သော်လည်း မနေ့ကကဲ့သို့ပင် ထင်မှတ်နေမိသည်။ ဆရာကြီး၊ ဆရာမကြီးများ၊ သူငယ်ချင်းများကို အထူးသတိရနေမိသည်။ ဆရာကြီး၊ ဆရာမကြီး အတော်များများပင် မရှိကြတော့။ မိမိသူငယ်ချင်းတချို့ပင် ကွယ်လွန်သွားကြပြီဖြစ်သည်။

မကျန်းမာသည့်ကြားက မိမိတို့ နောက်ဆုံးနှစ် ကျောင်းသားများကို 'စိတ်ပညာဂိုဏ်းကွဲများ' School of Psychology ဘာသာရပ် သင်ကြားပို့ချခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ကောလိပ်ဂျင်နေဝင်းကို တက္ကသိုလ်ဘောလုံးသမားဘဝကတည်းက ပြုစုစောင့်ရှောက်ခဲ့သော ဆရာကြီး ဒေါက်တာလှသွင်၊ အဝတ်အစား စမတ်ကျကာ အသင်ပြကောင်း၊ အဟောအပြောကောင်း၊ စာအရေးအသားကောင်းသည့် ဝတ်လုံတော်ရ မောင်သောင်းဖေပြဇာတ်တွင် မောင်သောင်းဖေအဖြစ် သရုပ်ဆောင်ကောင်းသော ကွယ်လွန်သွားကြပြီဖြစ်သည့် ဆရာကြီးဒေါက်တာကျော်စိန်နှင့် မောင်သောင်းဖေ၏ဖခင် ဦးရာကျော်အဖြစ် သရုပ်ဆောင်ခဲ့သည့် ဥပဒေဌာနက ဆရာကြီးဦးကိုယု၊ မောင်သောင်းဖေ၏ မိခင်အဖြစ် သမိုင်းဌာနက ဆရာမကြီးဒေါ်သိန်းဟန်၊ ကျောင်းပိတ်၍ အိမ်ပြန်လျှင် လမ်းစရိတ်မရှိ၍ တပည့်တွေကို လမ်းစရိတ်ထုတ်ပေးရသည့်ဒဏ်ခံရသည့် ဆရာဦးတင်ထွန်း၊ စိတ်ပညာစမ်းသပ်ခန်း Lab ထဲတွင် 'စေ့ဆော်မှု၊ တုံ့ပြန်မှု' စမ်းသပ်မှု၌ အစာငတ်ခံထားသည့် ကြွက်ဖြူကလေးကိုကြည့်ပြီး သနား၍ငိုမဲ့မဲ့ဖြစ်သူ ခင်မေညွှန့်၊ ကားကို ကိုယ်တိုင်မောင်းကာ ကျောင်းလာတက်ပြီး သူ့ကားပျက်လျှင် မကြာခဏလိုက်လံတွန်းပေးရသည့် ကိုယ်ခန္ဓာနွဲ့နွဲ့နှင့် မာလာနွယ်၊ သူချစ်သည့် အတန်းဖော်ကောင်မလေးကို တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက်ချစ်ခဲ့သော်လည်း ကံခေမွဲ၍လွဲခဲ့ရသည့် စာရူးပေရူး ကိုဝင်းသောင်ကြီး၊ မဟာတန်း Master မှန်းပြီး ကျောင်းတက်မပျက် စာတွေတအားကျက် ကြိုးစားသော်လည်း စာမေးပွဲကျင်းပချိန်တွင် နေမကောင်း၍ တက္ကသိုလ်ဆေးရုံတက်ရကာ မာစတာတန်းနှင့် လွဲခံရသည့် ကိုညွန့်လှိုင်၊ စိတ်ပညာမောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် လူပြက်ကလေး မောင်ရွှေရိုးအဖြစ် အကကောင်း၍ တဝါးဝါးဖြင့် လက်ခုပ်သြဘာပေးခြင်း ခံရသော်လည်း ငှားလာသည့် တောင်ရှည်ပုဆိုး စုတ်သွား၍ လျော်ကြေးပေးလိုက်ရသည့် အရှည်ကြီး ဦးအောင်သန်း၊ မနက်ကျောင်းတက်လျှင် သူ့ချစ်ရသူကိုပေးဖို့ ညဘက် ဖယောင်းတိုင်ကို နို့ဆီခွက်ထဲထွန်းပြီး ကံ့ကော်ပင်တက်ကာ ကံ့ကော်ပန်းခူးပြီး ပန်းပေးသည့် ပန်းတော်ဆက် ကိုအောင်ဆွေ၊ ညပိုင်းတွင် မိန်းကလေးဆောင်များသို့ မယ်ဒလင်တစ်လက်ဖြင့် သီချင်းလိုက်ဆိုရာမှ 'လာမဆိုပါနှင့်'ဟု အဆောင်သူတွေ သြဘာပေးခြင်းခံရသည့် ကိုစိန်မြအောင်၊ စာတော်ပြီး တက္ကသိုလ်လူရည်ချွန်အဖြစ် ရွေးချယ်ခံရကာ တပ်ထဲဝင်သွားပြီးနောက် တိုက်ပွဲမှာကျဆုံးသွားစဉ်က သူ့ချစ်သူ တရုတ်မလေးက ဒဂုံဆောင်အဆောင်မှူးဦးလှကြည်၏ အခန်းတွင် ဆွမ်းသွတ်ပေးခဲ့ရသည့် ကိုလှမောင်၊ မြန်မာစာဌာနက သူ့ချစ်သူ မဂိုကပြားမလေးက နောက်ဆုံးနှစ်မှာ ဘာသာမတူ၊ မချစ်နိုင်တော့ဟုပြောလိုက်၍ အသည်းတွေကျွမ်းပြန်ကာ ဒဂုံဆောင်ကော်ရစ်ဒါပေါ်ကနေပြီး ချစ်ဒုက္ခဦးဘညွန့်၏ 'ချစ်ဒုက္ခ' သီချင်းကို အဆောင်သားတွေ နားငြီးလောက်အောင် တယောတစ်လက်နှင့် ချွဲနွဲ့ခဲ့သည့် ကိုစောနိုင်ကြီး၊ စကားပြောရာတွင် ထစ်ငေါ့မပီသသော်လည်း သီချင်းဆိုရာတွင် အသံမထစ်ငေါ့ အဆိုကောင်းသည့် ရေချိုးခန်းအဆိုတော် ကိုကျော်ထူး၊ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေအပေါင်းအသင်းဘဝမှ စိတ်အနေပြောင်းပြီး ချစ်သွားကြကာ ရွှေရတုပွဲနောက်ဆုံးညတွင် ညားသွားကြသည့် ကိုပိုက်စိုးနှင့် မမြင့်နွယ်တို့ စုံတွဲမောင်နှံ စသဖြင့် သူတို့... သူတို့ အားလုံးကို အထူးသတိရနေမိသည်။

မကြာမီ သမိုင်းကြောင်း အစဉ်အလာကြီးမားပြီး လေးစားဂုဏ်ယူ ပျော်ရွှင်ကြည်နူးမြတ်နိုးဖွယ်ရာ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသော ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ပွဲကို ကျင်းပပြုလုပ်တော့မည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်သည် မြန်မာတစ်မျိုးသားလုံးနှင့် ပညာရေးလောကတစ်ခုလုံးနှင့်သက်ဆိုင်သော အထိမ်းအမှတ်အခမ်းအနားဖြစ်၍ ရာပြည့်သဘင်ကြီး ခမ်းခမ်းနားနား ထည်ထည်ဝါဝါ အောင်မြင်စွာကျင်းပနိုင်ရန် ဆရာ၊ ဆရာမများ၊ မိမိတို့ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူအားလုံး COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ အမျိုးသားရေးအသိဖြင့် တက်တက်ကြွကြွပါဝင်ကာ အမိရန်ကုန်တက္ကသိုလ်၏ဂုဏ်ကို မြှင့်တင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။ ။




Some text some message..